Main menu

Background

ကပ်ရောဂါဖြစ်ပွားမှုကပို့ကုန်တင်ပို့သူများအတွက်အထူးအခွင့်အရေးများအသုံးပြုမှုကျဆင်းစေ

Fri, 03/12/2021 - 11:01 -- journal_editor

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် Free Trade Agreement(FTA)နှင့် Generalized System of Preferences (GSP)အခွင့်အရေးအသုံးပြုမှုတို့သည် ၂၀၂၀ခုနှစ်တွင် ထိုင်းပို့ကုန်တင်ပို့သူများအတွက် အမေရိကန်ဒေါ်လာ(၆၂.၃)ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကထက် (၁၀.၅%)ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့်ကပ်ရောဂါကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

         စုစုပေါင်းFTAအသုံးပြုမှုပမာဏမှာအမေရိကန်ဒေါ်လာ(၅၈.၁)ဘီလီယံရှိခဲ့ပြီးနှစ်အလိုက်တွင်(၁၁.၄%)ကျဆင်းခဲ့ကြောင်း၊ GSP အသုံးပြု၍ ပို့ကုန်တင်ပို့မှုမှာအမေရိကန်ဒေါ်လာ(၄.၂) ဘီလီယံရှိခဲ့ပြီး (၅.၀၃%) တိုးတက်ခဲ့ကြောင်းနိုင်ငံခြားကုန်သွယ်မှုဌာန၏ညွှန်ကြားရေးမှူးချုပ် Keerati Rushchano ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          FTA အထူးအခွင့်အရေးကိုအမြင့်ဆုံးအသုံးပြု၍ တင်ပို့ခဲ့သော ထိပ်တန်းဈေးကွက် (၅)ခု မှာ အာဆီယံ   (အမေရိကန်ဒေါ်လာ၁၉.၃ဘီလီယံ)၊ တရုတ်    (အမေရိကန်ဒေါ်လာ၁၉ဘီလီယံ)၊ ဩစတြေလျှ(အမေရိကန်ဒေါ်လာ ၆.၉ဘီလီယံ)၊ ဂျပန်(အမေရိကန်ဒေါ်လာ၆.၄ဘီလီယံ)၊ အိန္ဒိယ(အမေရိကန်ဒေါ်လာ၃.၃ဘီလီယံ)တို့ဖြစ်ကြောင်းသိရှိရပါသည်။

          အထူးအခွင့်အရေးအများဆုံးအသုံးပြု၍တင်ပို့ခဲ့သောကုန်ပစ္စည်းများမှာသဘာဝရာဘာနှင့် ရောစပ်ထားသော (Synthetic) ရာဘာထုတ်ကုန်များ၊သစ်သီးဝလံများ၊ (၅)တန်အထိရှိသော ထရပ်ကားများ၊ လေအေးပေးစက်များနှင့် ပီလောပီနံတို့ဖြစ်ကြပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-နယူးဇီလန် FTA အပါအဝင် FTA စုစုပေါင်း(၁၃)ခုရှိကြောင်း၊ ၎င်းတို့မှာပင်ရင်းဒေသ အထောက်အထားအတွက်(Self-declaration) မိမိကိုယ်တိုင်ကြေငြာရန် လိုအပ်ကြောင်းနှင့် အာဆီယံ-ဟောင်ကောင် FTA အရ ထိုင်းနိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အများစုအတွက် သဘောတူညီချက်မစခင်တည်းက သွင်းကုန်ခွန်စည်းကြပ်မှုလျှော့ပေါ့ခွင့်ပြု ပေးထားကြောင်း သိရှိရပါသည်။

          Mr. Keerati ၏ပြောကြားချက်အရအမေရိကန်အနေဖြင့်အမေရိကန်ဒေါ်လာ(၃.၈) ဘီလီယံဖြင့် GDP သုံးစွဲမှုအမြင့်ဆုံးကို ဆက်လက်ထိန်းသိမ်းထားရှိခဲ့ပြီး ယခင်နှစ်ကထက် (၇.၅%)မြင့်တက်ခဲ့ကြောင်း၊ ၎င်းနောက်တွင် ဆွစ်ဇာလန်နိုင်ငံက အမေရိကန်ဒေါ်လာ(၂၇၁) သန်းဖြင့်ရှိနေပြီး(၁၈%)ကျဆင်းခဲခြင်းဖြစ်ကြောင်း၊ ရုရှားနှင့် ဓနသဟာယနိုင်ငံများက အမေရိကန်ဒေါ်လာ (၁၃၄)သန်းရှိပြီး ၎င်းမှာ(၃.၈%)ကျဆင်းခြင်းဖြစ်ကြောင်း၊ နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ(၃၁)သန်းရှိပြီး ၎င်းမှာ(၁.၃%)ကျဆင်းခြင်းဖြစ်ကြောင်းသိရှိရပါသည်။ GSP အခွင့်အရေးအများဆုံးအသုံးပြု၍ တင်ပို့ခဲ့သော ကုန်ပစ္စည်းများတွင်ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ၊ နာနတ်သီးနှင့် စည်သွပ်ဗူးများပါဝင်ကြောင်းသိရှိရပါသည်။

          ယမန်နှစ်ဧပြီလတွင် အမေရိကန်က ထိုင်းနိုင်ငံ၏ ကုန်ပစ္စည်းအမည်(၅၇၃)ခုအား GSP အခွင့်အရေးဖြတ်တောက်ခဲ့သော်လည်း ထိုင်းပို့ကုန်တင်ပို့မှုများအနေဖြင့် အမေရိကန်သို့တင်ပို့မှုမှာ ဆက်လက်ခိုင်မာ အားကောင်းနေ ဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ FTA နှင့် GSP အထူးအခွင့်အရေးများသုံးစွဲမှုများမှာ များစွာကျဆင်းခဲ့ရကြောင်း၊ အကြောင်းမှာ ၂၀၂၀ခုနှစ် အစောပိုင်းကစတင်၍ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွား ပျံ့နှံ့မှု ကြောင့်ဖြစ်ကြောင်း Mr. Keerati ကပြောကြားခဲ့ပါသည်။ထိုင်းနိုင်ငံ၏အချို့သောထုတ်ကုန်များအနေဖြင့်ပြည်ပတင်ပို့မှုများကျဆင်းခဲ့သည်ကိုတွေ့မြင်ရသော်လည်းမိမိတို့အနေဖြင့် ထိုင်းပို့ကုန်အများစုအနေဖြင့် FTA ရရှိသည့် ဈေးကွက်များသို့ တိုးချဲ့တင်ပို့ရန်အလားအလာများရှိနေကြောင်း၊ အဆိုပါထုတ်ကုန်များတွင် အစားအစာနှင့် အဖျော်ယမကာများ၊ လယ်ယာထွက်ကုန်များနှင့် ပြုပြင်ထုတ်လုပ်ထားသော လယ်ယာထုတ်ကုန်များဖြစ်ကြောင်း သိရှိရပါသည်။

          ယမန်နှစ်ကထိုင်းနိုင်ငံ၏ စုစုပေါင်းပို့ကုန်တင်ပို့မှုသည် မျှော်မှန်းထားသည်ထက်ပိုမို၍ ကောင်းမွန်ခဲ့ကြောင်း၊ပြီးခဲ့သည့်နှစ်ကထက်(၆.၁%)ကျဆင်းခဲ့ပြီးဒီဇင်ဘာလတွင် မထင်မှတ်ဘဲနှစ်အလိုက်တွင် (၄.၇%)မြင့်တက်ခဲ့ပြီးစုစုပေါင်းအမေရိကန်ဒေါ်လာ(၂၃၁)ဘီလီယံရရှိခဲ့ကြောင်းသိရှိရပါသည်။  ဒီဇင်ဘာလတွင် အကြီးအကျယ်တိုးမြှင့်တင်ပို့နိုင်သောပို့ကုန်အမည်အုပ်စု (၃)ခုရှိကြောင်း၊ အစားအစာထုတ်ကုန်များ၊ အိမ်မှနေ၍အလုပ်လုပ်သည့်ထုတ်ကုန်များနှင့်အိမ်အသုံးအဆောင်များ၊ ရာဘာလက်အိတ်များ၊ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကရိယာများနှင့် အစိတ်အပိုင်းများဖြစ်ကြောင်းသိရှိရပါသည်။ အခြားပစ္စည်းများအနေဖြင့် Plastic Pillets များ၊ Chemicals ၊ Electronic Integrated Circuits၊ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ မော်တော်ကားနှင့်အစိတ်အပိုင်းများဖြစ်ကြောင်းသိရှိရပါသည်။

 

Bangkok post

(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ဗန်ကောက်မြို့