Main menu

Background

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ GDP အဆင့်သတ်မှတ်ချက်တွင် တောင်ကိုးရီးယားနိုင်ငံသည် ရုရှား၊ ဘရာဇီး နိုင်ငံ တို့ကို ကျော်လွန်လျက် ထိပ်တန်း (၁၀) နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိ

Mon, 03/22/2021 - 13:09 -- journal_editor

           အာရှ၏စတုတ္ထမြောက်အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံသည် Coronavirus ကူးစက်ကပ်ရောဂါများ ကူးစက်ပျံ့နှံ့နေလျက်ရှိသည့်တိုင် နိုင်ငံ၏စီးပွားရေးတိုးတက်မှု GDP သည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် (၁၀) တွင် ရပ်တည်လျက်ရှိကြောင်း၊ ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organisation for Economic Co-operation and Development - OECD)၏စာရင်းများအရ တောင်ကိုရီးယားနိုင်ငံ၏ GDP သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ(၁ဒသမ၆၂)ထရီလီယံခန့်ရှိကြောင်း၊ ထိုပမာဏသည်ရုရှားနိုင်ငံ၏ GDP အမေရိကန်ဒေါ် လာ ၁ ဒသမ၄၀ ထရီလီယံ၊ ဘရာဇီးလ်နိုင်ငံ၏ GDP အမေရိကန်ဒေါ်လာ(၁ဒသမ၃၉) ဘီလီယံနှင့် သြစတြေးလျ နိုင်ငံ၏ GDP အမေရိကန်ဒေါ်လာ (၁ဒသမ၃၃) ထရီလီယံတို့ထက် ပိုမိုများပြားကြောင်း၊ သို့ဖြစ်၍ ခန့်မှန်းခြေ အားဖြင့် ၂၀၂၀ ပြည့်နှစ်၊ GDP အဆင့်သည် ၂၀၁၉ ခုနှစ်ကထက် နှစ်ဆတိုးတက်လာခဲ့ကြောင်း၊  တောင် ကိုရီးယားနိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင်လည်း ကမ္ဘာ့နံပါတ် (၁၀) နေရာတွင် ရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံသည် ကနေဒါနိုင်ငံ၏ GDP ထက်ပင် အနည်းငယ်မျှ ပိုမို သာလွန် လျက်ရှိကြောင်း၊  GDP သည် သတ်မှတ်ကာလအတွင်း နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏ စုစုပေါင်း တန်ဖိုးကိုရည်ညွှန်းသော စီးပွားရေး၏စွမ်းဆောင်ရည်ကို အကျယ်ပြန့်ဆုံးတိုင်းတာသည့်ယူနစ် တစ်ခုဖြစ်ရာ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ အမှန်တကယ်စီးပွားရေးလုပ်ဆောင်ချက်များ ကြောင့် ကမ္ဘာ့နံပါတ်(၉)နေရာတွင်တည်ရှိသင့်ကြောင်း မီဒီယာများက ရေးသားဖော်ပြလျက်ရှိကြပါ သည်။

          တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်တွင် Coronavirus သက်ရောက်မှုဒဏ်ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းသည် (-၁) ရာခိုင်နှုန်းဖြစ်သော်လည်း ၎င်းသည် ရုရှားနိုင်ငံ၏ (-၃ဒသမ၆) ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံ၏ (-၄ဒသမ၅) ရာခိုင်နှုန်း၊ သြစတြေးလျအတွက် (-၂ဒသမ၅) ရာခိုင်နှုန်းနှင့် ကနေဒါနိုင်ငံတွင် (-၅ဒသမ၄) ရာခိုင်နှုန်းတို့ထက်သာလွန်ကြောင်း၊ ဤကာလများအတွင်း ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သော အမေရိကန်နိုင်ငံသည်ပင်လျှင် ၂၀၂၀ ခုနှစ်တွင် (-၃ဒသမ၄) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဂျပန်နိုင်ငံက (-၅ဒသမ၁) ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံက (-၅ဒသမ၃) ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း၊ ပါရီအခြေစိုက် အဓိက စီးပွားရေး အသင်းများက တောင်ကိုရီးယား နိုင်ငံ၏ခိုင်မာသောစီးပွားရေးစွမ်းဆောင်မှုကို ၎င်း၏ Coronavirus ဆန့်ကျင်ရေးအစီအမံများနှင့် Coronavirus ၏စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကို လျှော့ချရန် လုပ်ဆောင်မှုများက သက်သေဖြစ်သည်ဟု ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။ 

       ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အစပြုခဲ့သည့် Coronavirus ကူးစက်ရောဂါသည် ကမ္ဘာအနှံ့အပြားသို့ ကပ်ရောဂါအသွင်ဖြင့် ပျံ့နှံ့လျက်ရှိပြီး၊  စားသုံးမှု၊ ပို့ဆောင်ရေး နှင့်ကုန်သွယ်မှုတို့ကို ထိခိုက်ပြိုလဲမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ (၁၅-၃-၂၀၂၁) ရက်နေ့ထိ စာရင်းများအရ Coronavirus ကူးစက်မှုသည် တစ်ကမ္ဘာလုံး၌ လူသန်းပေါင်း (၁၂၀) ကိုကူးစက်ခဲ့ပြီး၊ သေဆုံးသူ (၂ဒသမ၆၅) သန်းအထိ ရှိပြီးဖြစ်ပါသည်။

Source: Yonhap News၊  www.imf.org

(ဝင်းပပသူ၊စီးပွားရေးသံမှူး)