Main menu

Background

Intelligent lockdown ပုံစံဆောင်ရွက်ခဲ့မှုကြောင့် နယ်သာလန်နိုင်ငံ၏ စီးပွားရေးအခြားဥရောပနိုင်ငံများထက် သာလွန်ခဲ့

Fri, 10/23/2020 - 10:43 -- journal_editor

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်း၏ ပထမလှိုင်းအတွင်း နယ်သာလန်နိုင်ငံ၏ စီးပွားရေးမှာ မကြုံစဖူးထိခိုက်မှုရှိခဲ့သော်လည်း အခြားသောဥရောပနိုင်ငံများထက် စီးပွားရေးပိုမို ကောင်းမွန်နေဆဲဖြစ်သည်ဟု နယ်သာလန်စာရင်းအင်းဌာနအရ သိရသည်။ နယ်သာလန်နိုင်ငံ အနေဖြင့် စီးပွားရေးကျဆင်းမှုတွင် အခြားဥရောပနိုင်ငံများထက် သာလွန်နေဆဲဖြစ်သည့် အကြောင်း ရင်းမှာ အခြားနိုင်ငံများကဲ့သို့ ပိုမိုတင်းကျပ်သော အသွားအလာကန့်သတ်မှု (lockdowns) များဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ ငြင်သာသည့်ကန့်သတ်မှု (intelligent lockdown) ပုံစံဖြင့် စီးပွားရေးကဏ္ဍ များကို အခြားနိုင်ငံများထက် ပိုမိုဖွင့်လှစ်ခွင့်ပြုထားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

            ၂၀၂၀ ပြည့်နှစ်၏ ဒုတိယသုံးလပတ်တွင် နယ်သာလန်၏ စီးပွားရေးသည် ယခင်သုံးလပတ် နှင့်နှိုင်းယှဉ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ၎င်းနိုင်ငံ၏ သမိုင်းတစ်လျှောက် စီးပွားရေးကျဆင်းမှု အများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့သော်လည်း အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်မှု ပိုမိုသာလွန် နေခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံသည် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် ၁၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် ပြင်သစ်နိုင်ငံသည် ၁၃ ဒသမ ၈ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြသည်။ စပိန်နိုင်ငံသည် စီးပွားရေးထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး၊ ၁၇ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ကာ ဖင်လန်နိုင်ငံ၏ စီးပွားရေးမှာမူ ၄ ဒသမ ၄ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ကြောင်းသိရသည်။

            ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းရသည့် အဓိကအကြောင်းအရင်းတစ်ရပ်မှာ အသွား အလာကန့်သတ်မှု (lockdowns) များချမှတ်ထားစဉ်ကာလအတွင်း အိမ်ထောင်စုများ၏ သုံးစွဲမှု ကျဆင်းခဲ့၍ဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံအနေဖြင့် ဒုတိယသုံးလပတ်ကာလတွင် အိမ်ထောင်စု များ၏သုံးစွဲမှုသည် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁၀ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဂျာမနီ နိုင်ငံသည် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံသည် ၁၂ ရာခိုင်နှုန်း၊ စပိန်နိုင်ငံ၌ ၂၃ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြင့် အိမ်ထောင်စုများ၏ သုံးစွဲမှုအပိုင်းတွင် အသီးသီးကျဆင်းခဲ့ကြခြင်းဖြစ်သည်။ ဖင်လန်နိုင်ငံ၏ အိမ်ထောင်စုများသုံးစွဲမှုသည် ၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အနည်ဆုံးကျဆင်းခဲ့သည်။

            အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နယ်သာလန်နိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှုအပိုင်းတွင် လည်း ပိုမိုကောင်းမွန်မှုရှိခဲ့သည်ဟုဆိုသည်။ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ၌ နယ်သာလန်နိုင်ငံရှိ လုပ်သားအင်အား၏ ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံ၏ အလုပ် လက်မဲ့ဖြစ်မှု ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းထားဖြစ်သည့် ၁၆ ဒသမ ၂ ရာခိုင်နှုန်းတို့ထက် လျော့နည်းခဲ့သည်။ ဂျာမနီနိုင်ငံ၏ သြဂုတ်လ အလုပ်လက်မဲ့နှုန်းထားမှာမူ ၄ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး၊ ချက်သမ္မတ နိုင်ငံသည် ၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဥရောပနိုင်ငံများအနက် အနိမ့်ဆုံးနှုန်းထားဖြစ်ခဲ့သည်။ နယ်သာလန်နိုင်ငံ၊ စာရင်းအင်းဌာန၏အဆိုအရ နိုင်ငံတကာ၌ လူငယ်အလုပ်လက်မဲ့နှုန်းထား မြင့်တက်လာမှုကို စိုးရိမ်ပူပန်လျက်ရှိနေကြပြီး၊ နယ်သာလန်နိုင်ငံ၏ သြဂုတ်လအတွင်း လူငယ် အလုပ်လက်မဲ့နှုန်းသည် ၁၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံတွင်မူ အဆိုပါနှုန်းထားမှာ ၄၃ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း သိရသည်။

ရင်းမြစ် - (နယ်သာလန်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့