Main menu

Background

ဥရောပအနေဖြင့် စီးပွားရေးကို တွန်းအားပေးနိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း OECD မှ ပြောကြားခဲ့ခြင်း

Tue, 03/16/2021 - 09:13 -- journal_editor

စီးပွားရေးကို တွန်းအားပေးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Co-operation and Development-OECD) က ပြောကြားခဲ့ကြောင်း၊ OECD အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမှ ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှုဆိုင်ရာ အကဲဖြတ်ချက်တွင် ယင်းသို့ တောင်းဆို ထားခြင်းဖြစ်ကြောင်း သိရသည်။ ဥရောပအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုတွင် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်နိုင်မှုကို OECD ၏ ပြန်လည်ပြင်ဆင် ထားသည့် စီးပွားရေးတိုးတက်မှုခန့်ခန်းချက်များက သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

            OECD က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှု (၅.၆) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ခန်မှန်းချက်ထက် (၁) ရာခိုင်နှုန်းတိုးတက် ခန့်မှန်းထားခြင်းဖြစ်သည်။ ယူရိုဇုန်အတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်မှာ သိသိသာသာ လျော့နည်းနေပြီး  (၃.၉) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊  ဒီဇင်ဘာလက ခန့်မှန်းချက်မှာ (၃.၆) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ OECD ၏ ချမ်းသားကြွယ်ဝသော အဖွဲ့ဝင် နိုင်ငံအများစုတွင် ကပ်ရောဂါမတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက လူဉီးရေ (၁၀) သန်းနီးပါး ပိုမို၍ အလုပ်လက်မဲ့ဖြစ်လာကြောင်း၊ စီးပွားရေးပြန်လည်နာလန်ထူလာရေးမှာ နိုင်ငံများအနေဖြင့် ၎င်းတို့၏ လူဉီးရေကို ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်နေကြောင်း၊ ယခု ကာလတွင် အကောင်းဆုံးစီးပွားရေးမူဝါဒမှာ ကာကွယ်ဆေးအား များများနှင့်မြန်မြန်ထိုးနှံခြင်း ဖြစ်ကြောင်း OECD ၏ စီးပွားရေးပညာရှင် Laurence Boone က ပြောကြားခဲ့သည်။

            ကာကွယ်ဆေးအများအပြားထိုးနှံပြီးသည့် အစ္စရေးကဲ့သို့သောနိုင်ငံအနေဖြင့် အသွား အလာ ကန့်သတ်မှုများကို ဖယ်ရှား၍ စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်သည်ကို မြင်တွေ့ နေရကြောင်း၊ အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့တွင်လည်း အလားတူ မြင်တွေ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။ မတ်လ (၈) ရက်နေ့အထိ အစ္စရေးနိုင်ငံတွင် လူဉီးရေ၏ (၅၈) ရာခိုင်နှုန်းကို ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံတွင် လူဉီးရေ၏ (၁၈) ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံတွင် လူဉီးရေ၏ (၃၃) ရာခိုင်နှုန်းထိုးနှံထားကြောင်း၊ ဂျာမနီနိုင်ငံနှင့် ပြင်သစ် နိုင်ငံတို့တွင် လူဉီးရေ၏ (၆) ရာခိုင်နှုန်းကျော်သာထိုးနှံပြီးခြင်းဖြစ်ကြောင်း သိရသည်။

            ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲအသစ်တွေ့ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံမှုနှောင့်နှေးနေခြင်းတို့သည် စီးပွားရေးလုပ်ငန်းများနှင့်အလုပ်အကိုင်များတိုးတက်နိုင်မည့် အခွင့်အလမ်းများကို ခြိမ်းခြောက်လာ နိုင်ကြောင်း OECD က သတိပေးပြောကြားထားသည်။ ဥရောပတွင် ကာကွယ်ဆေးထိုးနှံမှုကို အရှိန် မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း Laurence Boone ကပြောကြားသည်။ အီးယူတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ဖြူးမှုသည် ဧပြီလမှစတင်၍ တစ်လလျှင် ကာကွယ်ဆေးအလုံးရေ သန်း (၁၀၀) သို့ရောက်ရှိရန် အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ပြောကြားခဲ့ကြောင်းသိရသည်။ 

ရင်းမြစ် -  (ယူရိုနယူးစ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့