ပဲမျိုးစုံဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မည့် အခြေအနေရှိနေချိန်တွင် အစိုးရအနေဖြင့် ၂၀၂၁-၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်းတို့အား တင်သွင်းခွင့်ပြုမည့် ကိုတာခွဲတမ်းပမာဏ သတ်မှတ်ချက်များကို ဆောလျင် စွာထုတ်ပြန်ပေးရန်နှင့် သို့မှသာ နွေရာသီကာလ၌ သမားရိုးကျ ဝယ်လိုအားမြင့်တက်မှုအရ ဈေးနှုန်းများကို သတ်မှတ်အတိုင်းအတာအတွင်း ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်းဖြင့် အိန္ဒိယ ပဲကုန်သည်များနှင့် ပဲခွဲစက် လုပ်ငန်းရှင်များက အစိုးရသို့ တွန်းအားပေး ပြောဆိုလျက်ရှိပါသည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ သီးနှံစိုက်ပျိုးထွက်ရှိနိုင်မှု ဒုတိယအကြိမ် ခန့်မှန်းချက် တွင် ပဲမျိုးစုံအား တန်ချိန် ၂၄ဒသမ၄၂ သန်းကျော် ထွက်ရှိမည်ဟု ဖော်ပြထားသော်လည်း ကုန်သည်များကမူ အဓိကသီးနှံစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များ၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ကြောင့် အရည်အသွေးအရ ထိခိုက်မှုနှင့်အတူ အမှန်တကယ်ထွက်ရှိမှုမှာ ခန့်မှန်းထားသည်ထက် များစွာလျော့ကျမည်ဟု ယုံကြည်လျက်ရှိကြသည်။ လက်ရှိကာလတွင် ဆောင်းရာသီစိုက်ပျိုးမှုမှ ရိတ်သိမ်းဆဲဖြစ်သော ကုလားပဲ၏ ဈေးနှုန်းမှာ အစိုးရအထောက်အပံ့ပေးသည့် အခြေခံ ရည်ညွှန်း ဈေးနှုန်း (MSP) အောက် အနည်းငယ်မျှသာ နိမ့်ကျလျက်ရှိပြီး ကျန်ပဲအမျိုးအစားအားလုံးနီးပါး ၏ ဈေးနှုန်းများမှာ MSP ထက် ပိုမိုမြင့်မားသော နှုန်းထားများဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိသည်။
အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများအသင်း (IPGA) ၏ ဒုတိယဥက္ကဋ္ဌ Mr. Bimal Kothari က ၎င်းတို့အနေဖြင့် ရှေ့လာမည်လများ၌ ပဲမျိုးစုံဝယ်လိုအားမှာမြင့်တက်ဖွယ်ရှိမည်ဟု တွေးဆမျှော်မြင်လျက် ရှေ့နှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ကိုတာများအား ဆော လျင်စွာ ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း၊ ယခုအခါ ပဲစင်းငုံဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်၌လည်း အများအပြား ရရှိနိုင်ဖွယ်မရှိကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ကြည့်ပါက ပဲစင်းငုံအား မြန်မာနိုင်ငံနှင့် အာဖရိက အရှေ့ပိုင်း ဒေသများတွင်သာ စိုက်ပျိုးကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံဘက်မှ ပဲစင်းငုံစိုက်ပျိုးထုတ် လုပ်မှုမှာ လျော့ကျလျက်ရှိပြီး တန်ချိန် ၁ သိန်းအောက်သာ ဈေးကွက်ဝင်ရောက်နိုင်ခြေရှိသည့် အပြင် နိုင်ငံရေးမတည်ငြိမ်မှုကလည်း ကုန်သွယ်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ ဘက်မှ ပဲစင်းငုံ တန်ချိန် ၁ သိန်းအထိ ဝယ်ယူရရှိနိုင်မည်ဆိုပါလျှင်လည်း ၎င်းပမာဏသည် အိန္ဒိယပြည်တွင်း စားသုံးရန် လိုအပ်ချက်အောက် လျော့နည်းနေဦးမည်ဖြစ်ကြောင်း၊ အာဖရိက အရှေ့ပိုင်းဒေသများမှ ပဲစင်းငုံများမှာလည်း အစောဆုံး ဩဂုတ်-စက်တင်ဘာ လများမှသာ ရရှိနိုင် မည်ဖြစ်ရာ ရောင်းလိုအားအပိုင်းတွင် ပြဿနာများရှိကြောင်းဖြင့် ပြောဆိုပါသည်။
ထို့အပြင် အဓိကပဲသီးနှံ ၆ မျိုးအနက် ကုလားပဲမှအပ ကျန်ပဲ ၅ မျိုးမှာ MSP ဈေးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိပြီး ယခုနှစ်အတွက် ပဲဈေးနှုန်းများမှာ ကျဆင်းဖွယ်မရှိကြောင်း၊ ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အစိုးရက တွန်းအားပေးလျက်ရှိသော်လည်း တစ်ဖက် တွင် လူဦးရေနှင့် ဝင်ငွေအဆင့်အတန်း တိုးတက်လာမှုအရ ပဲမျိုးစုံဝယ်လိုအားမှာလည်း တန် ချိန် ၁ သန်းခန့် နှစ်စဉ် တိုးတက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ထုတ်လုပ်မှုတိုးမြှင့်ရေး အစီအမံများကို စနစ်တကျ လုပ်ကိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရသည် ယခင်နှစ်၌ နိုင်ငံတကာဈေးကွက် တွင် ကုန်လက်ကျန်နည်းပါးသည့် နိုဝင်ဘာလသို့ ရောက်မှသာ ပဲတီစိမ်းတင်သွင်းခွင့် ပမာဏ သတ်မှတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့ဖြစ်၍ ပဲတီစိမ်း တန်ချိန် ၅၀၀၀၀ မှ ၆၀၀၀၀ အတွင်းသာ တင်သွင်းနိုင်ပြီး ခွဲတမ်းအပြည့်အဝကို အချိန်မီ တင်သွင်းနိုင်ခြင်းမရှိကြောင်း၊ ထို့ ကြောင့် ၎င်းတို့အနေဖြင့် ယခုလာမည့်နှစ်အတွက် ပဲတီစိမ်း တင်သွင်းခွင့်သတ်မှတ်ချက်အပြင် ယခင်နှစ်လက်ကျန် ခွဲတမ်းပမာဏအား သက်တမ်းတိုးမြှင့် တင်သွင်းခွင့်ပြုရန် အစိုးရထံ တောင်း ဆိုထားကြောင်းဖြင့် Mr. Kothari က ပြောကြားပါသည်။
ရှေ့လာမည့် ၂၀၂၁-၂၂ ခုနှစ်အတွင်း အိန္ဒိယအစိုးရအနေဖြင့် မိုဇမ်ဘစ်နိုင်ငံနှင့် ချုပ်ဆို ထားသည့် သဘောတူညီချက်အရ တင်သွင်းမည့် တန်ချိန် ၂ သိန်း အပါအဝင် ပဲစင်းငုံ စုစုပေါင်း တန်ချိန် ၆ သိန်းအထိ တင်သွင်းခွင့် ပြုမည်ဟု အိန္ဒိယပဲလုပ်ငန်းရှင်များက ခန့်မှန်းလျက်ရှိသည်။ အိန္ဒိယပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Suresh Agarwal က အစိုးရသည် ပဲတီစိမ်း တန်ချိန် ၁ သိန်း ၅ သောင်းကို လာမည့်နှစ်အတွက် တင်သွင်းခွင့် ခွဲတမ်း ချထားပေးဖွယ် ရှိသည်ဟု ပြောကြားပါသည်။
Source: Pulses trade urges Centre to fix import quota soon, 10-3-2021, The Hindu Business Line
(နေအေးလွင်၊စီးပွားရေးသံမှူး)