Main menu

Background

ဂျပန်နိုင်ငံ၌ ဆန် စားသုံးမှု နှစ် ၂၀ အတွင်း ကျဆင်းလျက်ရှိ

Tue, 02/02/2021 - 15:17 -- journal_editor

ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဆန်ရောင်းအား သိသိ သာသာကျဆင်းခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပြန့်ပွားနေမှုကြောင့် စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအား၊ အိမ် တွင်းစားသုံးမှုအတွက် ဝယ်လို အားများ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း အိမ်ထောင်စုများ၏ အသုံးစရိတ်သည် နှစ် ၂၀ အတွင်း အနိမ့်ဆုံးအဆင့် သို့ ကျဆင်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်း၌ နိုင်ငံအတွင်း အရေးပေါ် ကြေညာချက် ထပ်မံထုတ်ပြန်ခြင်းသည်  စီးပွားရေးပတ်ဝန်းကျင်ကို မရေရာမသေချာမှုများ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း၊ ပြည်တွင်းဆန် ရောင်းလိုအားနှင့် ဝယ်လိုအားကို ဟန်ချက်ညီမျှစေရန်အတွက် ထုတ် လုပ်မှုသည် ဝယ်လိုအားအရ ထုတ်လုပ်ရုံသာမက စားသုံးမှုကိုပါ နှိုးဆွပေးသော အစီအမံများဆောင်ရွက်ခြင်းသည်လည်း အရေးပါကြောင်း  စီးပွားရေးသုတေသီများက သုံးသပ်ကြသည်။ ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏  အိမ်ထောင်စု စစ်တမ်းအရ လူနှစ်ဦးထက်ပိုသော အိမ်ထောင်စုများ၏   ၂၀၂၀ ပြည့်နှစ်အတွင်းက ဆန်စားသုံးမှုသည် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး နိုဝင်ဘာလတွင်လည်း ၄ ဒသမ ၇ ရာခိုင်နှုန်း ဆက်လက်ကျဆင်း ခဲ့သည်။ လွန်ခဲ့သောနှစ် ၂၀ အတွင်း၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါကလည်း အမြင့်ဆုံးကျဆင်းခဲ့ကြောင်း သိရသည်။  ၂၀၂၀ ပြည့်နှစ် အတွင်း ပြည်တွင်း ဆန်ဈေးနှုန်းသည် ခြောက်နှစ်တာကာလအတွင်း ကျဆင်းခဲ့သော်လည်း ပြည်တွင်းစားသုံးမှုမြင့်တက်လာစေရန်  နှိုးဆွ ပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
သို့သော် ဆန်စားသုံးမှု၏ အဓိကပြိုင်ဘက်အစားအစာဖြစ်သည့် ခေါက်ဆွဲထုတ်လုပ်မှု ပမာဏသည် ယခင် ၂၀၁၉ခုနှစ်ထက် တိုးတက် လာပါသည်။ ထိုအချက်သည် ယခင်က ဆန်ကို အဓိကထား စားသုံး သူများ၏ စားသုံးမှုပမာဏကို လျော့နည်းလာစေသော အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ ဂျပန်နိုင်ငံ  စိုက်ပျိုးရေး၊  ရေလုပ်ငန်းနှင့် သစ်တောဝန်ကြီးဌာနမှ ပြုစုထားသည့် စာရင်းများအရ  ဆန်လက်ကား ရောင်းချသူများ၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၏ ရောင်း အားသည် ယခင်နှစ်မှ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရှစ်လဆက် တိုက် ကျဆင်းခဲ့ပြီး ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ထိုသို့ ပြည်တွင်းစားသုံးမှုများ ကျဆင်းနေသဖြင့် ဆန်စိုက်ပျိုး ထုတ်လုပ်မှု ဧရိယာများ၌ ရောင်းချမှုမှာလည်း ထိုင်းမှိုင်းနေပါ သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ ဆန်စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာများမှ ရရှိသည့်စာရင်းများအရ တစ်နိုင်ငံလုံး ရောင်းအား သည် တန်ချိန် ၃၈၅၀ဝ၀ ရှိပြီး   ယခင်နှစ် ကထက်  ၁၃ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအား နှေးကွေးမှုကြောင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများလည်း နှောင့်နှေးနေခြင်းအပြင် အိမ်တွင်းစားသုံးမှု ကျဆင်းလာသည့်အတွက် ဆန် ရောင်းချမှုအပိုင်းတွင် သက်ရောက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
Hokuriku ဒေသရှိ စိုက်ပျိုးရေးအရာရှိများမှ ပြည်တွင်း၌ စံထားသည့် စားသုံးကုန် အမှတ်တံဆိပ်များပင် အရောင်းအဝယ် ကျဆင်းနေကြောင်းနှင့် ကိုရိုနာကူးစက်ရောဂါ၏  သက်ရောက်မှုကြောင့် အရသာမြည်းစမ်းနိုင်သော အရောင်းမြှင့်တင်ရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ရန် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်း၌ ဆန်စားသုံးမှုသည် ဆက်လက်ကျဆင်းနေမည် ဆိုပါက အနာဂတ်၏ ဆန်ရောင်းလိုအားနှင့် ဝယ်လိုအားတို့တွင် များစွာ  ထိခိုက်လာနိုင်သည့်အတွက် ရောင်းလိုအားနှင့် ဝယ်လို အားတို့ ဟန်ချက်ညီမျှစေရန် ၂၀၂၁ ခုနှစ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တွင် သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး အရာရှိများက သုံးသပ်ပြောကြားခဲ့သည်။ Tohoku ဒေသမှ စိုက်ပျိုးရေးအရာရှိတစ်ဦးမှလည်း သင့်လျော်သည့် ဆန်ပမာဏကို ထုတ်လုပ်ရုံသာမက ဆန်စားသုံးမှုကိုလည်း မြှင့်တင် ရန် လိုအပ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

 

နန္ဒာဝင်း(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ တိုကျိုမြို့။