Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် ဂျပန်နိုင်ငံ၏လက်ရှိကြိုးပမ်းဆောင်ရွက်နေမှုများ

Wed, 12/16/2020 - 16:01 -- journal_editor

ဂျပန်နိုင်ငံ၏ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ

ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှ အစပြု၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းအသစ်နှင့်ရင်ဆိုင်နေရပါသည်။ ယခုအကြိမ်ကူးစက်မှုသည် ယခင်ကူးစက်မှုများနှင့်မတူဘဲ ကူးစက်ခံရသူအများစုသည် ရောဂါ လက္ခဏာမပြသည့်အတွက် ၎င်းတို့အား နေအိမ်နှင့်လုပ်ငန်းခွင်များတွင် ခြေရာခံနိုင်ရန် နည်းလမ်းအသစ်များဖော်ဆောင်ပြီး စမ်းသပ်မှုပမာဏကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အထူး သဖြင့် မြို့တော် တိုကျိုအပါအဝင် ဟော့ကိုင်းဒိုး၊ ကာနာဂါဝ၊ အာအိချိ၊ ဟျိုးဂိုး၊ အီဘာရခိနှင့် အိုဆာကာဒေသများတွင် ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လျက်ရှိပါသည်။ ဂျပန်ဝန်ကြီးချုပ် Mr. Yoshihide Suga မှလည်း ပြည်တွင်း ကူးစက်မှုများ ပိုမိုများပြားလာသည့်အတွက် ဗဟိုအစိုးရနှင့် သက်ဆိုင်ရာစီရင်စုအစိုးရများ ပူးပေါင်းကာတားဆီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် သို့သော်လည်း လက်ရှိအခြေအနေအရ နိုင်ငံတော်အဆင့်အရေးပေါ် အခြေအနေ ကြေညာရမည့် အနေအထားမရှိသေးကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းက ဂျပန်နိုင်ငံတွင် ကိုရိုနာပထမလှိုင်းဖြစ်ပွားချိန်တွင် အသက် ၇၀နှင့် ၈၀ ကြားရှိ သက်ကြီးရွယ်အိုအများစု ကူးစက်ခဲ့သော်လည်း ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ကိုရိုနာဒုတိယလှိုင်းတွင် အသက် ၂၀ နှင့် ၃၀ ကြားရှိလူငယ်များ ကူးစက်မှု မြင့်မားခဲ့ပါသည်။ အဓိကအားဖြင့် ညဖက်တွင် ဖွင့်လှစ်သည့် နိုက်ကလပ်များနှင့် ယမကာဆိုင်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုတတိယလှိုင်းတွင် ကူးစက်မှုပုံစံမှာ ယခင် ၂ ကြိမ်နှင့်မတူဘဲ ကွဲပြားခြားနားနေကြောင်း၊ လက်ရှိ ကူးစက်ပုံမှာ စားသောက်ဆိုင်များနှင့် အခြားသောအစားအစာစားသုံးရာနေရာများတွင် ကူးစက်မှုများ အမြင့်မားဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး ဂေဟာများနှင့် လူမှုဖူလုံရေးအဆောက်အအုံများ၊ ကုမ္ပဏီ များနှင့် အစိုးရရုံးဌာနများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စာသင်ကျောင်းများတွင်လည်း ကူးစက်မှုများရှိနေကြောင်း Graduate School of Medicine, Graduate School of Public Health ကျွမ်းကျင်ပညာရှင်ပါမောက္ခ Mr. Koji Wada က ပြောကြားခဲ့ပါသည်။

မြို့တော်တိုကျိုတွင် ရောဂါလက္ခဏာမပြသည့်ကူးစက်မှုအသစ်များကို များစွာတွေ့ရှိရပြီး အများစုမှာ အတူနေမိသားစုဝင်အချင်းအချင်း (သို့မဟုတ်) လုပ်ငန်းခွင်မှ လုပ်ဖော်ကိုင်ဖက်များ အချင်းချင်းထံမှ ကူးစက်ခြင်းများဖြစ်သည်ကို တွေ့ရကြောင်း၊ ကူးစက်ပုံအရ လုပ်ငန်းခွင်၊ အများပြည်သူသွားလာရာနေရာများနှင့် စားသောက်ဆိုင်များတွင် ကူးစက်နေကြခြင်းဖြစ်သည်တွေ့ရကြောင်း ဂျပန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ၏ ဒါရိုက်တာဖြစ်သူ Mr.Norio Ohmagari က ပြောကြားခဲ့ပါသည်။ တိုကျိုမြို့တော်တွင် ကူးစက်နေသည့်ပုံစံအတိုင်း ကူးစက်မှု နှုန်းမြင့်မားနေသည့် အခြားစီရင်စုဒေသများတွင်လည်း အလားတူကူးစက်နေကြောင်း တိုကျို မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ သုံးသပ်ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံအစိုးရ၏ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင် တစ်နိုင်ငံလုံးအနေဖြင့် (Diamond Princess အပျော်စီးသင်္ဘာပေါ်မှ ကူးစက်ခံရသူများ အပါအဝင်) ၁၇၈,၉၅၄ ဦး၊ ရောဂါပြင်းထန်သူ ၅၇၈ ဦး၊ သေဆုံးသူ ၂,၅၉၅ ဦးနှင့် ရောဂါပျောက် ကင်းသက်သာ၍ ဆေးရုံဆင်းသူ ၁၄၈,၁၈၃ ဦး ရှိပါသည်။ တိုကျိုမြို့တော်တွင် ကူးစက်ခံရသူ လူနာပေါင်း ၄၆,၇၄၅ ဦးအထိ ရှိလာပြီဖြစ်ပါသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တစ်ရက်တည်းတွင် မြို့တော်တိုကျို၌ ကူးစက်ခံရသူ ၆၂၁ ဦးဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ဂျပန်တစ်နိုင်ငံလုံး ကူးစက်ခံရသူဦးရေ ၃၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါသည်။ မြို့တော်တိုကျိုအပါအဝင် အခြား သောမြို့ကြီးများတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကူးစက်ခံရမှု မြင့်တက် လာခဲ့ပြီး ရောဂါပြင်းထန်သူအရေအတွက်လည်း သိသိသာသာမြင့်တက်လာပါသည်၊။

ဂျပန်နိုင်ငံရှိ ဆေးရုံများတွင် ဆေးကုသမှုစနစ် ထိခိုက်မှုမရှိစေရေးနှင့် ပြည်သူ့ ကျန်းမာ ရေးကဏ္ဍ၌ အပြည့်အဝစောင့်ရှောက်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရောဂါကို ကုသမှုဆောင်ရွက်နေသည့် ဆေးရုံများတွင် လုပ်ငန်း ဆောင်ရွက်မှုဝန်ပိခြင်းမှ လျော့ပါးစေရန်အတွက် စီရင်စုဒေသများအကြား အချင်းချင်း ကူညီ စောင့်ရှောက်နိုင်ရန် သူနာပြုနှင့် ဆရာဝန်များ စေလွှတ်ပေးရေး ဂျပန်အစိုးရက ဂျပန်နိုင်ငံ၊ ခရိုင် အုပ်ချုပ်ရေးမှုများအသင်းနှင့် ညှိနှိုင်းဆောင်ရွက်နေပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်မားလာနေသည့်အတွက် ကုသရေးအတွက် လိုအပ်သည့် ဆေးရုံ ကုတင်များနှင့် ဆေးဝါးကုသမှုပစ္စည်းများ ပံ့ပိုးဆောင်ရွက်နိုင်ရေး စီရင်စုများမှ ဒေသန္တရ အုပ်ချုပ် ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

လတ်တလောကာလအတွင်း ဂျပန်နိုင်ငံတွင် ကိုရိုနာကူးစက်မှု တတိယလှိုင်းနှင့် ရင်ဆိုင် နေရချိန်တွင် အစုလိုက်အပြုံလိုက်ကူးစက်မှုများ များပြားလာသည့်အတွက် ကုသမှုပေးနိုင်သည့် အနေအထားထက် ကျော်လွန်လာနိုင်ပြီး ပြည်တွင်းကျန်းမာရေးပြုစု စောင့်ရှောက်မှုစနစ်ကို ထိခိုက်လာမည့်အရေး ဂျပန်နိုင်ငံ၊ Ministry of Health, Labour and Welfare (MHLW) မှ စိုးရိမ်နေကြောင်းသိရပါသည်။

ဂျပန်နိုင်ငံ (MHLW) မှ ပြုစုထားသည့် စာရင်းဇယားများအရ ပြီးခဲ့သည့် နိုဝင်ဘာလကုန်အထိ တစ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုပေါင်း ၈၁၄ ခုရှိခဲ့ပြီး အောက်တိုဘာလက အရေ အတွက်ထက်  သုံးဆခန့် ပိုမိုခဲ့ကြောင်း သိရပါသည်။ ၎င်းတို့အနက် ဆေးရုံဆေးခန်းများတွင် အုပ်စုလိုက် ကူးစက်မှုပေါင်း ၁၀၅ ခုရှိခဲ့ပြီး အောက်တို ဘာလမှ အရေအတွက်နှင့် နှိုင်းစာပါက ၃ ဒသမ ၅ ဆနီးပါး ရှိကြောင်း၊ ကူးစက်မှု များပြားနေသည့် စီရင်စုဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးကူညီပေးရန် ကျန်းမာရေးဝန်ထမ်းများနှင့် ကျွမ်းကျင်သူများကို စေလွှတ်နိုင်ရန် (MHLW) က  ပြင်ဆင်နေပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ဆက်လက်မြင့်တက်လာသည့်အတွက် ဂျပန်နိုင်ငံ၏ ဆေးကုသမှုအပိုင်းတွင် ဝန်ပိလာမှုကြီးထွားလာကြောင်း သိရပါသည်။ ဟော့ကိုင်းဒိုး၊ တိုကျို၊ အိုဆာကာ၊ ကိုချိနှင့် ဟျိုးဂိုးဒေသများတွင် လူနာ လက်ခံနိုင်မှု အဆိုးဆုံး အခြေအနေဖြစ်သည့် အဆင့် - ၄ ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါအဆင့်သတ်မှတ်မှုသည် ကိုရိုနာကူးစက်ရော ဂါပြန့်ပွားမှုမြင့်တက်လာသည့် အခြေအနေကို ပြည်သူများ သိရှိနိုင်စေရန် အစိုးရ၏ အကြံပေးအဖွဲ့မှ သတ်မှတ်ထားခြင်းဖြစ်ပြီး အဆင့်-၄ သည် ကူးစက်မှုများ ရုတ်တရက်မြင့်တက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ လုံးလုံးလျားလျား ပြိုလဲသွားနိုင်ခြင်းနှင့် ဆေးရုံတွင်လူနာတက်ရောက်မှု ၅၀ ရာခိုင်နှုန်းကျော်သည့် အခြေအနေကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့အထိ လူနာများ ရောက်ရှိလာမှုသည် ပျမ်းမျှအားဖြင့် ၃၂ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး နိုဝင်ဘာလ နောက်ဆုံးအပတ်ကထက် ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ လူနာကုတင်များပြည့်ကျပ်နေမှု အများဆုံးသည် ဟျိုးဂိုးဒေသဖြစ်ပြီး ၆၉ ရာခိုင်နှုန်းနီးပါးရှိကြေင်း၊ ဒုတိယအများဆုံးမှာ ဟော့ကိုင်းဒိုးဒေသဖြစ်ပြီး ၅၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ကိုချိဒေသတွင် ၅၃ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်ကြောင်း သိရပါသည်။ အိုဆာကာတွင် ရောဂါပြင်းထန်သူ လူနာမြင့်တက်လာမှု ၅၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် တိုကျိုတွင် ၅၅ ရာခိုင်နှုန်း အသီးသီးရှိလာသည့်အတွက် သတ်မှတ်ချက် အဆင့် - ၄ ထက် ကျော်လွန်နေကြောင်း သိရပါသည်။

ဟော့ကိုင်းဒိုးဒေသ၊ အာဆာဟီကာဝါမြို့တွင် အာဆာဟီကာဝါမြို့ရှိ ကျန်းမာရေးဌာနများနှင့် လူမှုဖူလုံရေး အဆောက်အအုံများတွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ကျန်းမာရေးဝန်ထမ်းများ လုံလောက် မှုမရှိတော့သဖြင့် ရောဂါကူးစက်မှုထိန်းချုပ်ရေးတွင် ကူညီဆောင်ရွက်ပေးပါရန် ဟော့ကိုင်းဒိုးဒေသ အုပ်ချုပ်ရေးမှူး Mr. Suzuki Naomichi မှ တောင်းဆိုခဲ့သည့်အတွက် ဂျပန်နိုင်ငံ၊ ကိုယ်ကာကွယ်ရေးတပ်ဖွဲ့ Japan Self-Defense Forces (SDF) မှ ဆေးကုသရေးဝန်ထမ်းများကို စေလွှတ်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီး Mr. Kishi Nobuo က ညွှန်ကြားခဲ့ပါသည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာများ တိုးပွားလာမှုကြောင့် ဆေးရုံများတွင် လုပ်ငန်းဆောင်ရွက်မှုတွင် ဝန်နှင့်မမျှတလာသည့်အတွက် ကင်ဆာဝေဒနာရှင်များကဲ့သို့ အခြား သောရောဂါဝေဒနာ ခံစားနေရသူများသည် အပြည့် အဝကုသမှုရရှိရန် အစိုးရကို တောင်းဆိုခဲ့ကြ ကြောင်းသိရပါသည်။ ကိုရိုနာကူးစက်လူနာများ ပိုမိုများပြားလာသဖြင့် ကျန်းမာရေးစောင့်ရှောက် မှုစနစ် အားနည်းလာမည်ဆိုပါက ကင်ဆာဝေဒနာရှင်များအနေဖြင့် ကုသမှုများကို ယာယီရပ်ဆိုင်းထားရခြင်းများ ရှိနိုင်သည့်အတွက် လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် စမ်းသပ်မှုများ အပြည့်အဝဆောင်ရွက်ပေးနိုင်ရန်  “Japan Federation of Cancer Patient Groups” မှ အစိုးရထံ တောင်းဆိုခဲ့ကြပါသည်။ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာများကို ဦးစားပေးကာ နေရာများစီစဉ်ပေးနိုင်ရန်အတွက် ကင်ဆာဝေဒနာရှင်များအား အခြားနေရာများသို့ ပြောင်းရွှေ့စေခြင်းများ မပြုလုပ်ရန်နှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ကင်ဆာ ဝေဒနာရှင်များအား ကုသမှု ရပ်ဆိုင်းခြင်းနှင့် ဘဏ္ဍာရေးပံ့ပိုးမှုများ ရပ်ဆိုင်းခြင်းများ မပြုလုပ်ရန် အစိုးရအား တောင်းဆိုထား ကြောင်းသိရပါသည်။

ဂျပန်နိုင်ငံအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ နှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးဆောင်ရွက်နေမှုများ

ဂျပန်နိုင်ငံ၊ ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးနှင့် စီးပွားရေးပြန်လည် အားကောင်း လာစေရေးဝန်ကြီး Mr. Nishimura Yasutoshi သည် “Keizai Doyukai” ဟု ခေါ်ဆိုသည့် ဂျပန် စီးပွားရေးလုပ်ငန်းရှင်ကြီးများအသင်း၏ အကြီးအကဲ  Mr. Sakurada Kengo နှင့် နိုဝင်ဘာလ အတွင်းက Videoconference  အစည်းအဝေးပြုလုပ်ခဲ့ပြီး မြင့်တက်လာသည့် ကူးစက်မှုများနှင့် ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများသည် အလုံပိတ်ဧည့်ခန်းများ ရုံးခန်းများနှင့် ဆေးလိပ်သောက်ခန်းများတွင် နှာခေါင်းစည်းမတပ်ဘဲ စကားပြောခြင်းများပြုလုပ်နေကြသဖြင့် လုပ်ငန်းခွင်နေရာ များ၌ အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဝန်ထမ်း များအား နေအိမ်မှ အလုပ်လုပ်စေရေး တွန်းအားပေးဆောင်ရွက်ကြရန်၊ အလုပ်သွားချိန်နှင့် အလုပ်ဆင်းချိန်များကို အချိန်လွှဲသတ်မှတ်ပေးရန်နှင့် “Work From Home” စနစ်ကို ကျင့်သုံး ဆောင်ရွက်မှု မပြုလုပ်သေးသည့် ကုမ္ပဏီများကို စတင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရအနေဖြင့် ကူးစက်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ရည်ရွယ်၍  "Basic Policies for Economic and Fiscal Management and Reform 2020" နှင့် "Emergency Economic Measures to cope with the Novel Coronavirus" တို့ကို ချမှတ်ကာ အကောင်အထည်ဖော်နေပါသည်။ 

အစိုးရအနေဖြင့် မြို့တော်တိုကျိုအပါအဝင် မြို့ကြီးအချို့၌  နိုဝင်ဘာလမှအစပြု၍ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများ ပြန်လည်မြင့်တက်လာသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာသတိပေးချက်အဆင့်-၄ကို  ထုတ်ပြန် ကြေညာနိုင်ရေးအတွက် ကူးစက်မှုဆိုင်ရာ ပညာရှင်များ၊ ဆေးပညာရှင်များအဖွဲ့တို့နှင့် တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ ကူးစက်မှုလမ်းကြောင်း ခြေရာခံနိုင်ခြင်းမရှိသည့် ကူးစက်မှုများ ပိုမိုမြင့်တက်လာသည့်အတွက် တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စားသောက်ဆိုင်များ၊ ယမကာဆိုင်များကို ပုံမှန်ဖွင့်လှစ်နေသည့် အချိန်အတိုင်း အတာထက်လျော့ချ၍ ဆိုင်ဖွင့်ချိန်ကို ပြင်ဆင်သတ်မှတ်ရန်နှင့် နိုင်ငံခြားသားအများအပြား နေထိုင်ကြသည့် လူမှုအသိုက် အဝန်းနေရာများနှင့် တက္ကသိုလ်များစသည့်နေရာများ၌ အစုလိုက် အပြုံလိုက် ကူးစက်မှုများမဖြစ်ပေါ်စေရေး ထိရောက်သည့် ကာကွယ်မှုလုပ်ငန်းစဉ်များ ဆောင် ရွက်ရန် တောင်းဆိုခဲ့ပါသည်။

ထိုသို့အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ မြို့တော်ဝန် Ms. Koike Yuriko သည် တိုကျိုမြို့ အခြေစိုက်သည့် နိုင်ငံတကာသံရုံးပေါင်း ၁၀၁ ခုမှ သံတမန်များကို ဖိတ်ခေါ်တွေ့ဆုံ၍ တိုကျိုမြို့ အတွင်းနေထိုင်ကြသည့် နိုင်ငံခြားသားများထံ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက် များ ကူညီဖြန်ချိပေးရန် နိုင်ငံခြားသံတမန်များထံ မေတ္တာရပ်ခံခဲ့ပါသည်။ Ms. Koike ၏ ပြောကြားချက်အရ တိုကျိုတွင် လက်ရှိ၌ နိုင်ငံခြားသားဦးရေ  ၅၄၀,၀၀၀ ခန့် နေထိုင်ကြပါကြောင်း၊  နိုင်ငံခြားသားများအကြားတွင်လည်း  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများ တွေ့ရှိရ သည့်အတွက် ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ နောက် ဆုံးရရှိသည့် သတင်းအချက်အလက်များနှင့် ကာကွယ်ထိန်း ချုပ်ရေး အစီအမံများကို တိုကျိုမြို့တော်အုပ်ချုပ်ရေးဌာန၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ပေးထားကြောင်း သိရှိရပါသည်။ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံခြားသားများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အခြေအနေများကို နားလည်သဘောပေါက် စေရေးအတွက် အထောက်အကူဖြစ်စေရန်  ဘာသာစကား ၁၄ မျိုးဖြင့် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးတိုင်ပင် နိုင်သည့် ဝန်ဆောင်မှု ကို ပံ့ပိုးပေးနေပါသည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားနေမှုကြောင့် ခရီးသွားလာမှု ကန့်သတ်ထား သည့်အတွက် မိခင်နိုင်ငံများသို့  မပြန်နိုင်သည့် နိုင်ငံခြားသားများကို ဂျပန်နိုင်ငံတွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်နိုင်ရန် ဂျပန်နိုင်ငံ၊  လူဝင်မှု ကြီးကြပ်ရေးဝန်ဆောင်မှု အေဂျင်စီ (Immigration Services Agency) က ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ယာယီခွင့်ပြုပေးခဲ့ပါသည်။ မိခင်နိုင်ငံများမှ ပြည်ဝင်ခွင့်တင်းကျပ်ထားသည့်အတွက် နေရပ်ပြန်ရန် အခက်အခဲ ကြုံနေရသည့် နိုင်ငံခြားသားအများအပြားရှိနေပြီး အချို့မှာငွေကြေးအကျပ်အတည်းများနှင့်ရင်ဆိုင်နေရကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့ပါသည်။ ထိုသို့ခွင့်ပြုပေးမှုသည် ဂျပန်နိုင်ငံအတွင်း အချိန်တို နေထိုင်ခွင့် (သို့မဟုတ်) နည်းပညာဆိုင်ရာ သင်တန်းသားအနေဖြင့် ဂျပန်သို့လာရောက်ကြသူ နိုင်ငံခြားသားများနှင့် သက်ဆိုင်အကျုံးဝင်မည်ဖြစ်ကြောင်းနှင့် လူဦးရေ ၂ သောင်းကျော်ခန့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ အလုပ်လုပ် ကိုင်လိုသူ နိုင်ငံခြားသားများအနေဖြင့် အဆိုပါအေဂျင်စီထံ လျှောက်လွှာတင်ရန်လိုအပ်ပြီး ထိုသို့ခွင့်ပြုပေးမှုသည် နိုင်ငံခြားသားများ မိခင်နိုင်ငံသို့မပြန်နိုင်သေးမီကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေနိုင် မည်ဖြစ်ပါသည်။

ဂျပန်အစိုးရအနေဖြင့် အရေးပေါ်ကာလအတွင်းက သတ်မှတ်ခဲ့သည့် ကန့်သတ်ချက်များ ဖြေလျော့ခဲ့ပြီးနောက် ဂျပန်နိုင်ငံနှင့် အခြားသော ကမ္ဘာ့နိုင်ငံများအကြား ခရီးသွားလာမှုများ ပြန်လည်စတင်နေချိန်၌ လေဆိပ်ရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနများတွင် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှုရလဒ်သာမက စမ်းသပ်မှုအရ ကူးစက်ခံထားရကြောင်း အတည်ပြုမှုနှုန်းများကို နိုင်ငံအလိုက် သုံးသပ်လေ့လာချက်များအလျင်အမြန်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံခြားသားများအား ဆေးကုသမှုပေးနေသည့် ကုသရေးစင်တာများအတွက်လည်း လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ပေးရေးကိုလည်း ကျန်းမာရေးအာဏာပိုင်များအား တိုက်တွန်းအကြံပြုထား ပါသည်။

တိုကျိုမြို့တော်ဝန် Ms. Koike Yuriko မှလည်း မြို့တော်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးကို အချိန်တိုအတွင်း ထိရောက်မှုရှိစေရန် အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုကျိုမြို့တွင် ရောဂါပြင်းထန်သည့်  လူနာအရေအတွက် တိုးပွားလာနေသဖြင့်  ပြည်သူများ၏ အသက်ကို ကာကွယ်စောင့်ရှောက်ရန်၊  ပြင်းပြင်းထန်ထန် နာမကျန်းမှုများ ဖြစ်မလာစေရေး တားဆီးကာကွယ်ရန်နှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ဆေးကုသရေးဝန်ဆောင်မှုတွင် ဝန်ပိခြင်းများ မဖြစ်ပေါ်လာစေရန် အဓိက ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့ပါသည်။

တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် မြို့တော်တိုကျိုတွင်ပါဝင်သည့် မြို့နယ် ၂၃ ခုနှင့် တိုကျိုမြို့အနောက်ပိုင်း Tama ဒေသရှိ စားသောက်ဆိုင်၊ ယမကာဆိုင်နှင့် ကာရာအိုကေဆိုင် များကို နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ ရက် ၂၀ ကြာခန့် ဆိုင်ဖွင့်ချိန် လျော့ချရန် တောင်းဆိုခဲ့ပြီး တောင်းဆိုချက်နှင့်အညီ လိုက်နာဆောင်ရွက်မည့် ဆိုင်ပိုင်ရှင်များကို ထောက်ပံ့ ကြေးအဖြစ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ခန့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ပြည်သူများအနေဖြင့်လည်း မလိုအပ်ပါက နေအိမ်အပြင်မထွက်ကြရန်နှင့် ထွက်ရပါကလည်း အစိုးရမှ ထုတ်ပြန်ထားသည့် ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာကြရန် Ms. Koike က တောင်းဆိုခဲ့ပါသည်။

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေးချက်ကို အဆင့်လေးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားပြီး ထိုအဆင့်များအနက်ဒုတိယအမြင့်ဆုံးဖြစ်သည့် အဆင့် “၃” အဖြစ် တိုးမြှင့် သတ်မှတ်လိုက်မည်ဆိုပါက လူမှုရေး ဆောင်ရွက် ချက်များနှင့် စီးပွားရေးဆောင်ရွက်မှုများကို ပိုမို တင်းကျပ်သည့် ကန့်သတ်မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပညာရှင်များအဖွဲ့က သုံးသပ်အကြံပြုထားပါသည်။

 “Go To Eat Campaign” အစီအစဉ်ကို ကန့်သတ်ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ်မှ တိုက်တွန်းခဲ့ခြင်း

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားမှုများ ပြန်လည်မြင့်တက်လာသည့်အတွက် စီးပွားရေးလုပ်ငန်းများပြန်လည်ရှင်သန်လာရေး ပံ့ပိုးပေးနေသည့် ငွေကြေးသုံးစွဲမှုများ၏ တစ်စိတ်တစ်ဒေသကို ကန့်သတ်ဆောင် ရွက်ရန် စီစဉ်နေကြောင်းကို နိုဝင်ဘာလဒုတိယပတ် အတွင်း၌ ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စဆိုင်ရာ အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် Mr. Suga Yoshihide က ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် နေ့စဉ်ကူးစက်သူအရေအတွက် စံချိန်တင်များပြားလာမှုကြောင့် ဗိုင်းရပ်စ်တားဆီးကာကွယ်ရေး၊ ဗိုင်းရပ်စ်စစ်ဆေးမှုတိုးမြှင့်ရေးနှင့် ကုသရေးတို့အတွက် လိုအပ်သည့်နယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များ ပိုမိုစေလွှတ်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူမှုရေးနှင့် စီးပွားရေးဆောင်ရွက်ချက်များကို ယှဉ်တွဲ ဖော်ဆောင်နိုင်မည့် ထိရောက်သော ဗိုင်းရပ်စ်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ဗိုင်းရပ်စ်ပိုးကူးစက်မှုများပြားလာသည့် နေရာဒေသများရှိ လုပ်ငန်းလည်ပတ်မှုကန့်သတ် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများကို ဒေသန္တရအစိုးရအဖွဲ့များက ထောက်ပံ့ကြေးများပေးနိုင်ရေးအတွက် အစိုးရ အနေဖြင့် အဆိုပါ ဒေသန္တရအစိုးရများထံ အမေရိ ကန်ဒေါ်လာ သန်း ၄၈၀ ခန့်ရှိ ရန်ပုံငွေကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းရှိ စားသောက်ဆိုင်များ  လုပ်ငန်းပြန်လည် ရှင်သန်နိုင်ရေးအတွက် လှုံ့ဆော်သည့် အစီအစဉ် တစ်ခု ဖြစ်သည့် “Go To Eat Campaign” အကောင်အထည်ဖော်ရာတွင် ကူးစက်မှုများ မြင့်မားလာ သည့်နေရာဒေသများ၌ တစ်စိတ်တစ်ဒေသ ကန့်သတ်ရန်၊ မိသားစုဝင်များအပါအဝင် လူ ၅ ဦး ထက်ပို၍ အုပ်စုလိုက် စားသောက်မှု ပုံစံမျိုးကို အဆိုပါ Campaign မှ ဖယ်ထုတ်ရန်နှင့် ဒေသန္တရအစိုးရအဖွဲ့များအနေဖြင့်လည်း ချမှတ်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေးမူဝါဒများနှင့်အညီ အနီးကပ်ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ် Mr. Suga က ညွှန်ကြားခဲ့ပါသည်။

“Go To Travel Campaign” အစီအစဉ်နှင့်ပတ်သက်၍ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကြံပေး အဖွဲ့နှင့် ဂျပန်အစိုးရတို့အကြား ဆွေးနွေးခဲ့ခြင်း

ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် ရောဂါကူးစက်ပြန့်ပွားမှုများ တစ်ရှိန်ထိုးမြင့်တက်လာနေခြင်းကြောင့် ဂျပန်နိုင်ငံအစိုးရသည် အကြံပေးအဖွဲ့မှ ကျွမ်းကျင်သူများ၏ အကြံပြုချက်အရကူးစက်မှုများ မြင့်မားလာသည့် Osaka နှင့် Sapporo မြို့များကို “Go To Travel Campaign” ပြည်တွင်းခရီးသွားလှုံ့ဆော်မှုအစီအစဉ်မှ နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ယာယီ ရပ်ဆိုင်းထားခဲ့ပါသည်။

ထို့အပြင် “Go To Travel Campaign” အစီအစဉ်နှင့်ပတ်သက်၍ သတိပြုဆောင်ရွက်ရန်ကိစ္စနှင့်  ဒီဇင်ဘာလကုန်တွင်စတင်မည့် နှစ်သစ်ကူးအားလပ်ရက်တွင် ပြည်သူများလိုက်နာကျင့်သုံးဆောင်ရွက်ရမည့်အချက် များနှင့် ပတ်သက်၍ အစိုးရ၏ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကြံ ပေးအဖွဲ့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီး Mr. Nishimura Yasutoshi နှင့် ၊ Ministry of Health, Labour and Welfare (MHLW) ၏ ဝန်ကြီး Mr. Tamura Norihisa တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ဝန်ကြီး Mr. Nishimura မှ လက်ရှိ၌ ပြည်တွင်းကူးစက်မှုများ နေ့စဉ်နှင့်အမျှ မြင့်တက်နေခြင်းကြောင့် အထူးသတိထားကြရန်လိုအပ်ကြောင်းနှင့် ကျွမ်းကျင်သူများ၏ သတိပေးချက်အရ နှစ်သစ်ကူးကာလပိတ်ရက်ရှည်တွင်လည်း ယခုထက်ပိုမိုကာကူးစက်မှုများ မြင့်မားလာနိုင်သည့်အတွက် စီရင်စုဒေသအသီးသီးမှ အုပ်ချုပ်ရေးမှူးများ ၏ ဦးဆောင်မှုနှင့်အညီ ကာကွယ်ရေးအစီအမံများကို ပြည်သူများ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း (MHLW) ၏ ဝန်ကြီး Mr. Tamura က ပြောကြားခဲ့ပါသည်။

အကြံပေးအဖွဲ့မှ ကျွမ်းကျင်သူများကလည်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်း ဆက်လက် မြင့်တက်နေသည့် နယ်ပယ်များတွင် ကန့်သတ်ချက်များကို တင်းကျပ်ဆောင်ရွက်ရန်၊ စီရင်စု ဒေသအာဏာပိုင်များအနေဖြင့် စားသောက် ဆိုင်များနှင့် ယမကာဆိုင်များကို ဖွင့်ချိန်လျော့ချရန် တောင်းဆိုသင့်ကြောင်း အစိုးရအား အကြံပြုခဲ့ကြပါသည်။ လက်ရှိ၌ နိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ဆက်လက် မြင့်တက်နေသဖြင့် ဂျပန်အစိုးရမှ ပြည်တွင်း ခရီးသွား လာမှုလှုံ့ဆော်ရေးအစီအစဉ်“Go To Travel Campaign” ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှ  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Mr. Suga Yoshihide မှ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ထိုသို့ အစိုးရမှ ခရီးသွားလှုံ့ဆော်ရေးအစီအစဉ်ကို  ဖယ်ရှားလိုက်သည့်အတွက် ခရီးသွား အေဂျင်စီများအနေဖြင့် လုပ်ငန်းထိခိုက်မှုများ ရှိလာကြောင်း သိရပါသည်။ ပြီးခဲ့သည့် နွေဦးရာသီ တွင် ကိုရိုနာဗိုင်းရပ်ပထမလှိုင်းနှင့် ရင်ဆိုင်ခဲ့ ရသဖြင့် ပြည်တွင်းခရီးသွား လုပ်ငန်းများစွာ ထိခိုက် ခဲ့ရပြီး အစိုးရ၏ ခရီးသွားလှုံ့ဆော်ရေး အစီအစဉ်ကြောင့် ပြန်လည်နာလန်ထူလာခဲ့သော်လည်း ယခုထပ်မံ၍ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာသည့်အတွက် ခရီးသွားအစီအစဉ်များ ရပ်ဆိုင်းရပြန်ကြောင်း ဟော့ကိုင်းဒိုးဒေသရှိ ခရီးသွားအေဂျင်စီများက ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုမှ တုန့်ပြန်နိုင်ရန် ဘဏ္ဍာရေးပိုင်း ပံ့ပိုးဆောင်ရွက်မှုများ

ဂျပန်အစိုးရသည်  ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်မူကြမ်းကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ဘတ်ဂျက်သုံးစွဲမှုအစီအစဉ်များတွင် ကိုရိုနာကူးစက်ရောဂါတားဆီးကာကွယ်ရေးကိစ္စကို အဓိက အကြောင်းအရာအဖြစ် ထည့်သွင်း ရေးဆွဲခဲ့ပါသည်။ လူမှုနေထိုင်မှုပုံစံအသစ် နှင့် လိုက်လျောညီထွေဖြစ်စေနိုင်သည့် ခေတ်မီဒစ်ဂျစ်တယ် လူ့ဘောင်အဖွဲ့အစည်းအဖြစ် ပြောင်းလဲရေးအတွက် အစိုးရမှ အထူးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ကိုရိုနာကူးစက်ရောဂါသည် နိုင်ငံ၏ စီးပွားရေးကို များစွာသက်ရောက်မှုရှိသဖြင့်  ကူးစက် ရောဂါ စောင့်ကြည့်လေ့လာမှုသည် အရေးပါသည့် အချက်အချက်တစ်ချက်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်အတူ စီးပွားရေးနှင့်လူမှုရေးကဏ္ဍတို့တွင်ဟန်ချက်ညီမျှစွာ ဖွွံ့ဖြိုးတိုးတက်လာစေရန် အထူးအလေးထား ကြိုးပမ်းနေပါသည်။ ထို့အပြင် ကာဗွန်ကင်းစင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေး ကြိုးပမ်းဆောင် ရွက်မှုနှင့်အတူ စီးပွားရေးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စနစ် အသုံးပြုမှုမြှင့်တင်ရေး၊ ထုတ်လုပ်မှု စွမ်းရည်နှင့် လုပ်ခလစာများ ဟန်ချက်ညီမြင့်မားလာစေမည့် ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် အစိုးရမှတွန်းအားပေးဆောင် ရွက်နေပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို  ရင်ဆိုင်နေရသည့်အချိန်တွင် နိုင်ငံ၏ စီးပွားရေးကို အထောက်အပံ့ ပြုနိုင်ရန်အတွက် ဂျပန်ဗဟိုဘဏ် (BOJ) အနေဖြင့် အစိုးရငွေချေးစာချုပ် ဝယ်ယူ မှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် (BOJ) ၏ ပိုင်ဆိုင်မှုများအားလုံး၏ တန်ဖိုးသည် ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း၌  ထပ်မံ၍ စံချိန်တင်မြင့်တက်ခဲ့ပါသည်။ (BOJ) ၏ ထုတ်ပြန်ချက်အရ  ၎င်း၏ ပိုင်ဆိုင်မှုစုစုပေါင်းသည် ဧပြီလမှ စက်တင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ထရီလီယံခန့်ရှိခဲ့ပြီး ပြီးခဲ့သည့် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ယန်းငွေအားဖြင့် ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ အဆိုပါပမာဏသည် ဂျပန်နိုင်ငံ၏ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ၁ ဒသမ ၂ ဆနှင့် ညီမျှကြောင်း (BOJ) က ပြောကြားခဲ့ပါသည်။

ထိုသို့ ဂျပန်အစိုးရမှ ထုတ်လုပ်မှုကဏ္ဍဆိုင်ရာ စွမ်းရည်များ တိုးမြှင့်လာရန် ပံ့ပိုးဆောင် ရွက်မှုများကြောင့် ဒစ်ဂျစ်တယ် စက်ကိရိယာနှင့် ဝန်ဆောင်မှုများဆိုင်ရာ ဝယ်လိုအားများ မြင့်မားလာပြီး ဂျပန်ပြည်တွင်း၌နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တိုးလာနေကြောင်း  JETRO  မှ ထုတ်ပြန်ခဲ့သည့် စီးပွားရေးဆိုင်ရာ စစ်တမ်းဖော်ပြချက်အရ သိရှိရပါသည်။ ၂၀၂၀ ဘဏ္ဍာနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံခန့်ရှိကြောင်း။ ပြီးခဲ့သည့်နှစ်၏ အလားတူကလထက် နှစ်ဆ တိုးလာခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာ၏ ပမာဏထက်ကျော်လွန်နေကြောင်းသိရပါသည်။

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် နေအိမ်တွင်နေထိုင်၍ အလုပ်လုပ်ကိုင်ကြခြင်းနှင့် အလိုအလျောက် စက်ကိရိယာများအသုံးပြုလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဂျပန်နိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍဝယ်လိုအားမြင့် တက်လာပြီး ရင်းနှီးမြှုပ်နှံမှုပါ တိုးတက်လာခြင်းဖြစ် သည်ဟု (JETRO) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေ ချိန်တွင် လူနေမှုပုံစံသစ် "New Normal" နှင့်အညီ လိုက်လျောညီထွေမှုရှိစွာ နေထိုင်နိုင်ရန် ကြိုးပမ်းမှုများနှင့် ဒစ်ဂျစ်တယ်စနစ်အသုံးပြုသည့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်မှုတွင် ဂျပန်အစိုးရ၏ ပံ့ပိုးမှုများကြောင့် ဂျပန်နည်းပညာကုမ္ပဏီများအကြား AI နည်းပညာအသုံးပြုသည့် ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်လာကြသည်ကို တွေ့ရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေချိန်တွင် စားသုံးသူများထံ အစားအစာများသယ်ဆောင်ပေးနိုင်သည့် ပရိုဂရမ်ရေးဆွဲထားသည့် စက်တစ်မျိုးကို SoftBank Robotics ကုမ္ပဏီကတီထွင်ခဲ့ပါသည်။ အဆိုပါစက်ရုပ်သည် မြေပုံလမ်း ကြောင်းအတိုင်း သွားနိုင်သည့် AI နည်းပညာ အသုံးပြု ထုတ်လုပ်ထားသည့် အာရုံခံကိရိယာ တပ်ဆင်ထားသည်ဟု သိရပါသည်။ စားသောက်ဆိုင်ဝန်ထမ်းမှ စားပွဲတစ်ခုကို သတ်မှတ်ပေးလိုက်ပြီးနောက် အဆိုပါစက်ရုပ်သည် အတားအဆီးများ အား အလိုအလျောက် ရှောင်ကွင်းသွားပြီး မှာယူထားသည့် စားသုံးသူများ၏ စားပွဲဆီသို့ ဟင်းပွဲ များကို ပို့ဆောင်ပေးနိုင်ကြောင်း သိရပါသည်။ စားသောက်ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများ အကြား ထိတွေ့ ဆက်ဆံမှုကို လျှော့ချနိုင်ရည်ရွယ်၍ အဆိုပါစက်ရုပ်ကို တီထွင်ထားကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အစပြုကာ စားသောက်ဆိုင်များထံ စက်ရုပ်များ ဖြန့်ဝေရန် ပြင်ဆင် နေကြောင်း SoftBank Robotics ကုမ္ပဏီမှ အရာရှိများ က ပြောကြားခဲ့ပါသည်။

 ဂျပန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများ

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer သည် ဂျာမန်ကုမ္ပဏီ BioNTech နှင့် ပူးပေါင်းကာ စမ်းသပ်ထုတ်လုပ်နေသည့့်် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် သုတေသန လေ့လာမှုများအရ ၉၅ ရာခိုင်နှုန်းခန့်အထိ ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ အဆိုပါဆေးဝါး၏ ထိရောက်မှုနှင့်ပတ်သက်သည့်  ပထမဦးဆုံး သုံးသပ်လေ့လာချက်ကို Pfizer က နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ Pfizer သည် ဂျာမဏီနိုင်ငံမှ  BioNTech ကုမ္ပဏီနှင့်အတူ စမ်းသပ်တီထွင်နေပြီး အဆိုပါ ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အခြားနိုင်ငံများတွင် လက်တွေ့စမ်းသပ်မှု ပြုလုပ်လျှက်ရှိရာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိရပါသည်။

Pfizer ၏ လက်ရှိစမ်းသပ်မှုများအရ ၉၅ ရာခိုင်နှုန်း အထိ ထိရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ အရေးပေါ်အခြေအနေအတွက် အသုံးပြုနိုင်မှုစမ်းသပ်ခြင်းကို လူကြီးများနှင့် ကလေးငယ်များ အပါအဝင် ကာကွယ်ဆေးအသုံးပြုမှု ပထမအကြိမ်စမ်းသပ်မှုပေါင်း  ၄၃၀၀၀ နှင့် ဒုတိယအကြိမ် စမ်းသပ်မှု  ၃၈၀၀၀ ဆောင်ရွက်ခဲ့ရာ ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုး မတွေ့ရကြောင်း၊  အဆိုပါ ဆေးအား အရေးပေါ် အနေအထားတွင် အသုံးပြုခွင့်ရရှိရေး အမေရိကန်ပြည်ထောင်စုမှ အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) ထံသို့ တင်ပြလျှောက်ထားခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် Pfizer ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးကင်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကို အခိုင် အမာကာကွယ်နိုင်ကြောင်း အမေရိကန်(FDA)  မှ အတည်ပြုခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

 ၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူဦးရေ သန်း ၅၀ အတွက် လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် လူဦးရေ ၁ ဒသမ ၃ ဘီလီယံ အတွက်လည်းကောင်း ကာကွယ်ဆေးများ တိုးမြှင့် ထုတ်လုပ်သွားရန် Pfizer က မျှော်လင့်ထားကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ကာကွယ်ဆေးအရေအတွက် သန်း ၁၂၀ ထောက်ပံ့ပေးရန်အတွက် Pfizer ကုမ္ပဏီနှင့် ဂျပန်အစိုးရတို့အကြား အခြေခံသဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း သိရပါသည်။ ကာကွယ်ဆေး၏ အာနိသင်နှင့် ဘေးကင်းမှုကို အတည်ပြုပြီးနောက်ပိုင်း ဂျပန် နိုင်ငံ၌ ကာကွယ်ဆေး ထုတ်လုပ်ရောင်းချမှုအတွက် ခွင့်ပြုချက်လျှောက်ထားရယူသွားရန် အဆိုပါ ကုမ္ပဏီက ရည်ရွယ်နေ ကြောင်းသိရပါသည်။

ထို့အပြင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna မှ စမ်းသပ် ထုတ်လုပ်နေ သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုနိုင်ရန် အမေရိ ကန်နိုင်ငံ၊ Food and Drug Association (FDA)  ထံ တင်ပြလျှောက်ထားခဲ့သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Mr. Tamura Norihisa က ဂျပန် နိုင်ငံအစိုးရအနေဖြင့် ပြည်သူ ၂၅ သန်းအတွက် ကာကွယ်ဆေးများ ဝယ်ယူရန် Moderna ကုမ္ပဏီ နှင့် သဘောတူညီချက်ရရှိထားပြီးဖြစ်ကြောင်း၊   Moderna ကုမ္ပဏီက ဂျပန်နိုင်ငံတွင် ခွင့်ပြုချက် လျှောက်ထားမည်ဆိုပါက ဆေးဝါးအသုံးပြုမှု၏ ဘေးကင်းစိတ်ချမှုနှင့် ထိရောက်မှုရှိ/မရှိကို အစိုးရအနေဖြင့် အထူးဂရုပြု စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် စစ်ဆေးမှုအောင်မြင်ပါက အသုံးပြုနိုင်ရန် အတည်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရအနေဖြင့် Moderna ကာကွယ်ဆေးအရေအတွက် သန်း ၅၀ နှင့် AstraZeneca ကာကွယ်ဆေး အရေအ တွက် သန်း ၁၂၀ ကိုလည်း ကြိုတင်မှာယူထားကြောင်းသိရပါသည်။

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ကာကွယ်ရန် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ချိရေးနှင့်  စီမံခန့်ခွဲရေးအတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် ရေးနှင့် ဆက်စပ်သည့် ဥပဒေများကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ဂျပန်အထက်လွှတ်တော်က ဒီဇင်ဘာလ ၂ ရက်က အတည်ပြုခဲ့ပါသည်။ အဆိုပါမူကြမ်းအရ ပြည်သူမျးအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံကြရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များမှလည်း စီစဉ်ဆောင်ရွက်ရန်နှင့် ကုန်ကျစရိတ်များကို ဂျပန်အစိုးရမှ တာဝန်ယူမည်ဖြစ် ကြောင်း သိရပါသည်။ ကာကွယ်ဆေးများ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာရှိပါကာ ကုသ စရိတ်ကို အစိုးရကျခံမည်ဖြစ်ပြီး ဆေးဝါးကုမ္ပဏီများမှ ကျန်းမာရေးပြဿနာရင်ဆိုင်ရသူများကို ပေးရမည့်နစ်နာကြေးအား အစိုးရက လျော်ကြေးပေးသွားမည်ဖြစ်ပါကြောင်း သိရပါသည်။

 ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု၏ လူမှုဘဝများအပေါ် သက်ရောက်မှု များ

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ဆက်လက်မြင့်တက်နေသဖြင့် နိုင်ငံအတွင်း အလုပ်အကိုင်စွန့်လွှတ်ရသူပေါင်း ၇၀,၀၀၀ ကျော်ခန့်အထိ ရှိလာပြီဖြစ်ကြောင်း၊ အဆိုပါအရေအတွက်သည် အလုပ်ပြုတ်ခြင်း (သို့မဟုတ်) လုပ်ငန်းများဆုံးရှုံးခြင်းစသည့် အခြေ အနေများ ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ၊ Ministry of Health, Labour and Welfare (MHLW) က ပြောကြားခဲ့ပါသည်။ အလုပ်ပြုတ်သွားသည့်အလုပ်သမားများ သို့မဟုတ် လုပ်ငန်းစာချုပ် သက်တမ်းတိုးထားခြင်းမရှိသည့့်် အလုပ်သမားများအား စစ်ဆေးကြည့်ရာတွင် ၎င်းတို့၏ အလုပ် ရှင်များအနေဖြင့် စီးပွားရေး ကျဆင်းပြီး လုပ်ငန်းရှင်သန်ရေးရုန်းကန်နေကြရသည့်အတွက် ထိုသို့ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကုန်မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ အလုပ်လက်မဲ့အဖြစ် ရင်ဆိုင်နေရသူပေါင်း ၇၀,၂၄၂ ဦး အထိ ရှိလာသည်ကို တွေ့ရှိရပါကြောင်း (MHLW) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဒေသန္တရအလုပ်သမားအဖွဲ့ချုပ်များနှင့် အစိုးရ၏ အလုပ်အကိုင် စီမံခန့်ခွဲရေးဌာနများ၏ စာရင်းဇယားများပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက အဆိုပါကိန်းဂဏန်းထက် ပိုမိုများပြား နိုင်ပါကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရရှိထားသည့် အချက်အလက်များအရ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် အများဆုံးထိခိုက်ခံခဲ့ရပြီး လူပေါင်း ၁၂,၉၇၉ ဦး အလုပ်ပြုတ် သွားခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ၎င်းနောက် ယမကာဆိုင်များနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် လုပ်ကိုင်သူဦးရေ ၁၀,၄၄၅ ဦးခန့် အလုပ်ပြုတ်သွားခဲ့ကြောင်း (MHLW) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေသည့် ကာလအတွင်း အလုပ်လက်မဲ့များ များပြားလာသည်နှင့် အညီ ဂျပန်နိုင်ငံတစ်ဝှမ်းတွင် အသက် ၂၀ ကျော်မှ ၅၀ ကျော်အတွင်းရှိ အမျိုးသား ၇၀၅ ဦးသည် စက်တင်ဘာလအတွင်းက မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့ကြောင်းနှင့် အဆိုပါဦးရေသည် ပြီးခဲ့သည့်နှစ်၏ အလားတူကာလထက် ၅၆ ဦးပိုများခဲ့ကြောင်း (MHLW) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အလားတူ စက်တင်ဘာလအတွင်း မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည့် အမျိုး သမီးဦးရေ ၆၄၀ ဦးရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်၏ အလားတူကာလထက် သာလွန်ကြောင်း သိရပါသည်။ အမျိုးသားအများစုသည် ၎င်းတို့၏ ပြဿနာနှင့်ပတ်သက်၍ တစ်ဦးတည်း ကြိတ်မှိတ်ခံစား လေ့ရှိကြသဖြင့်် ယခုကဲ့သို့ သေကြောင်းကြံစည်မှုဦးရေသည် အမျိုးသမီးများထက် သာလွန်ခြင်း ဖြစ်ကြောင်း တိုကျိုမြို့ အခြေစိုက် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု တားဆီးရေးအဖွဲ့ NPO LIFELINK မှ သုံးသပ်ခဲ့ပါသည်။  အဆိုပါအဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ  Mr. Shimizu Yasuyuki မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် အချိန်ပိုင်းဝန်ထမ်းနှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ကြသူများအတွက် ထွက်ပေါက်မရှိဖြစ်စေသည့်အတွက် အစိုးရအနေဖြင့် ၎င်းတို့၏ အလုပ်အကိုင်တည်မြဲရေး ပံ့ပိုးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းပိုင်း ထိခိုက်မှုအနေဖြင့် ဗိုင်းရပ်စ်ပြန်ပွားနေချိန်တွင် ပြည်သူအများ နေအိမ်မှာပင် နေထိုင်ကြသည့်အတွက် ဂျပန်၏ ထိပ်တန်းအလှကုန်ထုတ်လုပ်ရေး ကုမ္ပဏီ Shiseido သည် ၂၀၂၀ ပြည့် နှစ်အတွက် အမေရိကန် ဒေါ်လာ ၂၈၅ သန်းခန့် အသားတင် အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်း ပြောဆိုလိုက်ပါသည်။  Shiseido လုပ်ငန်းအုပ်စု တစ်ခုလုံး၏ ရောင်းအားသည် စက်တင်ဘာလအထိ ၉ လတာ ကာလအတွင်း ယန်းငွေအားဖြင့် ၂၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၆ ဒသမ ၂ ဘီလီယံ ပမာဏခန့် ရှိပါကြောင်း၊ ကပ်ရောဂါကာလအတွင်း လူအများစုသည် နေအိမ်တွင်သာ နေထိုင်ကြ သည့်အတွက် အလှကုန်ပစ္စည်း အသုံးပြုမှု သိသိသာသာကျဆင်းလာကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့ပါသည်။

အရေးပေါ်အခြေအနေကြေညာခဲ့သည့်ကာလအတွင်း စတိုးဆိုင်များယာယီပိတ်ထားခြင်းနှင့် ပြည်ပနိုင်ငံများနှင့် ခရီးသွားလာမှုများကို ကန့်သတ်ခဲ့ခြင်းများကြောင့်   နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်မှုကျ ဆင်းမှုများသည်လည်း လုပ်ငန်းကို အထိနာစေခဲ့ကြောင်း၊ ရောင်းအားပြန်လည် မြင့်တက်လာရေးအတွက် အင်တာနက်မှတစ်ဆင့် ရောင်းချမှုများကို အားဖြည့် ဆောင်ရွက်သွားရန် Shiseido အနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု၏ အခြားသော လူမှုဘဝ ဆိုင်ရာ သက်ရောက်မှုတစ်ခုအနေဖြင့်  ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ မြို့တော် တိုကျိုသို့ ပြောင်းရွှေ့နေထိုင်သူဦးရေထက် တိုကျိုမှ အခြားမြို့ကြီးများဆီသို့ ပြောင်းရွှေ့သွားသူဦးရေက ပိုများလာကြောင်းကို ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာန၏ စစ်တမ်းသစ်တစ်ခုတွင် ဖော်ပြထားပါ သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း လူဦးရေ ၁၉၄,၄၀၀ ခန့်သည် တိုကျိုသို့ ပြောင်းရွှေ့လာကြခဲ့ပြီး အလားတူကာလအတွင်းမှာပင် လူဦးရေ ၂၀၀,၀၀၀ နီးပါးသည် မြို့တော်တိုကျိုမှ အခြားမြို့ကြီးများဆီသို့ ပြောင်းရွှေ့ထွက်ခွာသွားကြကြောင်း ၊ ထိုစစ်တမ်းများ စတင်ကောက်ယူခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် မြို့တော်တိုကျို၌ နေထိုင်သည့် လူဦးရေ ကျဆင်းသွားမှုမှာ ပထမဦးဆုံးအကြိိမ် ဖြစ်ပါကြောင်း၊ ဇူလိုင်လမှ  စက်တင်ဘာလအထိကာလ အတွင်း၌လည်း တိုကျိုသို့ ပြောင်းရွှေ့လာရောက်သူဦးရေထက် တိုကျိုမှ ပြောင်းရွှေ့ထွက်ခွာသွား သူဦးရေက ပိုများလာခဲ့ပါကြောင်းဟု ဂျပန်ပြည်ထဲရေး၀န်ကြီးဌာနက ပြောကြားခဲ့ပါသည်။

မြို့တော်တိုကျို အနီးအနားရှိ ခရိုင်ဒေသများတွေဖြစ်သည့် ခါနာဂါဝါခရိုင်သို့ လူဦးရေ ၄၄,၂၀၀၊ ဆိုင်းတမခရိုင်သို့ ၃၅,၈၀၀နှင့် ချီးဘားခရိုင်သို့  ၂၆,၈၀၀ စသည်ဖြင့် အသီးသီး ပြောင်း ရွှေ့သွားခဲ့ကြကြောင်းသိရပါသည်။ Mizuho Research Institute မှ အကြီးတန်း စီးပွားရေး သုတေသီ Mr. Okada Yutaka က ကိုရိုနာကပ်ရောဂါမှ ပြည်သူလူထုအား မြို့ကြီးများတွင် နေထိုင်ခြင်းအစား ကျေးလက်ဒေသနှင့် ဆင်ခြေဖုံးရပ်ကွက်များတွင်  နေထိုင်ကြရန် တွန်းအား ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူသားများ၏ နေထိုင်မှုပုံစံ ပိုမိုလွတ်လပ်လာပါက မြို့တော် ပြန် လည်စည်ပင်လာစေရေးကိုအထောက်အကူဖြစ်နိုင်ပါကြောင်းဟု Mr. Okada က သုံးသပ်ပြော ကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားသည့်အချိန်က လူဦးရေထူထပ်သည့် မြို့ကြီးများရှိပြီး သက်ကြီးရွယ်အိုပမာဏ များပြားလှသည့် ဂျပန်နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်၏သက်ရောက်မှုဒဏ်ကို ဆိုးရွားစွာခံစားရနိုင်ကြောင်း ထင်မြင်ယူဆခဲ့ကြပါသည်။ ထို့အပြင် ယိုကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည့် Diamond Princess အပျော်စီးသ​ေင်္ဘာမှ ရောဂါပိုးကူးစက်မှုများ၊ ထိုအချိန်တွင် ဂျပန်အစိုးရ၏ သင်္ဘောပေါ်မှ ခရီးသည်များအား နှေးကွေးသည့် ရောဂါပိုးစစ်ဆေးမှုလုပ်ငန်း ဆောင်ရွက်ချက်များသည်  နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဝေဖန်မှုများ ပေါ်ထွက်လာစေခဲ့ပါ သည်။  သို့သော် ဂျပန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ လက်ရှိ ဆောင်ရွက် ချက်များသည် (အထူးသဖြင့်) အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်မှုများ ရရှိခဲ့ကြောင်း သုံးသပ်နိုင်ပါသည်။

လူဦးရေ စုစုပေါင်း ၁၂၆ သန်းကျော်ရှိသည့် ဂျပန်နိုင်ငံတွင် လက်ရှိ ကူးစက်မှုစုစုပေါင်း  တစ်သိန်းခုနှစ်သောင်းကျော်နှင့် သေဆုံးမှုစုစုပေါင်း နှစ်ထောင့်ငါးရာကျော် ရှိနေချိန်တွင် ဂျပန် နိုင်ငံ၏ လူဦးရေတစ်ဝက်ခန့်သာရှိသည့် ဗြိတိန်နိုင်ငံတွင် ကူးစက်မှုစုစုပေါင်း ၁.၈ သန်း ကျော်နှင့် သေဆုံးမှုဦးရေစုစုပေါင်း ခြောက်သောင်း လေးထောင်ကျော်ခန့်ရှိနေသည်ကို တွေ့ရပါသည်။  စီးပွားရေးအပေါ် သက်ရောက်မှုရှုဒေါင့်မှ သုံးသပ်ပါက ဂျပန်နိုင်ငံ၏ GDP သည် ဒုတိယ သုံးလပတ်ကာလအတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ဂျာမနီနိုင်ငံ၏ GDP ကျဆင်း မှုနှုန်း  - ၉ ဒသမ ၇ ရာခိုင်နှုန်း နှင့် ဗြိတိန်နိုင်ငံ၏ GDP ကျဆင်းမှုနှုန်း - ၂၀ ဒသမ ၄ ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်ပါက များစွာသာလွန်ကြောင်း တွေ့ရ ပါသည်။ 

ဗြိတိန်နိုင်ငံအခြေစိုက် “Schroder Investment Management” မှ စီးပွားရေးပညာရှင် များက ဂျပန်နိုင်ငံသည် လက်ရှိတွင် စီးပွားရေးပြန်လည်နာလန်ထူသည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အစိုးရ၏ ဘဏ္ဍာရေးပံ့ပိုးမှုအစီအစဉ်များကြောင့် နိုင်ငံ၏ စီးပွားရေး သည် ပြန်လည်အရှိန်ရလာပြီး ပို့ကုန်တင်ပို့မှုများနှင့် စက်မှုထုတ်ကုန်များအပိုင်းတွင် တိုးတက်မှု များ ဖြစ်ထွန်းလာကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်းထိ ရောက်ရှိ လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

အလားတူပင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်များတွင် ဂျပန်အစိုးရအနေဖြင့် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြသည့် ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့နှင့် နှိုင်း ယှဉ်ပါက ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရပါသည်။ ကူးစက်မှုလမ်းကြောင်းများ ခြေရာခံခြင်း၊ လုပ်ငန်းခွင်နေရာများ၊ တစ်ဆင့်ခံဖြတ်သန်းသွားလာမှုများနှင့် အခြားသော နေ့စဉ် လူနေမှုဘဝတွင်ထိတွေနေသည့် လက်လီစျေးဆိုင်များ၊ ပန်းခြံများ၊ ဆေးဆိုင်များတွင် ဗိုင်းရပ်စ်ကူးစက်မှုတားဆီးရေးအစီအမံများ ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရပါသည်။ ဂျပန်နိုင်ငံအနေဖြင့် ဧပြီလအတွင်းက အရေးပေါ်အခြေနေကြေညာခဲ့သော်လည်း Completely Lockdown အနေဖြင့် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ Semi-Lockdown အနေဖြင့်သာ ကန့်သတ် ၍ ထိန်းချုပ်ဆောင်ရွက်မှုအစီအမံများ ကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။

ထူးခြားချက်တစ်ရပ်မှာ ဂျပန်ပြည်သူအများစု အနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း အလေ့အထနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ခြင်း၊ အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းခွင်နေရာ များ၊ အများပြည်သူဆိုင်ရာနေရာများတွင် စည်းကမ်းတကျ လိုက်နာနေထိုင်ကြခြင်း၊ ဂျပန် လူမျိုး တို့၏ ရိုးရာယဉ်ကျေးမှုအရ တစ်ဦးကိုတစ်ဦးနှုတ်ဆက်ရာတွင် လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ပွေ့ဖက်နှုတ်ဆက်ခြင်းများအစား ကိုယ်ခန္ဓာကိုကိုင်းညွှတ်ကာနှုတ်ဆက်သည့် အလေ့အထရှိခြင်း၊  ဂျပန်အစိုးရမှ ချမှတ်ထားသည့် “3 Cs”ဟု ခေါ်ဆိုသော  “Closed spaces, Crowded places, and Close contact” လမ်းညွှန်ချက်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် များစွာအကျိုးရှိသည်ကိုလည်း တွေ့ရပါသည်။  ထို့အပြင် ဂျပန်နိုင်ငံတစ်ဝှမ်း အရေးပေါ် ကြေညာချက်ထုတ်ပြန်ချိန်တွင် ချမှတ်ခဲ့သည့် အစိုးရ၏ စည်းမျည်းစည်းကမ်းများသည် အခြားသောနိုင်ငံများမှ ထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်စည်းမျဉ်း စည်းကမ်းများကဲ့သို့ မပြင်းထန်သော်လည်း ဂျပန်ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှုမှာ မြင့်မားကြောင်းတွေ့ရပါသည်။

ဂျပန်အစိုးရသည် ပြည်သူပြည်သားများအားလုံး လူနေမှုပုံစံအသစ်ကို လက်ခံကျင့်သုံး ခြင်းဖြင့် ကူးစက်ရောဂါ၏နောက်ဆက်တွဲ သက်ရောက်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အလို့ငှာ "Basic Policies for Economic and Fiscal Management and Reform 2020" နှင့် "Emergency Economic Measures to cope with the Novel Coronavirus" တို့ကို ရည်ရွယ် ဖော်ဆောင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါပြန်ပွားမှုထိန်းချုပ်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ နေပါသည်။  သို့ဖြစ်ပါ၍ ဂျပန်အစိုးရအနေဖြင့်  ပြည်တွင်းရှိ ကိုရိုနာကပ်ရောဂါ ပြန့်ပွားမှုအခြေ အနေများကိုသာမက ပြည်ပနိုင်ငံများ၏ ရောဂါပြန့်ပွားမှု အခြေအနေများ၊ ကိုရိုနာကူးစက် ရောဂါ၏ ပြည်တွင်းနှင့်ပြည်ပ စီးပွားရေးအပေါ် သက်ရောက်မှုအလားအလာများ၊ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများအပေါ် အကျိုးသက်ရောက်မှုများ စသည်တို့ကို စနစ်တကျ ချင့်ချိန်သုံးသပ်၍ ဘက်စုံထောင့်စုံမှ တိုးတက်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့

ကိုးကားမှုများ

 The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Nikkei Asian Review Worldometers, Schroder, the Nippon.com.