Main menu

Background

အီးယူနှင့် အာဆီယံတို့အကြား ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုများပိုမို တိုးမြှင့်သွားရန် စီစဉ်လျက်ရှိခြင်း

Thu, 12/10/2020 - 10:11 -- journal_editor

အီးယူနှင့် အာဆီယံတို့အကြား ပိုမိုနီးကပ်သော ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဆက်သွယ် ချိတ်ဆက်မှုများကို တိုးမြှင့်သွားရန် နှစ်ဘက်စလုံးမှ ကတိကဝတ်ပြုခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် application မှတစ်ဆင့် အီလက်ထရောနစ်နည်းလမ်းဖြင့် အကောက်ခွန်ကြေညာခြင်းကို ဆောင်ရွက်ပြီး၊ သင်္ဘောလိုင်းများ ဖြတ်သန်းသွားလာမှုကိုခွင့်ပြုနိုင်သော အာဆီယံအကောက်ခွန် ဖြတ်သန်းသွားလာမှုစနစ် (ASEAN Customs Transit System-ACTS) ကို ကြေညာခဲ့ပြီးနောက် အီးယူနှင့် အာဆီယံတို့အကြားထိုသို့ ကတိကဝတ်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

            ACTS ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှု ဆိုင်ရာ စီမံအုပ်ချုပ်မှုကုန်ကျစရိတ်များအား ၂၀၂၅ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး ရည်မှန်းချက်ကို ပြည့်မီရေးကြိုးပမ်းရာတွင် အဓိကအရေးပါကြောင်း၊ ACTS ကို အီးယူ၏ရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဘရပ်ဆဲလ်အခြေစိုက် ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ်၏ စံနှုန်းများနှင့်အညီ ဆောင်ရွက် ထားခြင်းဖြစ်ရာအာဆီယံနိုင်ငံများအနေဖြင့် အီးယူနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် ပိုမိုမြန်ဆန်ချောမွေ့ စေမည်ဖြစ်သည်ဟု သိရပါသည်။ 

            ACTS ကို စတင်လည်ပတ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းကို အာဆီယံမှ ကြေညာခဲ့ပြီး နောက် တစ်ရက်ဖြစ်သည့် ၁-၁၂-၂၀၂၀ ရက်နေ့တွင် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကိုကျင်းပခဲ့ပြီး၊ ယင်းအစည်းအဝေးတွင် အာဆီယံ-အီးယူ ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ ဝန်ကြီးများအဆင့်ပူးတွဲကြေညာချက် (ASEAN-EU Joint Ministerial Statement on Connectivity) ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် အီးယူ၏ ASEAN Regional Integration Support from the European Union (ARISE) Plus အစီအစဉ်အောက်မှ ACTS ကို  စတင်ဆောင်ရွက်နိုင်ခြင်းသည် အာဆီယံနှင့်အီးယူတို့အကြား ကုန်စည်ဖြတ်သန်း သယ်ယူပို့ဆောင် မှုနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလွယ်ကူစေခြင်းဖြင့် လုပ်ထုံးလုပ်နည်းပိုင်း အပြန်အလှန်ကိုက်ညီမှုရှိစေရေး ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းနှင့်   ဥရောပနှင့်အာရှ ဆက်သွယ်ချိတ်ဆက်ရေးဆိုင်ရာ အီးယူ၏မဟာဗျူဟာများနှင့်အညီ နှစ်ဘက် အကြားဖြစ်နိုင်ဖွယ်ရှိသည့် ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ရပ်ကို နည်းလမ်း ရှာဖွေ ဆောင်ရွက်သွားမည်ဟု ၎င်းပူးတွဲကြေညာချက်တွင် အဆိုပြုထားပါသည်။  ထို့ပြင် အာဆီယံ-အီးယူဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကြေညာချက်၊ ဒစ်ဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှု၊ high-performance of computing တို့ကိုအကောင်အထည်ဖော်ဆောင်ရွက် သွားရန် ပူးတွဲကြေညာချက်တွင် တိုက်တွန်းထားကြောင်း သိရပါသည်။

            အီးယူ၏ ဘဏ္ဍာရေးအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အာဆီယံ အကောက်ခွန်ဖြတ်သန်းသွားလာမှုစနစ် (ACTS) သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ အကြား ကုန်စည်ဖြတ်သန်းသယ်ယူပို့ဆောင်မှုကို မြန်ဆန်ချောမွေ့စေလျက် ကုန်သွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များကို သက်သာစေနိုင်မည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆေးနှင့်ဆေး ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးအကာအကွယ်ပစ္စည်းများ ဖြတ်သန်းသယ်ယူပို့ဆောင်မှုကို အရှိန် မြှင့်တင်ပေးခြင်းဖြင့် ကိုဗစ်ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်ရေးကို အထောက်အကူပြု နိုင်ကြောင်း သိရှိရပါသည်။

ရင်းမြစ် -  (The Register၊ https://www.vir.com.vn)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့