Main menu

Background

Brexit အလွန် ပို့ကုန်ဆိုင်ရာအခက်အခဲများကြောင့် ဗြိတိန်နိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍ အလုပ်အကိုင် ဆုံးရှုံးမှုပိုများလာနိုင်ခြင်း

Tue, 03/16/2021 - 09:07 -- journal_editor

ဗြိတိန်နိုင်ငံအနေဖြင့် Brexit အလွန် အီးယူသို့ ပို့ကုန်တင်ပို့ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် နှောင့်နှေးမှုများနှင့် ကုန်ကျစရိတ်မြင့်တက်လာမှုတို့အား ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဗြိတိန်၏ ငါးလုပ်ငန်းကဏ္ဍ၌ အလုပ်အကိုင်ဆုံးရှုံးမှုများပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဗြိတိန်၏ အစိုးရတာဝန်ရှိသူ များအား ငါးလုပ်ငန်းလုပ်ကိုင်သူအဖွဲ့အစည်းများက ပြောကြားကြောင်းသိရသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် အထူးသဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ပိုမို ကြုံတွေ့ရလျက်ရှိကြောင်းနှင့် အစိုးရပိုင်းအနေဖြင့် အီးယူသို့ ပို့ကုန်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းအသစ် များကို ဆောလျင်စွာ ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုကြောင်း ဗြိတိန်နိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟု သိရသည်။ အီးယူသို့ ပို့ကုန်တင်ပို့မှုဆိုင်ရာ စနစ်များအား ဆွေးနွေးညှိနှိုင်းနိုင်လျှင်ပင် ကုန်ကျစရိတ်မြင့်တက်မှုများ ရှိနေသေးကြောင်း၊ ကာလလတ်နှင့် ကာလရှည်တွင် အသေးစားလုပ်ငန်းများအနေဖြင့် အီးယူနှင့် ကုန်သွယ်မှုရပ်ဆိုင်းသွားနိုင်ပြီး၊ ၎င်းလုပ်ငန်းများပျောက်ကွယ်သွားနိုင်ကြောင်း Seafood Scotland ၏ အမှုဆောင်ချုပ်ဖြစ်သူ Donna Fordyce ကပြောကြားခဲ့သည်။

            အီးယူနှင့်ဗြိတိန်နိုင်ငံတို့အကြား ပြီးခဲ့သည့်နှစ်က Brexit သဘောတူညီချက်ကို ရရှိခဲ့သဖြင့် ဗြိတိန်နိုင်ငံ၏ အီးယူနှင့်ကုန်သွယ်မှုတွင် အကောက်ခွန်နှင့် ကိုတာသတ်မှတ်ချက်များ မရှိသော် လည်း နယ်စပ်အကောက်ခွန်စစ်ဆေးမှုအဖြစ် ကုန်စည်များကို စစ်ဆေးရခြင်းနှင့် စာရွက်စာတမ်း များ ဖြည့်ဆည်းဆောင်ရွက်ရခြင်းတို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှုအပေါ် သက်ရောက်မှုရှိနေ ခြင်းဖြစ်သည်။ အထူးသဖြင့် ဗြိတိန်နိုင်ငံ၏ အသားနှင့်ငါးကဲ့သို့သော လတ်ဆတ် စားသောက်ကုန် လုပ်ငန်းကဏ္ဍအနေဖြင့် Brexit ကြောင့် ပိုမိုထိခိုက်ခဲ့ပြီး၊ စာရွက်စာတမ်းများကြောင့် ကုန်ကျ စရိတ်မြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်မှုနှောင့်နှေးခြင်းတို့ ဖြစ်ပေါ်လျက်ရှိသဖြင့် အီးယူဘက်မှ ဝယ်လက်များက ဗြိတိန်နိုင်ငံ၏ အသားနှင့်ငါး ထုတ်ကုန်များကို ဝယ်ယူရန် ငြင်းပယ်လာခြင်း (သို့မဟုတ်) ဈေးလျှော့ပေး၍ဝယ်ယူလိုခြင်းများရှိလာကြောင်း သိရသည်။

            ကိုဗစ်-၁၉ ကပ်ရောဂါနှင့် Brexit တို့၏ ဖိအားများကြောင့် ဗြိတိန်နိုင်ငံ၏ ငါးလုပ်ငန်း ကုမ္ပဏီများသည် လုပ်ငန်းပိတ်သိမ်းမှုများရှိနေကြောင်း၊ စာရွက်စာတမ်းများဖြည့်ဆည်းဆောင်ရွက် ရခြင်းကြောင့် consignment တစ်ကြိမ်အတွက် စတာလင်ပေါင် (၄၀၀) မှ (၆၀၀) ကြား မြင့်တက် လာကြောင်း၊ အချို့ကုမ္ပဏီများအနေဖြင့် စာရွက်စာတမ်းများဖြည့်ဆည်းရန်အတွက် အပိုဝန်ထမ်း (၂) ဦးမှ (၃) ဦးအထိ ငှါးရမ်းကြရသဖြင့် ကုန်ကျစရိတ်ကို ပိုမိုမြင့်လာစေကြောင်း သိရသည်။ ဗြိတိန် နိုင်ငံအနေဖြင့် အီးယူနှင့်ကုန်သွယ်မှုတွင် အပြန်အလှန်အကောက်ခွန်စစ်ဆေးသည့်စနစ်ထားရှိရေး ကို (၃) လမှ (၆) လအထိ ရွှေ့ဆိုင်းထားခြင်းကြောင့် အီးယူ၏ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဗြိတိန် နိုင်ငံသို့တင်ပို့ရာတွင် ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုတွင် နှောင့်နှေး ကြန့်ကြာခြင်းများ မရှိကြောင်း၊ ဗြိတိန်နိုင်ငံရှိ အီးယူသို့ ငါးတင်ပို့သည့် လုပ်ငန်းရှင်များ အနေဖြင့် အီးယူတွင် လုပ်ငန်းများရွှေ့ပြောင်းရေးကို စဉ်းစားနေကြကြောင်း သိရသည်။

ရင်းမြစ် -  (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့