Main menu

Background

စီးပွားရေးသတင်းများ (ရင်းနှီးမြှုပ်နှံမှုအပါအဝင်) ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြည်တွင်းစီးပွားရေးဆိုင်ရာအချက်အလက်များ

Thu, 12/03/2020 - 14:34 -- journal_editor

နိုင်ငံသုံးငွေကြေးRMB မှ အမေရိကန်ဒေါ်လာသို့ ငွေလဲလှယ်နှုန်း (၂၈) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်း

          တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သည့်ယွမ်ငွေစျေးနှုန်းသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၇ ရက် နေ့မှ စတင်၍ ၂၈ လတာ ကာလအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ကြောင်း တရုတ်အမျိုး သားဘဏ်မှထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ အစပိုင်းကာလတွင် ကမ္ဘာ့နိုင်ငံ အများစု တွင် ဆိုးဝါးစွာဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး ပြန်လည်နလန်ထူလာနိုင်မှုကွာဟချက်၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဖြစ်ပွား လျက်ရှိသည့် အချို့သောကိစ္စရပ်များကြောင့် အမေရိကန်ဒေါ်လာမှ တရုတ်ယွမ်ငွေသို့ ငွေလဲလှယ်နှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊  တရုတ်နိုင်ငံသုံးငွေကြေးအား တစ် ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သည့် ငွေပေးချေမှုစနစ်များ၌ အသုံးပြုနိုင်ရန် ဆောင် ရွက်လျက်ရှိသဖြင့် တရုတ်နိုင်ငံသုံး ငွေကြေးလိုအပ်ချက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ အစိုးရအနေဖြင့်လည်း ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့်အတွက် တရုတ်နိုင်ငံသုံးငွေကြေးလဲလှယ်သည့်ဈေးကွက်လိုအပ်ချက် မြင့်မားလာမည် ဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသုံး ငွေကြေးတန်ဖိုး အဆမတန် မြင့်တက်လာပါက အစိုးရအနေဖြင့် လိုအပ်သည့်လုပ်ဆောင်ချက်များ ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွား ရေးသည် ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း၌ ပိုမိုအရှိန်ရနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး တရုတ်ငွေကြေးလဲလှယ်နှုန်း ဆက်လက်ခိုင်မာနေမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ နှစ် ဝက်ကာလအတွင်း၌ အမေရိကန်ဒေါ်လာမှ တရုတ်ယွမ်ငွေသို့ လဲလှယ်နှုန်း ၆ဒသမ၄ ရာခိုင်နှုန်း အထိ ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု အချို့သောပညာရှင်များမှ ခန့်မှန်းထားကြောင်း သိရှိရ ပါသည်။
source: https://www.globaltimes.cn/content/1207210.shtml

 

လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချရမှု မြင့်တက်လာပြီဖြစ်ခြင်း

          ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ လက်လီ ရောင်းချရမှုပမာဏ အမေရိကန်ဒေါ်လာ ၅၈၄ဒသမ၅ ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် ၄ဒသမ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ပြည်တွင်းလက်လီ ရောင်းချရမှုပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစတင်၍ ပြန်လည်တိုးတက်ဖွံ့ဖြိုးလာ ပြီဖြစ်ကြောင်း၊  နိုင်ငံ၏ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်မှု ဆက်လက်မြင့်တက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ထွက်ရှိမှုပမာဏသည် ပြီးခဲ့သည့် နှစ်၊ ကာလတူထက် ၆ဒသမ၉ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်ဟု တရုတ်အမျိုးသားစာရင်း အင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၁၀) လတာ ကာလအတွင်း ပြည်တွင်းလက်လီရောင်းချရမှုသည် ပြီးခဲ့သည့်နှစ်ထက် ၅ဒသမ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ပထမ (၆) လတာကာလထက်မူ လက်လီ ရောင်းချ မှုနှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိပါသည်။

Source: https://www.globaltimes.cn/content/1207088.shtml

လာမည့်နှစ်အတွင်း ပြည်တွင်းသုံးစွဲမှု ပိုမိုတိုးတက်လာရန် မျှော်မှန်းထားခြင်း

          လာမည့် ၂၀၂၁ ခုနှစ်၌ တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအားနှင့် အခြားစီမံဆောင် ရွက်မှုများ ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်သဖြင့် ပြည်တွင်းသုံးစွဲမှု သိသာစွာမြင့်တက် လာမည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တာကာလအတွင်း၌ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့ခဲ့သော်လည်း ပြည်တွင်း၌ ရောဂါထိန်းချုပ်၊ ကာ ကွယ်ရေးဆိုင်ရာအစီအမံများအား တင်းကြပ်စွာ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း သုံးစွဲမှုတွင် အဓိကကျသည့်ကဏ္ဍများဖြစ်သည့် မော်တော်ကား၊ အိမ်အသုံးအဆောင်များ၊ အစားအသောက်ကဏ္ဍနှင့် ကုန်စည်များ သုံးစွဲမှုသည် ပြီးခဲ့သည့်လ အနည်းငယ်အတွင်း၌ တည်ငြိမ်စွာဖြင့် ပြန်လည်နလန်ထူလာပြီဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှု ပိုမိုတိုးတက်လာစေ ရန် တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းလက်လီရောင်းချရမှု စုစုပေါင်း   ပမာဏ၌ ၂၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည့် မော်တော်ကား၊ အိမ်အသုံးအဆောင်များ၊ ပရိ ဘောဂ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အစားအသောက်ကဏ္ဍနှင့် ကုန်စည် ဝယ်လိုအားများ တိုးတက်လာစေမည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Wang Bingnan မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ကျေးလက်ဒေသများ၏ သုံးစွဲမှုသည် ပြည်တွင်း၌ လက်လီရောင်းချသည့်ပမာဏ စုစုပေါင်းတွင် ၁၄ဒသမ၇ ရာခိုင်နှုန်းပါဝင်လျက်ရှိသည့်အတွက် ကျေးလက်ဒေသများ၏ စားသုံးမှု မြင့်တက်လာရန်မှာ အရေးကြီးသည့်ကဏ္ဍဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း၌ အစားအသောက်စားသုံးမှုသည် အတက်ဖက်သို့ ဉီးတည်လာပြီဖြစ်ပြီး စားသုံးမှု သည် ပြီးခဲ့သည့်နှစ်ကထက် ၀ဒသမ၈ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း၊ အိမ်သုံးပစ္စည်းနှင့် ပရိဘောဂဝယ်ယူသုံးစွဲမှုများလည်း မြင့်တက်လာခဲ့ကြောင်း၊ ကျေးလက်ဒေသများ၏ သုံးစွဲမှု ၅ဒသမ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ နိုင်ငံအတွင်း၌ ရောဂါကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက် သည့်နည်းတူ သုံးစွဲမှုမြင့်တက်လာစေရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော် တော်ကား ဝယ်ယူသုံးစွဲမှုမြင့်တက်လာစေရန် တင်းကြပ်သည့် အစီအမံများအား ဖြေလျော့ ပေးခြင်း၊ မော်တော်ကားအဟောင်းများ အရောင်းအဝယ်ပြုလုပ်နိုင်မည့် ဈေးများဖော်ဆောင် ပေးခြင်း၊ စွမ်းအင်အသစ်အသုံးပြုသည့်မော်တော်ယာဉ်များ အသုံးပြုမှုတိုးတက် လာစေရန် မြှင့်တင်ပေးခြင်း၊ ကျေးလက်ဒေသများတွင် မော်တော်ကားများ ဝယ်ယူနိုင်စေရန် အရောင်း မြှင့်တင်ရေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူပင် အိမ်သုံးပစ္စည်းများ အဆင့်မြှင့်တင်သုံးစွဲနိုင်ရန် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့သောဒေသများ တွင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေသည့် အိမ်သုံးပစ္စည်းများဝယ်ယူနိုင်ရန် ထောက်ပံ့ ကြေးများ ပေးအပ်သည့်အစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူပင် စား သောက်ကုန်များသုံးစွဲမှု မြင့်တက်လာစေရန် အရောင်းမြှင့်တင်ရေးပွဲများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများ၏ သုံးစွဲမှုမြင့်တက်လာစေရန် သယ်ယူပို့ဆောင်ရေး နှင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာဖြင့် တိုးတက်လျက်ရှိသည့်အတွက် စားသုံးသူ ဈေးကွက် ပိုမိုကျယ်ပြန့်လာရန် မျှော်မှန်းထားကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Consumption to witness robust uptrend in 2021 - Chinadaily.com.cn

စားသုံးသူဈေးဆနှုန်းကိန်းကျဆင်းခဲ့ခြင်း

          တရုတ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု၏ အဓိကအညွှန်းကိန်းတစ်ခုဖြစ်သည့် စားသုံး သူဈေးဆနှုန်းကိန်း (Consumer Price Index-CPI)သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တို ဘာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊  ကာလတူထက် ၀ဒသမ၅ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် စားသုံးသူဈေးဆနှုန်းကိန်းထက် လျှော့ကျလာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ အစားအသောက် ဈေးနှုန်းများ လျှော့ကျလာခဲ့သည့်အတွက် စားသုံးသူ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၉ ခုနှစ်မှစတင်၍ အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ တတိယ လေးလပတ် တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၄ဒသမ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပြန် ကြေညာချက်များအရ ၂၀၂၀ ပြည့်နှစ်အတွင်း၌ ကမ္ဘာပေါ်ရှိနိုင်ငံများအနက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်သည့်နိုင်ငံမှာ တရုတ်နိုင်ငံတစ်ခုတည်းသာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်အတွင်း ၁.၉ ရာခိုင်နှုန်း တိုးတက်လာနိုင်ဖွယ် ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ခန့်မှန်းထားကြောင်း သိရှိရပါ သည်။

Source: https://www.globaltimes.cn/content/1208117.shtml

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမြင့်တက်လာရန် မျှော်မှန်းထားခြင်း

          ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းသုံးစွဲမှုနှင့် စက်မှု လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခဲ့သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆက်လက်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စတုတ္တသုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်ကာလထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး(Gross Domestic Product-GDP)သည် ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု တရုတ် နိုင်ငံ၊ စီးပွားရေးကျွမ်းကျင်ပညာရှင်များမှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၇။      တရုတ်နိုင်ငံ၊ National Bureau of Statistic-NBS ၏ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုပမာဏသည် ပြီးခဲ့ သည့်နှစ်၊ ကာလတူထက် ၆ဒသမ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ လက်လီရောင်းချနိုင်မှု ပမာဏယွမ် ၃ဒသမ၈၅ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူနှင့် နှိုင်းယှဉ်ပါက ၄ဒသမ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း နိုင်ငံခြားကုန် သွယ်မှုပမာဏသည် ယွမ် ၂ဒသမ၈၃ ထရီလီယံရှိခဲ့ပြီး ၄ဒသမ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ပုံသေရင်းနှီးမြှုပ်နှံမှုပမာဏသည် ယွမ် ၄၈ဒသမ၃၃ ထရီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပထမ ၁၀ လနှင့်နှိုင်းယှဉ်ပါက ၁ဒသမ၈ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မှုသည် ၁၀.၉ သန်းကျော်ရှိခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ ကုန်စည်များ ဝယ်လိုအားနှင့် ရောင်းလိုအား သိသာစွာမြင့်တက်လာသည့်အတွက်  COVID-19 မတိုင်မီ ကာလနီးပါးသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၉ လတာ ကာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုပမာဏ၊ ယွမ် ၇၂ဒသမ၂၇ ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက်  ၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး-GDP သည် ၆ဒသမ၈ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဒုတိယသုံးလပတ် ကာလအတွင်း ၃ဒသမ၂ ရာခိုင်နှုန်း၊ တတိယသုံးလပတ်ကာလအတွင်း ၄ဒသမ၉ ရာခိုင်နှုန်းအသီးသီး ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ စတုတ္ထသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံ၏ GDP သည် ၆ ရာခိုင်နှုန်းကျော်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုဒုတိယလှိုင်းဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၏ထုတ်ကုန်ပစ္စည်းများ ပြည်ပနိုင်ငံ များမှဝယ်လိုအားမြင့်တက်ခဲ့သည့်အတွက် ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ပြန်လည် မြင့်တက်လာခဲ့ကြောင်း၊ ထို့အပြင် လူထုအနေဖြင့် ဝင်ငွေပြန်လည်တိုး တက်လာသဖြင့် စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကဲ့သို့ ဝန်ဆောင်မှုလုပ် ငန်းများ ပြန်လည်ကောင်းမွန်လာခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထသုံးလပတ်ကာလ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆက်လက်မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1207017.shtml

 

 

ပိုမိုထိရောက်ကောင်းမွန်သည့်သုံးစွဲမှုစနစ်ဖြစ်ပေါ်လာစေရေးဆောင်ရွက်သွားမည်ဖြစ်ခြင်း  တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံ၏ သုံးစွဲမှု အရှိန်မြှင့် တင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံအတွင်းရှိ မြို့များ၊ ကျေးလက်ဒေသများ၌ သုံးစွဲမှုမြင့်တက်လာ စေမည့် စီမံဆောင်ရွက်မှုများအား ချမှတ်ထုတ်ပြန်၍ အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံ၏ ၁၄ကြိမ်မြောက် ငါးနှစ်စီမံကိန်း(၂၀၂၁-၂၀၂၆) အရ ဒေသန္တရ ကုန် သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနများအပါအဝင် အစိုးရအဖွဲ့ဝင်အားလုံးအနေဖြင့် စီးပွားရေးအခြေအနေအား မယိမ်းယိုင်စေရန် ထိန်းသိမ်းထားသည့် နည်းတူ လက်ရှိကမ္ဘာ့ နိုင်ငံအများစုတွင် ဆိုးဝါးစွာ ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူး စက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ အလားတူ ပင် မြို့ပြ၊ ကျေးလက်ဒေသများတွင် သုံးစွဲမှုမြင့်တက်လာစေရန် အားထုတ်ကြိုးပမ်းလျက် ရှိကြောင်း၊ သို့ဖြစ်ရာ အရည်အသွေး ပိုမိုကောင်းမွန်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်လာခြင်းဖြင့် စားသုံးသူဈေးကွက် ပြန်လည်ဖြစ်ပေါ်လာစေရေး၊ ရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှု့စီးပွားဘဝများ ပိုမိုတိုးတက်လာစေရေးတို့အတွက် အထောက် အကူဖြစ်စေမည် ဖြစ်ကြောင်း၊ အလားတူပင် ပိုမိုထိရောက်ကောင်းမွန်သည့်စီးပွားရေးစနစ် ဖြစ်ပေါ်လာစေရန် အခြေခံစည်းကမ်းချက်(၄)ခုအားဉီးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအချက်မှာ မြို့ပြနှင့် ကျေးလက်ဒေသများတွင် သုံးစွဲမှု မြင့်တက်လာစေ ရန် ရှိရင်းစွဲ ကူးသန်းရောင်းဝယ်ရေးဇုန်များ အရည်အသွေးမြှင့်တင်ပေးခြင်း၊ eCommerce  နည်းလမ်း များအား အသုံးပြု၍ ကျေးလက်ဒေသများ၏ သုံးစွဲမှု မြင့်တက်လာစေရန် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူပင် အချို့သောမြို့များအား နိုင်ငံတကာ အရောင်းအဝယ် ပြုလုပ်သည့် နေရာများ ဖြစ်လာစေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ ထုတ်လုပ်သည့် မော်တော်ကား၊ အိမ် အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများစသည့် ဈေးကွက် ရရှိရန် ကြိုးပမ်းဆဲဖြစ်သည့် ကုန်စည်သုံးစွဲမှုနှုန်း အရှိန်မြင့်တက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစား အသောက်ခင်းကျင်းရောင်းချသည့်လုပ်ငန်းများ၊ သုံးစွဲသူများအား ဉီးတည်သည့်ကိစ္စရပ်များ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ အဓိကဉီးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် မိရိုးဖလာနှင့် တီထွင်ဆန်းသစ်သည့် စီးပွားရေးကဏ္ဍများ ချိတ် ဆက်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  တီထွင်ဆန်းသစ်သည့် သုံးစွဲမှု စနစ်ဆိုသည်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း သုံးစွဲမှုမြင့်တက်လာ စေရန် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သည့် အွန်လိုင်းဖြင့်လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ live လွှင့်၍ ဈေးရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ဖြစ်ကြောင်း၊ နောက်ဆုံးအချက်မှာ သုံးစွဲ သူများအတွက် ပိုမို၍ လုံခြုံစိတ်ချရမှုရှိစေမည့် ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါအား ကာကွယ် ထိန်းချုပ်နိုင်ရန် အဓိကထားလုပ်ဆောင်၍ ဈေးကွက်အတွင်း ပုံမှန်ရောင်းလိုအား ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1208117.shtml

ပြည်ပစီးပွားရေးဆိုင်ရာအချက်အလက်များ

ပြည်ပကုန်သွယ်မှုပမာဏဆက်လက်မြင့်တက်လျက်ရှိခြင်း

          ၂၀၂၀ ပြည့်နှစ်၊ ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ သည် ယွမ် ၂၅.၉၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃.၉၁ ထရီလီယံ)ရရှိခဲ့သည့်အတွက် ပြီးခဲ့ သည့်နှစ်ကာလတူ ထက်၁.၁ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ပထမ၉လ အတွင်း ၌ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၀.၇ ရာ ခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုပမာဏသည် ၄ဒသမ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပို့ကုန်ပမာဏတွင် ၇.၆ ရာခိုင်နှုန်း၊ သွင်းကုန်ပမာဏတွင် ၀ဒသမ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ General Admini -stration of Customs (GAC) ၏ထုတ်ပြန်ချက်အရသိရှိရပါသည်။

          ၂၀၂၀ ပြည့်နှစ်၊ ပထမ ၁၀ လအတွင်း အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ခဲ့ပြီး ဥရောပဒေသနိုင်ငံများသည် ဒုတိယ၊ အမေရိကန် နိုင်ငံသည် တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ခဲ့ကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများ သည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတိုးတက်လာစေရန် အဓိကအရေးပါသည့်  အခန်း ကဏ္ဍမှဦးဆောင်လျက်ရှိပြီး စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၄၆ဒသမ၂ ရာခိုင်နှုန်းရှိကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ကုန်သွယ်မှုသည် ၁၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ ပထမ ၁၀ လအတွင်း စက်ပစ္စည်းများနှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများ ပို့ကုန် ပမာဏသည် ယွမ် ၈ဒသမ၄၅ ထရီလီယံရှိခဲ့ပြီး ၃ဒသမ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အထည် အလိပ်များတင်ပို့မှု ၃၄ဒသမ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မော်တော်ယာဉ်များတင်ပို့မှု တွင် ၆ဒသမ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ် ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးခဲ့ပြီးနောက် များမကြာမီကာလအတွင်း၌ နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ ပြန်လည်မြင့်တက် လာခြင်းသည် တရုတ်နိုင်ငံအစိုးရအနေဖြင့် ချမှတ်ထားသည့်မူဝါဒများ ကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများဖြစ်ပွားမှုကြောင့် နိုင်ငံခြားကုမ္ပဏီများအပေါ် အကျိုး သက်ရောက်မှု လျော့နည်းစေရန် ထိရောက်မှုရှိသည့်အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက် ခဲ့ပြီး နယ်စပ်ဖြတ်ကျော် E-Commerce လုပ်ငန်းနှင့် အခြားတီထွင်ဆန်းသစ်သည့် ကုန်သွယ် မှုပုံစံများဖြင့်လုပ်ဆောင်ခဲ့ကြောင်း တရုတ် နိုင်ငံ၊ General Administration of Customs (GACC) ၏ထုတ်ပြန်ချက်အရသိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုမှ ပဲပုပ်တင်သွင်းမှု စံချိန်တင်မြင့်တက်ခဲ့ခြင်း

          ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ တရုတ်နိုင်ငံသည် အမေရိကန်ပြည် ထောင်စုထံမှ ပဲပုပ်တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၂၀၀ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ ထိုကဲ့သို့ မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း၌ နှစ်နိုင်ငံအကြား ကုန် သွယ်ရေးစစ်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည့်အတွက် လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ အလားတူပင် မြောက်အမေရိကရှိ ပဲပုပ်ထုတ်လုပ်သူများအနေဖြင့် ပဲပုပ်ရိတ် သိမ်းမည့် ရာသီသို့ ရောက်ရှိနေပြီဖြစ်ခြင်း၊ ပြည်တွင်းလိုအပ်ချက်မြင့်တက်လာခြင်း၊ လာမည့် သမ္မတအသစ်၏ အုပ်ချုပ်မှုများအတွက် ကောင်းမွန်သည့်ဆက်ဆံရေးများ ဖြစ်ပေါ်လျက် ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ တင်သွင်းမှုများ ဆက် လက်မြင့်တက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့်စာရင်းများအရ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုထံမှ ပဲပုပ် တန်ချိန် (၃.၄)သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၁၉၆ဒသမ၄ ရာခိုင် နှုန်းမြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပဲပုတ်စုစုပေါင်းတန်ချိန် ၈ဒသမ၆၈ သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၄၀ဒသမ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ(၁၀) လတာကာလအတွင်း၌ ပဲပုပ်တင်သွင်းမှု၁၇ဒသမ၇ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ပြည်ထောင်စုထံမှ ပိုမိုတင်သွင်း ခဲ့ခြင်းမှာ နှစ်နိုင်ငံ အကြားချုပ်ဆိုထားသည့် ပထမအဆင့်ကုန်သွယ်ရေး သဘောတူညီချက် အရ အကောက်ခွန်သက်သာခွင့်ရရှိလျက်ရှိသော်လည်း အမေရိကန်ပြည်ထောင်စု၏ ပဲပုပ် ဈေးနှုန်းသည် အခြားနိုင်ငံများမှ တင်သွင်းသည့်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကမူ ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်အတွက် တန်ချိန်အများအပြားဝယ်ယူနိုင်ခြင်း မရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ ဘရာဇီးနိုင်ငံမှ ပဲပုပ်တန်ချိန် ၄ဒသမ၂၃၃ သန်း ဝယ်ယူ တင်သွင်း ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၁၁ဒသမ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ အကယ်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် အကောက်ခွန်ဖယ်ရှားပေးမည် ဆိုပါက တရုတ်ဈေးကွက်အတွင်း၌ ပဲပုပ်ဈေးကွက်ရရှိနိုင်ရန် ကောင်းမွန်သည့်လမ်းစတစ် ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1208101.shtml

တင်သွင်းမှုပမာဏမြင့်တက်လာစေရန်စီးပွားရေးဇုန်များထပ်မံတည်ထောင်သွားမည်ဖြစ်ခြင်း

          တရုတ်နိုင်ငံအတွင်းသို့ ကုန်စည်များပိုမိုတင်သွင်းနိုင်ရေးအတွက် နိုင်ငံ၏ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့််အနောက်ဘက်ဒေသများ၊ အရှေ့မြောက်ဘက်ဒေသရှိ မူလစက်မှုဇုန်များ၌ စီးပွားရေးဇုန် ၁၀ ခုတည်ထောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကုန် သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါစီးပွားရေးဇုန် ၁၀ ခုမှာ ရှန်ဟိုင်း ဟုန်ချောင်ဗဟိုစီးပွားရေးမြို့နယ်(Hongqiao)၊ အရှေ့မြောက်ပိုင်းရှိ လျောင်နင်ပြည်နယ်၊ တလျန်မြို့ရှိ ကျင်းဖူဒေသ(Jinpu)၊ အရှေ့ ပိုင်းဒေသရှိ ကျက်ကျန်းပြည်နယ်၊ ရီဝူမြို့(Yiwu)၊ အနောက်တောင်ပိုင်းဒေသရှိ စီချွမ်ပြည်နယ်၊ တီယန်ဖူခရိုင်(Tianfu)၊ အနောက် မြောက်ပိုင်း ဒေသရှိ အန်းရှီး ပြည်နယ်၊ ရှီအန်းမြို့ရှိ International Trade and Logistic Park တို့တွင် အသီးသီးတည်ထောင်သွားမည်ဖြစ်ပါသည်။ အဆိုပါ စီးပွားရေးဇုန်များ၌ သွင်းကုန်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်းသုံးစွဲမှုကဏ္ဍတို့အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည့် အပြင် ခေတ်မီသည့် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုရှိသည့်ကုန်သွယ်မှုကဏ္ဍများ မြှင့် တင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးဇုန်တည်ထောင်မည့်ဒေသများသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အဓိက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု မျှော် မှန်းထားကြောင်း၊ ကျဲကျန်းပြည်နယ်၊ ရီဝူမြို့(Yiwu)တွင် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်း ရောင်းချသူ ၃၁၀,၀၀၀ခန့်ရှိပြီး နယ်စပ်ဖြတ်ကျော်၍ ကုန်ပစ္စည်း ရောင်းချသူ ၁၄၀,၀၀၀ ခန့် ရှိသဖြင့် နေ့စဉ်နယ်စပ်ဖြတ်ကျော်၍ပါဆယ်ထုပ်ပေးပို့နိုင်မှုသည် ၂ဒသမ၃ သန်းကျော် ရှိကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်မှုပမာဏမြင့်တက်လာစေရန် သွင်းကုန်များအပေါ် အခွန်လျှော့ချကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် အလယ် အလတ်တန်းစား လူဦးရေသန်း ၄၀၀ ကျော်ရှိသဖြင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်မြင့်မားလျက် ရှိနေကြောင်း၊ သွင်းကုန်ကဏ္ဍအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဖြင့် လုပ်ဆောင် နိုင်ရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1205739.shtml

အမေရိကန်ပြည်ထောင်စုမှ စိုက်ပျိုးထုတ်လုပ်သည့်ဆန်များ တင်သွင်းခဲ့

          ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု မှ စိုက်ပျိုးထုတ်လုပ်သည့်ဆန်များ တရုတ်နိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်နိုင်ရန် ပထမ ဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့ကြောင်း၊  အမေရိကန်ပြည်ထောင်စုမှ တင်ပို့သည့်ဆန်များသည် တရုတ်နိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ရှန့်မန်မြို့(Xiamen)သို့ ရောက်ရှိေနပြီ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာလနှောင်းပိုင်းတွင် အဆိုပါမြို့၌  အရောင်းပြပွဲငယ်တစ်ခုကို ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ ကုမ္ပဏီများသည် တရုတ်နိုင်ငံသို့ အရည်အသွေး မြင့်မားသည့်ဆန်များ တင်ပို့နိုင်ရေး စိတ်အားထက်သန်လျက်ရှိကြောင်း၊ အမေရိကန်ပြည် ထောင်စုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်များတင်ပို့နိုင်ရေးအတွက် အချိန်ကာလကြာမြင့်စွာအား ထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း သိရှိရပါသည်။

          ဆန်သည် တရုတ်နိုင်ငံ၏ အဓိကအစားအစာတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံမှ တရုတ် နိုင်ငံသို့ ဆန်တင်ပို့မှုကြောင့် တရုတ်နိုင်ငံမှစားသုံးသူများအတွက် ဈေးကွက်တွင် ရွေးချယ် နိုင်မှု ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့်ဆန်များ တရုတ် နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးအတွက် ဆယ်စုနှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရ ကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာနမှ တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စံချိန်စံညွှန်းသဘောတူညီချက်များအရ အမေရိကန် နိုင်ငံမှ ဆန်တင်သွင်းခွင့်ပါမစ်အား ၂၇-၁၂-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်ပနိုင်ငံများမှ ဆန်ဝယ်ယူတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ပြည်ပနိုင်ငံများမှ ဆန်တန်ချိန် ၂ဒသမ၅၅ သန်း ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ တရုတ် နိုင်ငံသို့ ဆန်အဓိကတင်ပို့လျက်ရှိသည့်နိုင်ငံများမှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန် တင်သွင်းခြင်းသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်ပါ စည်းကမ်းချက်များအရ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုထံမှ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ဝယ်ယူမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံအထိ ရောက်ရှိလာပြီ ဖြစ်သဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီ ချက်၏ ၇၁ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ် ရေး ကိုယ်စားလှယ်ရုံးနှင့်စိုက်ပျိုးရေးဌာနတို့မှ ပူးတွဲထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များဝယ်လိုအားမှာ ဆက်လက်တည်ငြိမ်လျက်ရှိသဖြင့် တင်သွင်းမှုမှာ ဆက်လက်တိုးတက်လာမည်ဖြစ်သည်ဟု အမေရိကန်နိုင်ငံအခြေစိုက်၊ အစားအစာထုတ် လုပ်မှုနှင့် ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်း ကုမ္ပဏီ Archer- Daniels-Midland (ADM)၏ အာရှ-ပစိဖိတ်ဌာန၊ ဥက္ကဋ္ဌဖြစ်သူ Liu Yuxiang မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1205978.shtml

သုံးသပ်ချက်

          တရုတ်နိုင်ငံသည် ပြည်တွင်း၌ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီး ရေးလုပ်ငန်းများ ခိုင်မာအားကောင်းစွာ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်တွင်း/ ပြည်ပ ဈေးကွက်ဝယ်လိုအား မြင့်တက်စေရန်၊ စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းစေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်နီးပါးအတိုင်း ပြန်လည်လုပ်ဆောင်နိုင် ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပြည်တွင်း၌ ခိုင်မာအားကောင်းသည့် စီးပွားရေး ဆိုင်ရာ မူဝါဒများ ချမှတ်ခဲ့သည့်အတွက် ပြည်တွင်းလက်လီရောင်းချရမှု တစ်စထက်တစ်စ ပြန်လည် တိုးတက်လာပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

          နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှုနှင့်တင်ပို့မှုများအပေါ်ဆိုးရွားစွာထိခိုက်ခံခဲ့ရမှုမှပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပြင်ပမှ ခြိမ်းခြောက်လျက်ရှိသည့် အန္တရာယ်များ မြင့်တက်လျက် ရှိသော်လည်းပြည်တွင်း/ပြည်ပမှဝယ်လိုအား ပြန်လည်တိုးတက်ကောင်းမွန်လာသည့်အတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်း ဆက်လက် တိုးတက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထလေးလပတ် ကာလအတွင်း စီးပွားရေး ဆက်လက်တိုးတက်တည်ငြိမ်စေမည့်လက္ခဏာရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ကမ္ဘာတစ်ဝှမ်း ဆက်လက်ဖြစ်ပွားလျက်ရှိသည့် နိုဗယ်ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ပျံ့နှံ့မှုများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိစေရန် ကျန်းမာရေးဆိုင် ရာအစီအမံများ ချမှတ်ခြင်း၊ ကုန်စည်တင်သွင်းမှုများအပေါ် တင်းကြပ်သည့် စီမံဆောင်ရွက်မှု များ ချမှတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်စီမံခြင်းတို့ကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။

          တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ တည်ငြိမ်မှုရှိစေရန် လိုအပ်သည့်လုပ်ဆောင်ချက်များအား အချိန်နှင့်တပြေးညီလိုက်ပါဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ရောဂါကူးစက်ပျံ့နှံ့မှု ကြောင့် ပြည်တွင်းစားသုံးမှုအပါအဝင် စျေးကွက်ဝယ်လိုအားပုံစံပြောင်းလဲသွားသည်ကို လေ့ လာတွေ့ရှိရပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် စားသုံးကုန်ပစ္စည်းများအစား ကျန်းမာရေးဆက်စပ် ပစ္စည်းများ ဝယ်လိုအား မြင့်တက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံမှ ကျန်းမာရေးဆက်စပ် ပစ္စည်းများတိုး မြှင့်ထုတ်လုပ် တင်ပို့လျက်ရှိပြီး အဆိုပါကုန်စည်များ တင်ပို့မှုပမာဏ တိုးတက် လာကြောင်း လေ့လာတွေ့ရှိရပါသည်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံ သည် အာဆီယံနိုင်ငံများနှင့် စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုများ တိုးတက်လာသည့် အတွက် ကုန်သွယ်မှုပမာဏ တိုးတက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကျန်းမာရေး ဆက်စပ်ပစ္စည်းများ ဝယ်လိုအားအဆမတန် ဆက်လက်မြင့်တက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံရှိ လုပ်ငန်းများအနေဖြင့် ကျန်းမာရေးဆက်စပ်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်တင်ပို့ ခြင်းဖြင့် အခြားနိုင်ငံများ၏ စျေးကွက်များအတွင်းသို့ ချဲ့ထွင်ဝင်ရောက်၍ စျေးကွက်ဝင်အခွင့် အလမ်းများ ရရှိလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

ရွှေစင်ဦး၊စီးပွားရေးသံမှူး၊မြန်မာသံရုံး

ပေကျင်းမြို့