Main menu

Background

စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် နိုဝင်ဘာလတွင် ၈ ဒသမ ၇ ရာခိုင်နှုန်းကျဆင်း

Thu, 12/17/2020 - 15:25 -- journal_editor

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု အခြေအနေမှာ ဖေဖော်ဝါရီလမှလွှဲ၍ ကျန်လများတွင် ကုန်သွယ်မှုကျဆင်းခဲ့ပါသည်။ ၁၇ - ၁၂ - ၂၀၂၀ ရက်တွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏  သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် ၈ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။  

နိုဝင်ဘာလတွင် ပို့ကုန်စင်ကာပူဒေါ်လာ ၄၂ ဘီလီယံနှင့် သွင်းကုန် စင်ကာပူဒေါ်လာ ၃၈ ဘီလီယံတို့ဖြင့် စုစုပေါင်းကုန်စည်ကုန်သွယ်မှုပမာဏ စင်ကာပူဒေါ်လာ ၈၀ ဘီလီယံ ရရှိခဲ့ပါသည်။  စက်သုံးဆီမဟုတ်သော ပြည်တွင်း ထုတ်ပို့ကုန် (Non-Oil Domestic Exports) သည်လည်း ၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဆက်လက်ကျဆင်းခဲ့ပါသည်။ အဆိုပါ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်ကို အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်း မဟုတ်သောပို့ကုန်ဟူ၍ နှစ်ပိုင်းခွဲခြား ဖော်ပြရာတွင် အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်မှာ ၃ ဒသမ  ၈ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်း မဟုတ်သောပို့ကုန်မှာ ၅ ဒသမ ၂ ရာခိုင်နှုန်းတို့ဖြင့် နှစ်မျိုးလုံးကျဆင်းခဲ့ပါသည်။ အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်တွင် အဓိကဖြင့် Personal Computers ပစ္စည်းအစိတ်အပိုင်း (-၁၂ ဒသမ ၁ ရာခိုင်နှုန်း)၊ Disk media ပစ္စည်းများ (-၉ ဒသမ ၇ရာခိုင်နှုန်း) နှင့် ICs (-၇ ဒသမ ၉ရာခိုင်နှုန်း) တို့အား တင်ပို့မှုလျှော့ကျခဲ့ပြီး၊ အီလက်ထရွန်နစ်ပစ္စည်း မဟုတ်သောပို့ကုန်ပိုင်းတွင် ရေနံဓာတုပစ္စည်း (-၁၈ ဒသမ ၅ရာခိုင်နှုန်း) ၊ ရွှေ (-၁၅ ဒသမ ၁ရာခိုင်နှုန်း)နှင့် ဆေးဝါးများ (-၁၃ ဒသမ ၄ရာခိုင်နှုန်း) တင်ပို့မှုကျဆင်းခဲ့ပါသည်။ စက်သုံးဆီမဟုတ်သော ပြည်တွင်း ထုတ်ပို့ကုန်များကို အမေရိကန်၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မှုတိုးတက်ခဲ့သော်လည်း အင်ဒိုနီးရှား (-၁၀ ဒသမ ၉ရာခိုင်နှုန်း)၊ တရုတ် (-၁၈ ဒသမ ၄ရာခိုင်နှုန်း) နှင့် အီးယူ ၂၇ နိုင်ငံ (-၂၄ ဒသမ ၆ရာခိုင်နှုန်း) နိုင်ငံများသို့ တင်ပို့မှုလျှော့ကျခဲ့ပါသည်။ ထို့ပြင် CLMV နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲစျေးကွက်များသို့ တင်ပို့မှုမှာ လည်း ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

နိုဝင်ဘာလအတွင်း စင်ကာပူ၏ စက်သုံးဆီတင်ပို့မှုအခြေအနေမှာလည်း ၅၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အထူးသဖြင့် မလေးရှား (- ၆၉ ဒသမ ၆ရာခိုင်နှုန်း)၊ အင်ဒိုနီးရှား (-၅၈ ဒသမ ၃ရာခိုင်နှုန်း) နှင့် သြစတြးလျ (-၅၃ ဒသမ ၁ရာခိုင်နှုန်း) နိုင်ငံများသို့ တင်ပို့မှုကျဆင်းခဲ့သောကြောင့်ဖြစ်ပါသည်။ သို့ရာတွင် စင်ကာပူ၏အီလက်ထရွန်နစ်ပစ္စည်းများကို ပြန်လည်တင်ပို့မှုဆက်လက်တိုးတက်နေသောအခြေအနေကြောင့် စက်သုံးဆီမဟုတ်သော ကုန်ပစ္စည်း များကို ပြန်လည်တင်ပို့မှု (Non-Oil Re-exports) အပိုင်းတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

သတင်းရင်းမြစ် ။    ။ Enterprise Singapore, Ministry of Trade & Industry, Singapore