Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၏ပို့ကုန်တင်ပို့သူများအတွက် FTAs အထောက်အကူပြုစင်တာအသစ်များနှင့် ကုန်သွယ်ရေးရန်ပုံငွေများပံ့ပိုးသွားမည်

Thu, 03/18/2021 - 10:29 -- journal_editor

      Coronavirus ၏စိန်ခေါ်မှုများအကြား တောင်ကိုရီးယားပို့ကုန်တင်ပို့သူများမှ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) များကိုထိရောက်စွာ အသုံးပြု၍ပို့ကုန်များ ပိုမိုတိုးချဲ့ တင်ပို့နိုင်ကာအကျိုးအမြတ်ပိုမိုရရှိစေ‌ရေးရည်ရွယ်၍ FTA အထောက်အကူ ပြုစင်တာအသစ်များကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊  အဆိုပါအစီအစဉ်အရ တောင်ကိုရီးယား နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အရှေ့တောင် အာရှ ဒေသအတွင်း FTA အထောက်အကူပြုစင်တာများ ဖွင့်လှစ်ရန်နှင့် စိတ်ကြိုက်ညှိနှိုင်းဆွေးနွေးခြင်းအစီအစဉ်များကိုပြုလုပ်ရန်အတွက် ကိုရီးယားဝမ် ၁၁ဒသမ၉ ဘီလီယံ အမေရိကန်ဒေါ်လာ ၁၀ဒသမ၄ သန်း သုံးစွဲရန်စီစဉ်လျက်ရှိ ကြောင်း ကိုရီးယားသမ္မတ နိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက (၁၆-၃-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။  

            အာရှဒေသ၏စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တောင်ကိုရီးယား နိုင်ငံသည် လက်ရှိတွင် တစ်နိုင်ငံလုံးရှိပို့ကုန်တင်ပို့သူများအတွက် FTA အထောက်အပံ့စင်တာ (၁၈) ခုကို နိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်ထားရှိပြီး၊ ပြည်ပ၌လည်း (၁၅) ခုဖွင့်လှစ်ထားရှိကြောင်း၊ တောင် ကိုရီးယားသည် လက်ရှိတွင် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင်ဒေသဆိုင်ရာအဖွဲ့ များအကြား FTA (၁၇) ခုကို ချုပ်ဆိုထားပြီးဖြစ်ရာ လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းက လက်မှတ်ရေးထိုးခဲ့သော (Regional Comprehensive Economic Partnership - RCEP)နှင့် တောင်ကိုရီးယား-အင်ဒိုနီးရှား CEPA (Comprehensive Economic Partnership Agreement) အပါအဝင် ‌လက်မှတ်ရေးထိုးပြီးဖြစ်သော FTAs ​​များကို ဆက်လက်အ ကောင်အထည်ဖော်ရန် စောင့်ဆိုင်းလျက်ရှိပါသည်။ အဆိုပါ FTAs များမှတစ်ဆင့် ပို့ကုန်များတိုးမြှင့် တင်ပို့နိုင်ခြင်းမှသည် နိုင်ငံ့စီးပွားတိုးတက်ရေးကိုဆောင်ရွက်နိုင်ရန်လည်း မျှော်လင့်ထားပါသည်။

       ၂၀၂၀ ပြည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံသည် ပို့ကုန် အမေရိကန်ဒေါ်လာ ၅၁၂ဒသမ၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး၊  ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၅ဒသမ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ တောင်ကိုရီးယားဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ်အတွက် ပို့ကုန်တင်ပို့မှုအား ၇ဒသမ၁ ရာခိုင်နှုန်းသို့ ပြန်လည်တိုးတက်နိုင်ရေး မျှော်မှန်းထားပါသည်။  

     ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် နှစ်စဉ်ပို့ကုန်တန်ဖိုးအား အမေရိကန်ဒေါ်လာ (၇၀၀) ဘီလီယံဆောင်ရွက်နိုင်ရေး မဟာဗျူဟာရေးဆွဲချမှတ်၍မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ကိုရီးယားအစိုးရအနေဖြင့် ဇီဝကျန်းမာရေးကုန်စည်များအပါ အဝင် အလားအလာရှိသည့်ကဏ္ဍများတွက် ကိုရီးယားဝမ် (၅) ထရီလီယံ အမေရိကန်ဒေါ်လာ ၄ဒသမ၄ ဘီလီယံ  အသုံးပြု၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊ Contents၊ Digital၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာသုံးပညာရေးကဏ္ဍ၊ Fintech နှင့် အင်ဂျင်နီယာကဏ္ဍများတွင် ကုန်သွယ်မှုရန်ပုံငွေ ကိုရီး ယားဝမ် (၂၀) ထရီလီယံ အမေရိကန်ဒေါ်လာ ၁၇ဒသမ၅ ဘီလီံယံ ပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Soure: Ministry of Trade, Industry and Energy of Koare, Yonhap News (16-3-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)