Main menu

Background

တရုတ်နိုင်ငံဆိပ်ကမ်းများတွင် ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာ ဖြင့် တင်သွင်းမှုများစုပုံလာခြင်းကြောင့် ပြည်တွင်းပြည်ပ ကုန်သေတ္တာသယ်ယူပို့ဆောင်မှုလမ်းကြောင်းအချို့အားဆိုင်းငံ့မှုများရှိလာသည့် အခြေအနေများ

Wed, 12/16/2020 - 16:17 -- journal_editor

မြန်မာနိုင်ငံမှကုန်သေတ္တာတင်သင်္ဘောဖြင့် ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်စရိတ်များ တရိပ်ရိပ်မြင့်တက်လာနေမှု အခြေအနေများနှင့် ဆက်စပ်လျက် တရုတ်နိုင်ငံအတွင်းဖြစ်ပေါ်နေသော ကုန်သေတ္တာသယ်ယူပို့ဆောင်မှု ဆိုင်ရာ သတင်းများအား ဆက်လက်လေ့လာခဲ့ရာ အောက်ဖော်ပြပါအတိုင်းတွေ့ရပါသည် -

(က) တရုတ်နိုင်ငံရှိ ရှန်ဟိုင်းဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အလုပ်အများဆုံး ကုန်သေတ္တာ ဆိပ်ကမ်းဖြစ်ပြီး၊ ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် မြစ်ကြောင်း ဆိပ်ကမ်း နှစ်ရပ်ပေါင်းစပ်ထားသည့် ဆိပ်ကမ်းကြီးဖြစ် ပါသည်။  နှစ်စဉ် ပေ(၂၀)နှင့်ညီသည့် ကုန်သေတ္တာပေါင်း (TEU) (၄၂)သန်းခန့်ရှိအား လက်ခံနိုင်စွမ်းရှိပြီး၊ ၂၀၁၉ ခုနှစ်တွင် TEUအလုံးပေါင်း (၄၃.၃)သန်းအထိရှိခဲ့ပါသည်။ ရှန်ဟိုင်းဆိပ်ကမ်းအား  အများပိုင် Shanghai International Port Co., Ltd.က လည်ပတ်ဆောင်ရွက် လျက်ရှိပြီး၊ ၎င်းကုမ္ပဏီရှယ်ယာ၏ (၄၄.၂၃) ရာခိုင်နှုန်းအား ရှန်ဟိုင်းမြူနီစီပယ်အစိုးရက ပိုင်ဆိုင်ထားပါသည်။  ရှန်ဟိုင်း ဆိပ်ကမ်း၏အရှေ့ဘက်တွင် အရှေ့တရုတ်ပင်လယ်၊ တောင်ဘက်တွင် ဟန်ကျိုးပင်လယ်အော် (Hangzhou Bay) တို့ရှိပြီး၊  ၎င်းတွင် Yangshan ရေနက်ဆိပ်ကမ်း ၊ ဟောင်းပူ (Huangpu) မြစ်နှင့် ရန်ဇီမြစ်တို့နှင့် ဆက်စပ်နေသည့် အဓိက လုပ်ငန်း ဇုန်နေရာ (၃)ဇုန်ပါဝင်ပါသည် ။ ရှန်ဟိုင်း ဆိပ်ကမ်းမှ တရုတ်ကုန်းတွင်းပိုင်းသို့ သယ်ယူ ပို့ဆောင်ရာတွင် ရန်ဇီမြစ်အား အဓိက အသုံးပြုပြီး၊ တောင်ပိုင်းပြည်နယ်များဆီသို့တင်ပို့ရာတွင် ကမ်းရိုးတန်း သွား ကုန်တင်ဆွဲသင်္ဘောများကိုလည်း အသုံးပြုပါသည်။

(ခ) ၂၀၂၀ ခုနှစ်အတွင်း ကိုရိုနာကပ်ရောဂါဖြစ်ပွားမှုကြောင့် ရှန်ဟိုင်းဆိပ်ကမ်း၏ ဖွံ့ဖြိုးမှုမှာ ယခင်နှစ် အလားတူကာလကထက် (၆.၉)ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ သို့ရာတွင် ဇူလိုင်လအတွင်း TEUအလုံးပေါင်း (၃.၉)သန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ဇူလိုင်လ ၃၀ ရက်နေ့တစ်ရက်တည်းမှာပင် TEU အလုံးပေါင်း (၁၄၉,၅၆၅)လုံး အားစံချိန်တင်လက်ခံရရှိခဲ့ပြီး ဇူလိုင်လအတွင်း TEU  အလုံးပေါင်း (၄)သန်းကျော်ရရှိခဲ့သည်ဟုသိရပါသည်။ တနည်း အားဖြင့် ကိုရိုနာကပ်ရောဂါ အလွန်ကာလ၌ တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန် လာသည်ဟု ယူဆနေကြပါသည်။

(ဂ) အောက်တိုဘာလအတွင်း ရှန်ဟိုင်းဆိပ်ကမ်းသို့ ကုန် သေတ္တာဆိုက်ရောက်မှုများမှာ TEU အလုံးပေါင်း (၄.၂)သန်း ကျော်အထိ စံချိန်အသစ်တင်ရလောက်အောင် အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ယခင်နှစ်ကထက် (၁၅.၇) ရာခိုင်နှုန်း တိုးတက်ခဲ့ သည်ဟု တရုတ်အာဏာပိုင်များ၏ အဆိုအရသိရပါသည်။  ထို့အပြင် တရုတ်တစ်နိုင်ငံလုံးရှိ စုစုပေါင်း ကုန်သေတ္တာ ပမာဏမှာ အောက်တိုဘာလအတွင်း (၁၆) ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပြီး၊ အဓိကဆိပ်ကမ်းများတွင် (၂၀)ရာခိုင်နှုန်း နီးပါးအထိရှိခဲ့ပါသည်။

(ဃ) ထိုကဲ့သို့ ကုန်သေတ္တာပမာဏ များစွာတိုးတက်လာခြင်းမှာ အကြောင်းရင်း (၂)ခုကြောင့် အဓိကဖြစ်သည်ဟု ယူဆနိုင် ပါသည်။ တစ်ချက်မှာ လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာသောကြောင့်ဖြစ်နိုင်ပြီး၊ ကျန်တစ်ချက်မှာ  သင်္ဘော အသုံးပြု၍ ကုန်သေတ္တာသယ်ဆောင်မှု အများဆုံး ရာသီ အတွင်း ကုန်သေတ္တာနေရာလွတ် ရနိုင်မှုနည်းပါးလာခြင်း ကြောင့် စုပုံလာခြင်းလည်း ဖြစ်နိုင်ပါသည်။

(င)  ဒုတိယဖြစ်နိုင်ခြေရှိသည့် ရှန်ဟိုင်းဆိပ်ကမ်း၌ ကုန်သေတ္တာ အများအပြားလက်ခံရရှိမှုမှာ ကမ္ဘာ့သင်္ဘောလိုင်းများဘက်မှ သယ်ယူပေးနိုင်စွမ်းအား မလိုက်နိုင်သောကြောင့် အခက် အခဲ များစွာဖြစ်နေသည်ကို ဖော်ပြနေပါသည်။  ကုန်သေတ္တာ သယ်ယူပို့ဆောင်ရာတွင် မညီမျှမှုများ ဖြစ်လာသောကြောင့် တရုတ်ပြည်တွင်းသယ်ယူပို့ဆောင်ရာတွင်ကုန်ကျစရိတ်များ ပိုမိုလာသဖြင့်  နိုင်ငံခြားသင်္ဘောတင် ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံအတွင်း ဆိပ်ကမ်းတစ်ခု နှင့်တစ်ခုကြားသို့  သယ်ယူပို့ဆောင်ပေးမှုများကိုပင် ဆိုင်းငံ့ထားရသည်ဟု သိရပါသည်။ ထို့ပြင် ပြည်ပမှ တင်သွင်းလာသည့် ကုန်သေတ္တာများအား ပိုမိုတင်းကြပ်စွာစစ်ဆေးခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်များအရ ဆိပ်ကမ်းများတွင် ကုန်သေတ္တာကြပ်ညပ်မှုများ ဖြစ်ပွားစေသဖြင့် အအေးခန်း ဖြင့် သယ်ယူပို့ဆောင်ရသော ကုန်သေတ္တာများအတွက် မီးပလပ်ပေါက်များ ရနိုင်ခြင်းမရှိတော့သောကြောင့် ၎င်း ကုန်သေတ္တာများ လက်ခံခြင်းအား ရပ်ဆိုင်းထားရသည် အထိပင်ဖြစ်လာပါ သည်။

(စ)   ONE အမည်ရှိ သမုဒ္ဒရာကွန်ယက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိ တောင်တရုတ်နှင့် ဖူကျန့် ဆိပ်ကမ်းများမှ ရောက်ရှိလာသော ကုန်သေတ္တာများအား လက်ခံမည် မဟုတ်ကြောင်း၊  ရှန်ဟိုင်းရှိ ဟောင်ပူ (Huangpu) ဆိပ်ကမ်းသို့ ရောက်ရှိလာမည့် အအေးခန်း ကုန်သေတ္တာများအား ဆိုင်းငံ့ထားမည်ဖြစ်ကာ၊ ကုန် သေတ္တာများအား ပြည်တွင်း၌ သယ်ယူပို့ဆောင်ပေး မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

  ရှန်ဟိုင်းဆိပ်ကမ်းအပြင် ဟောင်ကောင်တွင်လည်း ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများ ပြန်လည်မြင့်တက်လာပြန်သဖြင့် တရုတ်ပြည်မကြီးနှင့်  ကုန်သွယ် ရာတွင် သီးခြားထား၍ စစ်ဆေးမည့်ကန့်သတ်ချက်များ ပိုမိုတင်းကြပ်လာနေသဖြင့် ဟောင်ကောင် - မကာအိုနှင့် တရုတ်ပြည်မကြီးတို့ကြား ကုန်တင်ရေယာဉ်များဖြင့် သယ်ယူကုန်သွယ်မှုများအပေါ်တွင်လည်းကောင်း၊ ဟိုင်နန်၊ ကွမ်ရှီးနှင့် ပုလဲမြစ်ဝှမ်း ဆိပ်ကမ်းများသို့ သွင်းကုန် ကုန်သေတ္တာသယ်ယူပြီး စစ်ဆေးရေးလုပ်ငန်းများတွင် လည်းကောင်း ပိုမိုတင်းကြပ်မှုများရှိလာမည်ဟု သိရပါသည်။ သတင်းများအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင်  ကွမ်ကျိုး၊ ဖော်ဆန်းနှင့် Jiangmen ကဲ့သို့သော အထင်ကရဆိပ်ကမ်းများသို့ သယ်ယူမည့်ကုန်တင်ဆွဲသင်္ဘောများအား ဆိုင်းငံ့ထား မည်ဖြစ်ပြီး၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ဟိုင်နန်၊ ကွမ်ရှီးနှင့် ပုလဲမြစ်ဝှမ်း ဆိပ်ကမ်းများသို့ ကုန်တင်ဆွဲသင်္ဘောများဖြင့် သယ်ဆောင်မှုများအား ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သိရပါသည်။

အလားတူပင် အခြားထောက်ပို့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့်  CMA CGM ကလည်း ဒီဇင်ဘာလနောက်ဆုံးပတ်တိုင်အောင် အာရှမှဉရောပမြောက်ပိုင်းသို့ သယ်ယူပို့ဆောင်သည့် လမ်းကြောင်း (၄၉)၊ (၅၀)နှင့် (၅၁) တို့အတွက် ကြိုတင်နေရာရယူမှုများအား ဆိုင်းငံ့ထားကြောင်း သိရပါသည်။  ထို့ပြင်ကပ်ရောဂါအခြေအနေနှင့် လာမည့်ခရစ်စမတ်နှင့်နှစ်သစ်ကူးပွဲတော်ကာလများအတွင်း  အမေရိကန်၊ ဉရောပနိုင်ငံများနှင့် လက်တင် အမေရိက နိုင်ငံများသို့ ကုန်တင်မည့် အတ္တလန္တိတ်သမုဒ္ဒရာ ကုန်သေတ္တာသင်္ဘောပတ်လမ်းအချို့အား ဆိုင်းငံ့မည်ဟု Hapag-Lloyd ၊ ONE  ၊ Yang Ming  နှင့် HMM မိတ်ဖက် ပို့ဆောင်ရေးကလည်း ထုတ်ပြန်ကြေညာထားပါသည်။

ယခုကဲ့သို့  တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းကြီးတွင် ကုန်သေတ္တာများစုပုံကြပ်ညပ်နေပြီး၊ ကုန်းတွင်းပိုင်းနှင့် တောင်ပိုင်းပြည်နယ်များဆီသို့ တဆင့်ပြန်သယ်ယူ မည့်အချိန်ကြာမြင့်လာခြင်းနှင့် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောတင်မည့် အချိန်ကြိုတင်နေရာရန် (booking)ခက်ခဲလာခြင်းတို့မှာ တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပြုလုပ်နေသည့် မြန်မာလုပ်ငန်းများအတွက်  အရောင်းအဝယ်စာချုပ်ပါ ကတိ ကဝတ်များအတိုင်း အချိန်မီတင်ပို့နိုင်ခြင်း မရှိပါက အငြင်းပွားမှုများကဲ့သို့ စိန်ခေါ်မှုများ ရှိလာနိုင်ပါမည်။  မြန်မာနိုင်ငံ၏ တည်နေရာအနေအထားအရ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်ပို့နိုင်မည်ဖြစ်သော်လည်း နယ်စပ်ဂိတ်များတွင် ပင်လယ်ရေကြောင်း ဆိပ်ကမ်း များကဲ့သို့ပင် ကိုရိုနာကပ်ရောဂါကြောင့် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာပြီး၊ တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီလလယ်ပိုင်း စစ်ဆေးရေးဝန်ထမ်းများ နည်းပါးချိန်တွင် ပိုမိုကြန့်ကြာလာပါက ပျက်စီးလွယ်သော ကုန်ပစ္စည်းများ အတွက် ပိုမိုနစ်နာဆုံးရှုံးမှုများရှိလာခြင်းနှင့်  မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏတွင် ကျဆင်းမှု များ ရှိလာနိုင်မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံဆိပ်ကမ်းများတွင် ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာဖြင့် တင်သွင်းမှုများစုပုံလာခြင်းကြောင့် ပြည်တွင်းပြည်ပကုန်သေတ္တာသယ်ယူ ပို့ဆောင်မှုလမ်းကြောင်းအချို့အား ဆိုင်းငံ့မှုများရှိလာသည့် အခြေအနေများအား သိရှိရပါသည်။

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့