Main menu

Background

အိန္ဒိယနိုင်ငံ၌ စင်ကာပူအခြေစိုက် DBS Bank ၏ လက်အောက်ခံဖြစ်သော DBIL ဘဏ်နှင့် လက်ရှမီးဗီလာဘဏ်တို့ အပြည့်အဝ ပေါင်းစည်းခဲ့ခြင်း

Thu, 12/03/2020 - 11:58 -- journal_editor

           အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အရ လုပ်ငန်းဆောင်ရွက်မှုများအား ယာယီကန့်သတ်ဆိုင်းငံ့ထားသည့် လက်ရှမီးဗီလာဘဏ် (Lakshmi Vilas Bank) ကို ဗဟိုဘဏ် (RBI) ၏ အဆိုပြုတင်ပြချက်အတိုင်း DBS Bank India Ltd (DBIL) နှင့် ပေါင်းစည်းရန် ခွင့်ပြုကြောင်း အိန္ဒိယအစိုးရ၏ ဝန်ကြီးအဖွဲ့က ၂၅-၁၁-၂၀၂၀ နေ့ တွင် အတည်ပြုခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် အိန္ဒိယဗဟိုဘဏ်ကလည်း အစိုးရ၏ အတည် ပြုချက်အရ အဆိုပါဘဏ် ၂ ခု ပေါင်းစည်းခြင်းကို ၂၇-၁၁-၂၀၂၀ နေ့မှ စတင်မည်ဖြစ်ကြောင်း၊ ထိုနေ့မှစတင်၍ လက်ရှမီးဗီလာဘဏ်၏ ဘဏ်ခွဲများအားလုံးသည် DBIL ဘဏ်၏ ဘဏ်ခွဲများ အဖြစ် လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လက်ရှမီးဗီလာဘဏ် အပေါ် ယခင်ချမှတ်ထားသည့် ကန့်သတ်ဆိုင်းငံ့ထားမှုမှာ ၎င်းနေ့၌ပင်ကုန်ဆုံးမည်ဖြစ်ကြောင်းနှင့် DBIL ဘဏ်သည် ဝန်ဆောင်မှုများအား ပုံမှန်အတိုင်းပေးအပ်နိုင်ရန် လိုအပ်သော စီစဉ်မှုများကို လုပ် ဆောင်သွားရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

          အစိုးရအဖွဲ့ထံသို့ အိန္ဒိယဗဟိုဘဏ်မှ အဆိုပြုတင်ပြခဲ့သော အစီအစဉ်အရ ငွေပေးသွင်း ပြီးဖြစ်သည့် Paid up အစုရှယ်ယာများနှင့် ပရီမီယမ် အစုရှယ်ယာများ အပါအဝင် လက်ရှမီးဗီလာ ဘဏ်၏ အီကွီတီ ရှယ်ယာများ အားလုံးမှာ စာရင်းပယ်ဖျက်ခြင်းခံရမည်ဖြစ်ပြီး၊ စတော့အိတ်ချိန်း များ၌ စာရင်းတင်ထားသည့် ရှယ်ယာများနှင့် ဒီဘင်ချာ ငွေချေးလက်မှတ်များသည်လည်း စတော့ ဈေးကွက်စာရင်းမှ ဖယ်ရှားခြင်းခံရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ တန်ဖိုး ရူပီးငွေ ၃၆၈၇ သန်းရှိသော Tier-2 bonds များအနက် စာရင်းအရသာ ပေးရန်တာဝန်ရှိ နေသည့် ရူပီးငွေ ၃၁၈၂ သန်း (အမေရိကန်ဒေါ်လာ ၄၃ သန်းခန့်) တန်ဖိုးရှိသည့်အဆင့်-၂ ငွေချေး စာချုပ်များ(Tier-2 Bonds) ကို လက်ရှမီးဗီလာဘဏ်က ၂၆-၁၁-၂၀၂၀ နေ့၌ စာရင်းမှပယ်ဖျက်ခဲ့ ကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားဖော်ပြကြပါသည်။

          လက်ရှမီးဗီလာဘဏ်၌ အစုရှယ်ယာများထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ အနက် Kare Electronics & Development, Pranava Electronics, နှင့် KR Pradeep တို့သည် ၂၆-၁၁-၂၀၂၀ နေ့တွင် မွန်ဘိုင်းမြို့ရှိ ဘုံဘေပြည်နယ်တရားရုံး၌ ထိုကဲ့သို့ လက်ရှမီးဗီလာဘဏ် အားDBIL ဘဏ်နှင့် ပေါင်းစည်းသိမ်းသွင်းခြင်းကို ဆိုင်းငံ့ပေးရန်နှင့် အစုရှယ်များအား စာရင်း ပယ်ဖျက်ခြင်းအပေါ် နစ်နာကြေးပေးရန် လျှောက်ထားခဲ့ကြသည်။ သို့ရာတွင် ဘုံဘေတရားရုံးက ဘဏ် ၂ ခုပေါင်းစည်းမှုကို ဆိုင်းငံ့ရန်ကိစ္စအား ပယ်ချခဲ့ပြီး နစ်နာကြေးကိစ္စရပ်အပေါ် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ ကြားနာမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ အလားတူ ချန်နိုင်းမြို့ရှိ မဒရပ် ပြည်နယ်တရားရုံး၌ လက်ရှမီးဗီလာဘဏ်၏ အစုရှယ်ယာဝင် ကုမ္ပဏီတစ်ခုဖြစ်သော AUM Capital Market က အဆိုပါဘဏ်နှင့် DBIL ဘဏ်တို့ပေါင်းစည်းခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ ဆိုင်းငံ့ပေးရန် လျှောက်ထားမှုမှာလည်း ပယ်ချခံခဲ့ရသည်။

           အိန္ဒိယ Economic Times သတင်းဌာန၏ ဖော်ပြချက်အရ လက်ရှမီးဗီလာဘဏ်၏ရှယ်ယာရှင်များသည် အဆင့်-၂ ွေျေးစာချုပ်များ စာရင်းပယ်ဖျက်ခံရမှုအပေါ် နစ်နာကြေး ရရှိ ရေးကိစ္စနှင့် ပတ်သက်၍မဒရပ်တရားရုံး၌

 အယူခံလျှောက်ထားခဲ့ကြကြောင်း၊ ၎င်းတို့က ဗဟို ဘဏ်၏ မူလကယ်တင်ရေး အစီအမံတင်ပြချက်တွင် ၎င်းငွေချေးစာချုပ်များအား စာရင်းပယ် ဖျက်ရန် ဖော်ပြခဲ့ခြင်းမရှိကြောင်းနှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ ထုတ်ဝေခဲ့သော ၎င်း Tier-2 bonds များသည် ၂၀၂၄-၂၅ ခုနှစ် ကျမှသာ ကာလ‌စေ့ရောက်မည်ဖြစ်၍ ယခုကဲ့သို့ အလျင် စလို စာရင်းပယ်ဖျက်ရန် လိုအပ်ခြင်းမရှိဟု ထောက်ပြပြောဆိုကြကြောင်း သိရှိရသည်။

          စီးပွားရေးရာ အကဲဖြတ်လုပ်ငန်းဖြစ်သည့် ICRA Ltd က လက်ရှမီးဗီလာဘဏ်၏ အဆင့်-၂ ငွေချေးစာချုပ်များ စာရင်းပယ်ဖျက်ခံရမှုမှာ အခြားသော ဘဏ်လုပ်ငန်းငယ်များအပေါ်သို့ လည်း ရိုက်ခတ်မှုရှိနိုင်ကြောင်း ဖော်ပြခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် Basel III စည်းကမ်းချက်များအရ ထုတ်ဝေသည့် ငွေချေးစာချုပ်များ၏ အလားတူ စွန့်စားရမှုနှင့် အန္တရာယ်ရှိမှုများအပေါ် ထည့်သွင်းစဉ်းစားလျက် ရင်းနှီးမြှုပ်နှံကြရန် လိုကြောင်း အကြံပြုထားသည်။

          စင်ကာပူနိုင်ငံအခြေစိုက် DBS Bank အနေဖြင့် ၎င်းတို့၏ လက်အောက်ခံဖြစ်သော DBS Bank India Ltd (DBIL) မှတစ်ဆင့် ATMs ငွေထုတ်စက် ၉၇၄ ခုနှင့် စူပါမားကက်များ၊ စတိုးဆိုင် များ၌ မြောက်များစွာသော PoS ငွေပေးချေစနစ်များ တပ်ဆင်ထားရှိမှုနှင့်အတူ ဘဏ်ခွဲပေါင်း ၅၆၃ ခုရှိသည့် လက်ရှမီးဗီလာဘဏ်အား သိမ်းသွင်းရယူနိုင်ခဲ့ခြင်းက မူလကဘဏ်ခွဲ ၃၃ ခုသာ ရှိရာမှ ဘဏ်ခွဲပေါင်း ၆၀၀ အထိ တိုးမြှင့်၍ အိန္ဒိယနိုင်ငံရှိ ဘဏ်လုပ်ငန်းဈေးကွက်သို့ ပိုမို ကျယ်ပြန့်စွာ ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းကို ရရှိခဲ့သည်။ 

 

 

နေအေးလွင်

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

 

Source:         1. Cabinet approves Scheme of Amalgamation of Lakshmi Vilas Bank with DBS Bank India Limited, 25 NOV 2020, Press Information Bureau of India

2. The Lakshmi Vilas Bank Ltd. branches to operate as DBS Bank India Ltd. branches from November 27, 2020, Press Release 2020-2021/686 dated 25 NOV 2020 of Reserve Bank of India

3. Lakshmi Vilas Bank writes down tier 2 bonds worth Rs 320 crore, 26 Nov 2020, EconomicTimes

4. LVB writes off bonds worth Rs 318 crore ahead of merger with DBS Bank, 26 Nov 2020, Times of India

5. Bombay HC denies stay on merger of Lakshmi Vilas Bank, DBS Bank India, 27 Nov 2020,

6. Lakshmi Vilas Bank now DBS Bank India, 28 Nov 2020, Business Standard

7. LVB Bondholders challenge RBI’s Tier-2 write down in Court, 2 Dec 2020, Economic Times