Main menu

Background

ဂျပန်နိုင်ငံ၏ အောက်တိုဘာလအတွင်း ပို့ကုန်တင်ပို့မှု ပြန်လည်မြင့်တက်လာခဲ့

Thu, 11/19/2020 - 15:40 -- journal_editor

ဂျပန်နိုင်ငံ၏ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းပို့ကုန်တင်ပို့မှုသည် ပြန်လည်မြင့်တက်လာရာ ကိုရိုနာကပ်ရောဂါမဖြစ်ပွားမီအချိန်က မြင့်တက်ခဲ့သည့် ပမာဏနီးပါးအထိ တိုးတက်လာကြောင်း၊ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာသည့်နှင့်အညီ တစ်ကမ္ဘာလုံးမှ လိုအပ်ချက်ဖြစ်သည့် မော်တော်ကားတင်ပို့မှုကဏ္ဍ မြင့်တက်ခဲ့ခြင်းကလည်း အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဂျပန်အစိုးရက နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ဘဏ္ဍာနှစ်အစတွင် ပို့ကုန်ကဏ္ဍတွင် ၀.၂ %၊ တန်ဖိုးအားဖြင့်  ယန်း ၆.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံ) ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံများသို့ အော်တိုကားများတင်ပို့မှုများ သိသိသာသာပြန်လည်မြင့်တက်လာခဲ့ပြီး ဒီဇယ်ကားများနှင့် ကုန်တင်ကားများ တင်ပို့မှုမှာ ထိုင်းမှိုင်းဆဲဖြစ်ကြောင်းကို ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သွင်းကုန်ပိုင်းအနေဖြင့် ၁၃. ၃ % ကျဆင်းခဲ့ပြီးတန်ဖိုးအားဖြင့် ယန်း ၅.၆၉ ထရီလီယံရှိပါကြောင်း၊ အဆိုပါကျဆင်းမှုသည် ၁၈ လဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့်အခြားနိုင်ငံများမှ ရေနံစိမ်းစျေးနှုန်းများ ကျဆင်းနေမှုသည် အဓိက အကြောင်းအရင်းဖြစ်ပါကြောင်း၊ သို့သော် ယခင် စက်တင်ဘာလအတွင်းက ကျဆင်းခဲ့မှု ၁၇.၄ % နှင့်နှိုင်းယှဉ်ပါက ကျဆင်းမှုပမာဏ လျော့ကျလာကြောင်း တွေ့ရသည်။

ကုန်စည်ကုန်သွယ်မှုသည် စက်တင်ဘာလအတွင်း ယန်း ၆၈၇.၈၄ ဘီလီယံရှိခဲ့ပြီး အောက်တိုဘာလအတွင်း ယန်း ၈၇၂.၉၀ ဘီလီယံအထိ မြင့်တက်လာခဲ့ပါကြောင်း၊ ကုန်ပစ္စည်းအမယ်အားဖြင့် စက်တင်ဘာတွင် မော်တော်ကားတင်ပို့မှု ၃ % မြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် ၀.၄% မြင့်တက်လာသည်ကို တွေ့ရပါကြောင်း၊ ထိုပမာဏသည် ၂၀၁၉ ဘဏ္ဍာနှစ်၊ ဇူလိုင်လအတွင်း ၀.၅% ကျဆင်းခဲ့ပြီး ပြန်လည်တိုးတက်လာမှုဖြစ်ပါကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အများဆုံးတင်ပို့နေသည့် နိုင်ငံအားဖြင့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ၁၀.၂ % ၊ တန်ဖိုးအားဖြင့် ယန်း ၁.၄၆ ထရီလီယံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှု ၂.၅% နှင့် တန်ဖိုးအားဖြင့် ယန်း ၁.၃၀ ထရီလီယံ စသည်ဖြင့် အသီးသီးမြင့်တက်လာသည်ကို တွေ့ရပါသည်။အာရှတိုက်သို့ပို့ကုန်တင်ပို့မှုသည် ၄.၄ %  မြင့်တက်ခဲ့ကာ တန်ဖိုးအားဖြင့် ယန်း ၃.၆၉ ထရီလီယံရှိပါကြောင်း၊ သွင်းကုန်အနေဖြင့် ၆.၉ % ကျဆင်းခဲ့ကာ တန်ဖိုးအားဖြင့် ယန်း ၃.၀၁ ထရီလီယံ ရှိပါကြောင်း၊ ဥရောပသမဂ္ဂသို့ တင်ပို့မှုများမှာ ၂.၆ % ကျဆင်းခဲ့ပြီး တန်ဖိုးအနေဖြင့် ၅၉၉.၂၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။

လက်ရှိတိုးတက်မှုများအရ ဂျပန်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းနေကြမှုများနှင့်အညီ ပြန်လည်မြင့်တက်လာခြင်းဟု သုံးသပ်ရပါကြောင်း၊ ကိုရိုနာကပ်ရောဂါ ပြန့်ပွားမှုမြင့်တက်နေသည့် ဥရောပနိုင်ငံများသို့ ဂျပန်၏ ပို့ကုန်တင်ပို့မှု လျော့နည်းစေကာမူ ဥရောပနိုင်ငံများ၏ ပို့ကုန်ဝေစုသည် ပို့ကုန်တင်ပို့မှုစုစုပေါင်း၏ ၁၀% ခန့်သာရှိသည့်အတွက် မပြောပလောက်ပါကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကန့်သတ်မှု ကြီးမားသည့် အတိုင်းအတာသည် ဂျပန်နိုင်ငံအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နိုင်မည်ဖြစ်ကြောင်းဟု Dai-ichi Life Research Institute မှ စီးပွားရေးပညာရှင် Takeshi Okuwaki သုံးသပ်ပြောကြားခဲ့သည်။

ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအတွက် ပို့ကုန်ကဏ္ဍသည် အဓိကအခန်းမှ ပါဝင်နေပါသည်။ ပြီးခဲ့သည့် ဧပြီမှ ဇွန်လအတွင်း အစိုးရ၏ အရေးပေါ်အခြေအနေကြေငြာခဲ့သည့်အတွက် ပို့ကုန်ကဏ္ဍ ၂၈.၈% ကျဆင်းခဲ့ပါကြောင်း၊ သို့သော် အရေးပေါ်အခြေအနေပြန်လည်ရုတ်သိမ်းပြီး နိုင်ငံတစ်ဝှမ်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီးနောက် ဇူလိုင်လမှ စက်တင်ဘာအထိကာလအတွင်း ပို့ကုန်ကဏ္ဍမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်းကို တွေ့ရသည်။

      နန္ဒာဝင်း

    (စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ တိုကျိုမြို့