အီးယူ၏ ကုန်သွယ်မှုသဘောတူညီချက်များနှင့် ယေဘုယျအကောက်ခွန်သက်သာခွင့် အစီအစဉ်(Generalized Scheme of Preferences) တို့အောက်မှ ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကတိကဝတ်များအား ဖောက်ဖျက်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအား ပေးပို့တင်ပြနိုင်ရေးအတွက် တိုင်ကြားမှုစနစ်သစ် (new complaint system) တစ်ရပ်ကို ဥရောပကော်မရှင်က ၁၆-၁၁-၂၀၂၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါစနစ် သစ်သည် အီးယူ၏ ကုန်သွယ်ရေးသဘောတူညီချက်များအကောင်အထည်ဖော်ခြင်းနှင့် အသက်ဝင် အာဏာတည်မြဲစေခြင်းတို့ကို အားကောင်းလာစေရေး ဥရောပကော်မရှင်၏ ကြိုးပမ်းဆောင်ရွက် ချက်များကိုထင်ဟပ်ခြင်းလည်းဖြစ်သည်။ ဥရောပကော်မရှင်သည် ကုန်သွယ်ရေးမူဝါဒဆိုင်ရာ အသက်ဝင်အာဏာတည်မြဲစေခြင်းအပိုင်းကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လက Chief Trade Enforcement Officer ကိုခန့်အပ်၍ ကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေး အဆိုပါစနစ်သစ် ကိုမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်ကြားမှုစနစ်သစ်၏ လုပ်ငန်းစဉ်အရ အီးယူအဖွဲ့ဝင်နိုင်ငံများ၊ ပုဂ္ဂလိကကုမ္ပဏီ များ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းဆိုင်ရာ အသင်းအဖွဲ့များနှင့် အီးယူနိုင်ငံသားများအားလုံးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ ၎င်းစနစ် တွင် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအတွက် တိုင်ကြားမှုပုံစံနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်များချိုးဖောက်မှုအတွက် တိုင်ကြားမှုပုံစံ ဟူ၍ complaint forms (၂) မျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ တိုင်ကြားမှုများတွင် တိုင်ကြားသည့် ကိစ္စရပ်နှင့်သက်ဆိုင်သည့် အချက်အလက်များအား အသေးစိတ်ဖော်ပြချက်နှင့် ၎င်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ထားရှိသည့်အချက်များကို ထည့်သွင်းပေးပို့ရမည် ဖြစ်သည်။ ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာကိစ္စရပ်အတွက် တိုင်ကြားသူမှစွပ်စွဲသည့် ဈေးကွက် ဝင်ရောက်ခွင့် အတားအဆီး၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုကို ဖော်ပြရန်လိုအပ်မည်ဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်အတွက် တိုင်ကြားသူသည် ၎င်းစွပ်စွဲထားသည့် ချိုးဖောက်မှု၏ ပြင်းထန်မှု အခြေအနေနှင့် ယင်း၏ သက်ရောက်မှုတို့ကိုအသေးစိတ်ဖော်ပြပေးရမည် ဖြစ်သည်။
တိုင်ကြားမှုတစ်ရပ်ကို ပြုလုပ်ပြီးပါက အဆိုပါတိုင်ကြားချက်သည် Enforcement action အဖြစ်ဆောင်ရွက်ရန် လိုအပ်မှု ရှိ/မရှိအား တိုင်ကြားသူထံ ဥရောပကော်မရှင်က အသိပေးခြင်း၊ တိုင်ကြားသည့်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် သင့်လျော်သည့်အဆင့်များ၊ အရေးယူ ဆောင်ရွက်ရမည့်အချက်များနှင့် ဖြစ်နိုင်ဖွယ်ရှိသော အချိန်ကာလသတ်မှတ်ချက်တို့ပါဝင်သည့် လုပ်ငန်းအစီအစဉ်ကို တိုင်ကြားသူအား ဥရောပကော်မရှင်က အသိပေးခြင်းတို့ကိုဆောင်ရွက်မည် ဖြစ်သည်။ တိုင်ကြားသည့်ကိစ္စရပ်အား ဖြေရှင်းနိုင်ရေး အရေးယူဆောင်ရွက်ထားသည့် အချက်များ အပေါ် ကာလအလိုက်ဖြစ်ပေါ်တိုးတက်မှုအခြေအနေကိုလည်း ကော်မရှင်က တိုင်ကြားသူထံသို့ အသိပေးနိုင်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဥရောပကုမ္ပဏီများ ရင်ဆိုင်တွေ့ကြုံနေရသည့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအားတိုက်ဖျက်ရေး အီးယူ၏ အရေးယူ ဆောင်ရွက် ချက်သည် အောင်မြင် လျက်ရှိကြောင်းနှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အဆိုပါအတားအဆီး များအားဖယ်ရှားနိုင်ရေး ဥရောပကော်မရှင်၏ ဆောင်ရွက်မှုနှင့်အတူ ၂၀၁၉ ခုနှစ်တွင် အီးယူ၏ ပို့ကုန်တင်ပို့မှု၌ အနည်းဆုံး ယူရို ၈ ဘီလီယံကို ရှာဖွေ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ဥရောပ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရပါသည်။
ရင်းမြစ် - (https://trade.ec.europa.eu/)
ကျော်စိန်ဝင်း(စီးပွားရေးသံမှူး ဘရပ်ဆဲလ်မြို့)