Main menu

Background

၂၀၂၀-၂၁ ခုနှစ်အတွက် ပဲတီစိမ်းတန်ချိန် ၁ သိန်း ၅ သောင်း တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီအမည်စာရင်းအား အိန္ဒိယအစိုးရက ထုတ်ပြန်

Fri, 11/20/2020 - 16:16 -- journal_editor

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲတီစိမ်းတန်ချိန် ၁.၅ သိန်းအား ခွဲတမ်းသတ်မှတ်ချက်ဖြင့် ကန့်သတ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၂၈-၃-၂၀၂၀နေ့တွင်အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး သွင်းကုန်လိုင်စင်များ ထုတ်ပေးခြင်းမပြုပဲ ထားရှိခဲ့ရာ ယခုအခါ ပြည်တွင်းရှိ ပဲခွဲစက်လုပ်ငန်း ၁၄၆၄ ခုသို့ ကိုတာခွဲဝေပေးမှုနှင့်အတူ ၃၁-၃-၂၀၂၁ နေ့ နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁၂-၁၁-၂၀၂၀ နေ့တွင်၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့သည်။

          DGFT ဌာန၏ ညွှန်ကြားချက်တွင် ၎င်း၏လက်အောက်ခံရုံးခွဲများအနေဖြင့် ကိုတာခွင့်ပြု ချက်ရရှိသည့် ကုမ္ပဏီများက ပဲတီစိမ်းတင်သွင်းခွင့် လိုင်စင်များလျှောက်ထားလာပါက လိုအပ်သည့်လုပ်ငန်းစဉ်များကို အချိန်မဆိုင်းပဲ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထား သည့် ကုမ္ပဏီသည် ယခင်က ပဲစင်းငုံတင်သွင်းခွင့်လိုင်စင်အား ရရှိထားပြီးဖြစ်ပါက ၎င်းလိုင်စင် ပေါ်တွင်ပင် ပြင်ဆင်ချက်ရေးသွင်းလျက် ပဲတီစိမ်းများ လျင်မြန်စွာ တင်သွင်းနိုင်ရေး ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ သွင်းကုန်လိုင်စင်ရှိ ပင်ရင်းနိုင်ငံဖော်ပြချက်တွင်GCA (general currency area)ဟူသော စကားကို ထည့်သွင်းလျက်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့နှစ်သက်ရာနိုင်ငံမှ ပဲတီစိမ်းများ ဝယ်ယူတင်သွင်းနိုင်ရေးကို ခွင့်ပြုပေးရန်ဖြစ်ကြောင်း၊ ထို့အပြင် သွင်းကုန်လုပ်ငန်းရှင်က လျှောက်ထားလာပါက ဆိပ်ကမ်းအရောက်တန်ဖိုး (CIF) နှင့် ရောက်ရှိမည့် ဆိပ်ကမ်း နေရာ စသည်တို့ကိုလည်း ပြင်ဆင်ခွင့်ပြုရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့