Main menu

Background

ကိုဗစ်-၁၉ ကာလအလွန် စိုက်ပျိုးရေးကဏ္ဍ၏ အလားအလာများ

Mon, 12/07/2020 - 11:50 -- journal_editor

နည်းပညာနှင့် စိုက်ပျိုးမြေကန့်သတ်ချက်များကြောင့် လက်တင်အမေရိကနိုင်ငံများ၏ စားသောက်ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုသည် ဇီဝမျိုးကွဲများအပေါ်ထိခိုက်မှုမရှိစေဘဲ တိုးတက်လာသည့်လူဦးရေအား လုံ‌လောက်အောင် ထောက်ပံ့ပေးနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

လက်တင်အမေရိကနိုင်ငံများရှိ တောင်သူများမှာ ကိုဗစ်-၁၉ ကာလအတွင်း အကျပ် အတည်းများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ လတ်တလောဖြစ်ပွားနေသည့် ကူးစက်ရောဂါ ကာလ တွင် ဒေသတွင်းရှိ စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှု များအား ပြန်လည်ကုစားသည့် တုံ့ပြန် ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံး၏အနာဂတ်မှာ အခက်အခဲများနှင့် ပြည့်နှက်လျက်ရှိသည်။ ပုံမှန်လူဦးရေတိုးနှုန်းဖြင့် ကမ္ဘာ့လူဦး‌ရေတိုးတက် လာပါက စားနပ်ရိက္ခာထုတ်လုပ်မှု မဖူလုံနိုင်သည့်အပြင် ဈေးနှုန်းမတည်ငြိမ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေသည့် သဘာဝ ပတ်ဝန်းကျင်တည်တံ့ရေးကိုအထောက်အကူပြုနေသော ဒေသတွင်းရှိ ဇီဝမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်အဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာပညာရှင် Michael Morris သည် အခြား ပညာရှင်များဖြစ်သည့် Ashwini Rekha Sebastian နှင့် Viviana Maria Eugenia Perego တို့နှင့် ဒေသတွင်း စားသောက်ကုန်စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ အစီရင်ခံစာစာအုပ်နှင့် ပတ်သက်သည့်  ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် the International Food Policy Research Institute (IFPRI)၊ the Inter-American Institute for Cooperation for Agriculture (IICA) Inter-American Development Bank (IDB) နှင့် McKinsey တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲအပြီး တွေ့ဆုံမေးမြန်းမှု တွင် လက်တင်အမေရိကနိုင်ငံများနှင့် ကာရေဗီယန်ဒေသ၏ အနာဂတ်လယ်ယာ စိုက်ပျိုးရေး စနစ်များနှင့်ပတ်သက်သည့် အယူအဆများအား Morris ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လက်တင်အမေရိကနိုင်ငံများရှိ စိုက်ပျိုးရေးကဏ္ဍ၏ အလား အလာနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ သတင်းဌာန၏မေးမြန်းမှုအပေါ် Morris ကဖြေကြား ရာတွင် စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု စနစ်တွင် လက်တင်အမေရိကနှင့် ကာရစ်ဘီယန် ဒေသ၏ အောင်မြင်မှုများအား အသိအမှတ်ပြုပါကြောင်း၊ ၎င်းနိုင်ငံများတွင် အလျင်အမြန် တိုးတက်လာသော လူဦးရေပမာဏကို စားနပ်ရိက္ခာများလုံလောက်စွာထောက်ပံ့ ပေးနိုင်သည် ကို တွေ့ရှိနေရကြောင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မြို့သစ်များတည်ဆောက်မှုကိုလည်း ခွင့်ပြုပေးခဲ့သည့် အပြင် ပို့ကုန်ဝင်ငွေ တိုးတက်အောင် ဆောင်ရွက်ခြင်းကလည်း တောင်သူလယ်သမားမိသားစု များ အပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေ သည့် ကာလအတွင်း တောင်သူများအနေဖြင့် ထိခိုက်နစ်နာမှုများအား အလျင်အမြန်ပြန်လည် ကုစားနိုင်သည့်အပြင် ကမ္ဘာ့ဈေးကွက်တွင် စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး အတွက် ၎င်းတို့၏အခန်း ကဏ္ဍသည် အလွန်အ‌ရေးပါကြောင်း Morris က ပြောကြားခဲ့သည်။

ကာရစ်ဘီယန်ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် စားသောက်ကုန်ကဏ္ဍသည် ဒေသတွင်း နိုင်ငံများအတွက်သာမက ကျန်ကမ္ဘာ့နိုင်ငံများအတွက်လည်း အရေးပါကြောင်း၊ ကမ္ဘာပေါ်တွင် စားသောက်ကုန်အများဆုံးတင်ပို့လျက်ရှိပြီး နိုင်ငံတကာဈေးကွက်တွင် စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုကိုဖြစ်စေသဖြင့် စားသုံးသူများအတွက် အကျိုးကျေးဇူးများလျက်ရှိကြောင်း၊ ကာရစ်ဗီယန်ဒေသ၏သစ်တောများနှင့် ကျယ်ပြန့်သည့်မြက်ခင်းပြင်များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို အဓိကအကျိုးသက်ရောက်လျက်ရှိပြီး ရာသီဥတုပြောင်းလဲဖောက်ပြန် မှုများကိုလည်း လျော့ပါသက်သာစေလျက်ရှိကြောင်း ဖြေကြားခဲ့သည်။

          ထို့ပြင် အဆိုပါကောင်းကျိုးများအပြင် အခြားတစ်ဘက်တွင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ကဏ္ဍ၏ ထိရောက်သော ထုတ်လုပ်မှုအရည်အသွေးများနှင့်ပတ်သက်၍ အများ ပြည်သူ၏အမြင်မှာ မြေပြင်အခြေအနေနှင့် ကွဲပြားလျက်ရှိနေကြောင်း၊ ၎င်းကဏ္ဍနှင့် ပတ်သက်သည့် ကမ္ဘာ့နည်းပညာပြောင်းလဲမှုဖြစ်စဉ်အပေါ်တွင် လိုက်ပါဆောင်ရွက်မှုများမှာ နှေးကွေးလျက်ရှိပြီး နေရာတော်တော်များများတွင် အားနည်းချက်များဖြစ်ပေါ်နေကြောင်း၊ စိုက်ပျိုးရေးနှင့်စားသောက် ကုန်ထုတ်လုပ်မှုတွင် နည်းစနစ်များခေတ်မမီတော့ခြင်းနှင့် စိုက်ပျိုး ရေးသုံးဆေးဝါးပစ္စည်းများကြောင့် ပတ်ဝန်းကျင်နှင့်လူသားတို့ အပေါ် ဘေးထွက်ဆိုးကျိုး သက်ရောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

          သို့ရာတွင် အဆိုပါအားနည်းချက်များသည် အခွင့်အလမ်းများနှင့်ပူးတွဲလျက်ရှိနေ ကြောင်း၊ တိုးတက်နေသောနည်းပညာများအား အချိန်မီလိုက်နာကျင့်သုံးဆောင်ရွက်နိုင်ပါက စားသောက် ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ကုန်ချောပြုပြင်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်ကုန်ပစ္စည်းများ အားသုံးစွဲခြင်းနှင့် စွန့်ပစ်ပစ္စည်းများအားပြန်လည်အသုံးပြုလာ နိုင်ခြင်း တို့တွင် ပိုမိုတိုးတက် ကောင်းမွန်လာပြီး ပတ်ဝန်ကျင်နှင့်သဟဇာတဖြစ်စေမည့် နည်းပညာ အသစ်များနှင့် အလေ့ အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍအား တိုးချဲ့ လုပ်ဆောင်ခဲ့ရာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် စိုက်ပျိုးမြေတိုးချဲ့မှုတို့အပေါ် ထိန်းညှိဆောင်ရွက်နေမှုနှင့်ပတ်သက်သည့် မေးမြန်းချက်နှင့်ပတ်သက်၍ နိုင်ငံ၏ ၃ ပုံ ၁ ပုံ ကျော်သည် စိုက်ပျိုးသည့်မြေများဖြစ်ပြီး စိုက်ပျိုးရေးအတွက်ရေသုံးစွဲမှုနှင့် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုသည် ၄ ပုံ ၃ ပုံရှိနေကြောင်း၊ ကမ္ဘာ့လူဦးရေတိုးမြင့်လာမှုနှင့်အတူ စားနပ်ရိက္ခာ လိုအပ်ချက် ပိုမိုမြင့်မားလာခြင်းသည် ဈေးကွက်ဝယ်လိုအားကို မြင့်တက်စေပြီး စိုက်ပျိုး ထုတ်လုပ်သူများအား ပိုမိုထုတ်လုပ်ရန် တွန်းအားဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး တွင် အထွက်တိုးရေးကိုရှေ့ရှုဆောင်ရွက်လာမှုကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့ပိုမို ထုတ်လွှတ်ခြင်း၊ သဘာဝအရင်းအမြစ်များအား အလွန်အကျွံသုံးစွဲခြင်းနှင့် ဇီဝမျိုးကွဲများ ရှင်သန်မှုကို ပျက်ဆီးစေခြင်းများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူသားများနှင့် သတ္တဝါများ ရှင်သန်ရေးအတွက် အလွန်အရေးပါသည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိအောင် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အာဟာရဓါတ်ပြည့်ဝသည့် စားနပ် ရိက္ခာတိုးတက်ထုတ်လုပ်ရာတွင် ခေတ်မီနည်းပညာများအသုံးပြုခြင်းတို့ကို လုပ်ဆောင်ရန် စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့်နည်းပညာများ(Green Technology)အား အသုံးပြုရန် သတ်မှတ် ပြဌာန်းထားသော်လည်း ကာရစ်ဘီယန် ဒေသရှိ လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အမူအကျင့်များ၊ လူသားများရှင်သန်မှုအတွက်အရေးပါသော ဂေဟစနစ်ကို ထိခိုက်စေသည့် လုပ်ဆောင်မှုများနှင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု များကို လုပ်ဆောင်လျက် ရှိနေကြောင်း၊ ကာရစ်ဘီယန်နိုင်ငံ၏ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်      မှုသည် ဒေသတွင်းနိုင်ငံများ စုစုပေါင်း၏ ထက်ဝက်နီးပါခန့်ရှိကြောင်း၊ ၎င်းထုတ်လွှတ်သည့် ဓာတ်ငွေ့၏ ၇၀ ရာခိုင်နှုန်း ခန့်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှဖြစ်ပြီး သစ်တောပြုန်းတီးမှုပမာဏမှာ ကမ္ဘာ့ပျမ်းမျှပမာဏ၏ ၃ ဆခန့်ရှိကြောင်း၊ ထို့ကြောင့် သဘာ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး၊ စားနပ်ရိက္ခာပိုမိုထုတ်လုပ် နိုင်ရေးနှင့် စိုက်ပျိုးထွက်ရှိမည့် သီးနှံများ လေလွင့်ဆုံးရှုံမှုမဖြစ်စေရေး၊ ဂေဟစနစ်တိုးတက် ကောင်းမွန်စေရေးနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်  ပြန်လည်တိုးတက် ကောင်းမွန်လာရေးတို့အတွက်  လက်ရှိကျင့်သုံးနေသည့် စိုက်ပျိုးထုတ်လုပ်မှုပုံစံအား အစားထိုး ပြင်ဆင်ရန် လိုအပ်လျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများတွင် ရှုပ်ထွေး ခက်ခဲသော  လုပ်ငန်းစဉ်များရှိသော်လည်း ဂေဟစနစ်ထိခိုက်ပျက်စီးမှုအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား အခွန်ပေးဆောင်ခြင်းနှင့် ရာသီဥတုနှင့်ပတ်သက်၍ ဒစ်ဂျစ်တယ် နည်းပညာ(Smart Digitization)များကိုအသုံးပြုခြင်းတို့ကို ပေါင်းစပ်ကျင့်သုံးရန်လိုကြောင်း၊ ထို့အပြင် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း၊ စွမ်းအင်နှင့်ရေ အသုံးချခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းနှင့် လေထုညစ်ညမ်းမှုမဖြစ်အောင် တားဆီး ကာကွယ်ခြင်း စသည့်လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်မူဝါဒများကို ပေါင်းစပ်ကျင့်သုံးရန် လိုအပ်ကြောင်း၊ ထို့အပြင် ရေဆိုးများအားသန့်စင်၍ ပြန်လည်အသုံးပြုခြင်း၊ ဇီဝစွမ်းအင်နှင့် ဇီဝမြေဩဇာများထုတ်လုပ်၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုခြင်းကဲ့သို့သော နည်းပညာတီထွင်ဆန်းသစ်မှုများပါဝင်သည့် အဆင့်မြင့်စိုက်ပျိုးရေးနည်းစနစ်(Intelligent Agriculture)များကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ သဘာဝအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ ထုတ်လုပ်နိုင်မှုစွမ်းရည်ပိုမိုတိုးမြှင့်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအား လျှော့ချနိုင်ကာ ရာသီဥတုဖောက်ပြန်မှုများအား ပြန်လည် ကုစား နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လက်တင်အမေရိကနိုင်ငံများ၏စီးပွားရေး ပြန်လည်နာလန်ထူရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုအပေါ် မေးမြန်းချက်အား ဖြေကြားရာတွင် ကူးစက်‌ရောဂါကပ်ဘေးကြောင့် ထိခိုက်မှုပမာဏအား တိကျစွာတိုင်းတာရန် ခက်ခဲကြောင်း၊ ကာရစ်ဘီယန်ဒေသ၏ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍသည် အလွန်ကျယ်ပြန့်ကြောင်း၊ အဓိကစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ လုပ်ငန်းလည်ပတ်မှုကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုသည် စီးပွားရေး ပြန်လည်နာလန်ထူရန် ကာလတိုတောင်းမှုကို ဖြစ်ပေါ်စေကြောင်း၊ အခြားတစ်ဘက်တွင်လည်း ထုတ်လုပ်မှုကွင်းဆက်အပေါ် အဓိကအကျိုးသက်ရောက်စေသည့် ကူးစက်ရောဂါကာလ သွားလာမှုကန့်သတ်ချက်များကလည်း လုပ်ငန်းကို အကျပ်အတည်းပိုမိုဖြစ်ပေါ်စေကြောင်း၊ ထို့ကန့်သတ်ချက်များကြောင့် ကုန်ပစ္စည်းဖြန့်ဖြူးမှုနှင့် ကုန်စည်စီးဆင်းမှုများတွင် ခက်ခဲ ကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အချို့စီးပွားရေးလုပ်ငန်းများမှာ ပိတ်သိမ်းရသည့် အခြေအနေသို့ပင် ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကာရစ်ဘီယံဒေသ၏စီးပွားရေးကို လျင်မြန်စွာပြန်လည်နာလန်ထူရန်နှင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်တို့တွင် စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်သည့်ကဏ္ဍသည် အဓိက အခန်းကဏ္ဍမှပါဝင်ကြောင်း၊ ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပို့ကုန်မှနိုင်ငံခြား ဝင်ငွေ အဓိကရှာဖွေပေးသည့် လုပ်ငန်းလည်းဖြစ်ကြောင်း၊ ထို့အပြင်ဒေသတွင်းတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဂေဟစနစ်ကိုမျှတစေပြီး လူနှင့် အပင်၊ တိရစ္ဆာန် တို့အား ကာလရှည်ကြာတည်တံ့စေမည်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် စီးပွားရေးနာလန်ထူမှုနှင့်အတူ လူနှင့် တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်စေမည့် အစီအမံများ ပြန်လည်ချမှတ်ဆောင်ရွက်ရန် လိုကြောင်း၊ အဆိုပါ အစီအမံများအား ပုဆိန် ၃ လက် တံဆိပ်ဖြင့်ပုံကိုယ်စားပြု ပုံဖော်ထား ကြောင်း၊ ကိုဗစ်-၁၉ ပြုပြင်ပြောင်းလဲရေးကာလအတွင်း ကောင်းမွန်သည့်စနစ်နှင့်မူဝါဒများ၊ အင်အားကောင်းမွန်သော တက်ကြွလုပ်ရှားသူအဖွဲ့အစည်းများ ခိုင်မာအားကောင်းလာပါက သန့်ရှင်း၍ ပိုမိုစိမ်းလန်းသော သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်လာရန်နှင့် အာဟာရပြည့်ဝ၍ လုံခြုံစိတ်ချရသော စားသောက်ကုန်ထုတ်လုပ်မှုတို့ကို အဓိကအကျိုးထွန်း စေမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုအပေါ်အခြေခံ၍ စီးပွားရေး ကောင်းမွန်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်တို့သည် ကိုဗစ်-၁၉ အလွန်ကာလ များအတွက် ချမှတ်လုပ်ဆောင်ရမည့် မဟာဗျူဟာအစီအမံများဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

          အနာဂတ် စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်မှုအပေါ် မည်သည့်အချက်များက သက်ရောက်နိုင်မည်နှင့် ပတ်သက်၍ဆွေးနွေးရာတွင် စာတမ်းတွင် အနာဂတ်အလားအလာနှင့် စိန်ခေါ်မှုများဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြား ဖော်ပြထားကြောင်း၊ အနာဂတ်အလားအလာအပိုင်းတွင် ​​ရေရှည်တွင်တိုးတက် ဖြစ်ပေါ်လာမည့် လူဦးရေတစ်ဦးချင်းဝင်ငွေနှင့် မြို့ပြလူနေထိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ဖော်ပြထားပြီး စားသောက်ကုန်စိုက်ပျိုးထုတ်လုပ်သည့် ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော်လည်း အကျိုးသက်ရောက်မှုကြီးကြီးမားမား ရှိနေကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လိုအပ်ချက်များကိုပြင်ဆင်နိုင်ရန်အတွက် ၎င်း ကဏ္ဍနှင့်ပိုမိုထိတွေ့မှုရှိရန် လိုအပ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

အခြားတစ်ဘက်တွင် နည်းပညာတိုးတက်မှုများ၊ ရာသီဥတုဖောက်ပြန်မှုများ၊ ကူးစက် ကပ်ရောဂါဖြစ်ပွားမှုများနှင့် အစိုးရမူဝါဒအပြောင်းအလဲများကဲ့သို့သော အတားအဆီး ဖြစ်စေသည့်အချက်များလည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါအကြောင်းအချက်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုများအပေါ်  အဓိကရိုက်ခတ်လျက်ရှိနေကြောင်း ပြောကြားခဲ့သည်။

အစီရင်ခံစာတင်ပြမှုတွင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်သည့်မှန်းဆချက်များအား ဖော်ပြမထားကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူ ကိုယ်တိုင် သို့မဟုတ် အင်တာနက်အသုံးပြု၍ တွေ့ဆုံ မေးမြန်းမှုများမှရရှိသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် အခြေခံ၍ သုတေသနပြုလုပ်ထားပြီး တွေ့ရှိချက်များအားတင်ပြ ထားကြောင်း၊ တင်ပြချက်စာတမ်းသည် မတူညီသောအကြောင်းအချက်များပေါင်းစပ်ပြီး ကာရစ်ဘီယန်ဒေသ၏ အနာဂတ်စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ဖြစ်နိုင်ခြေရှိမှုအား လေ့လာသုံးသပ်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

 

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ်- What is the future of agriculture in a post-pandemic world?