Main menu

Background

၂၀၂၁ ခုနှစ်၊ မတ်လအတွက် စီးပွားရေး ခန့်မှန်းချက်စစ်တမ်းအရ ဂျပန်၏ စီးပွားရေးလုပ်ငန်းများအခြေအနေ အနုတ်သဘောဆောင်နိုင်ဟု သိရ

Thu, 03/25/2021 - 13:00 -- journal_editor

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အစိုးရရုံးအဖွဲ့တို့၏ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိကော်ပိုရိတ်စီးပွားရေးခန့်မှန်းချက် စစ်တမ်းအရအကြီးစားစီးပွားရေးလုပ်ငန်းများအားလုံး၏ စီးပွားရေးအခြေအနေပြ အညွှန်းကိန်းသည် အနုတ် ၄.၅ ဖြစ်ကြောင်းသိရပါသည်။

          ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပထမဆုံးအကြိမ်အဖြစ် အညွှန်းကိန်းအနုတ်ပြနေခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဆက်လက်ပြန့်ပွားနေမှုကြောင့် အရေးပေါ် ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ရခြင်း၊ တည်းခိုနေထိုင်မှု ဆိုင်ရာလုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများစသည့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးအခြေအနေသည် ကျဆင်းနေခြင်းတို့ကြောင့် လုပ်ငန်းအားလုံးကိုဆက်တိုက် ထိခိုက်လာခြင်းဖြစ်ပါသည်။

          လုပ်ငန်းအမျိုးအစားအရကုန်ထုတ်လုပ်မှုလုပ်ငန်းမဟုတ်သောဝန်ဆောင်မှုလုပ်ငန်းများ၏ အညွှန်းကိန်းမှာအနှုတ် ၇.၄ ဖြစ်နေကြောင်းသိရပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများအပြင် Tele work အသုံးပြုခြင်း၊ ပြည်တွင်း ခရီးစဉ်များနှင့် အပန်းဖြေခရီးသွားလာခြင်းတို့ကိုရှောင်ရှားရခြင်း၏ အကျိုးသက်ရောက်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်းထိခိုက်လာခဲ့ရသည်။

          အခြားတစ်ဖက်တွင် ဆက်သွယ်ရေးပစ္စည်းကိရိယာများကဲ့သို့သော အီလက်ထရောနစ် အစိတ်အပိုင်းများ၏ ဝယ်လိုအားမြင့်တက်လာ၍ အဆိုပါကဏ္ဍ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာအညွှန်းကိန်းသည် အပေါင်း ၁.၆ ဖြစ်နေသည်။ အလတ်စားစက်မှုလုပ်ငန်းသည် အနှုတ် ၁၅.၂ ၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းသည် အနုတ် ၃၁.၄ ဖြစ်နေ၍ ယခင်စစ်တမ်းဖြစ်သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလထက် ပိုမိုကျဆင်းလာခဲ့ကြောင်း တွေ့ရသည်။

          အနာဂတ်တွင် အကြီးစားစက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ဇွန်လအတွင်းအပေါင်း ၂.၅ ၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်းအပေါင်း ၇.၁ အထိပြန်လည် တိုးတက်လာနိုင်မည်ဟုစီးပွားရေးပညာရှင်များက မျှော်လင့်နေကြပါသည်။အဓိကအကြောင်းမှာကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများတိုးတက်လာ၍ စီးပွားရေးဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များကိုလျော့ချလာနိုင်သည်ဟု မျှော်လင့်ထားခြင်းကြောင့် ဖြစ်ပါသည်။

          တစ်ဘက်တွင်လည်းအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအပေါ်သဘောထားသည် တိုးတက်မှုရှိနိုင်သော်လည်းဇွန်လမှ စက်တင်ဘာလအထိကာလတွင်လည်းအနှုတ် ၄.၁ သို့ ဆက်လက် ကျဆင်းနေမည့် အခြေအနေဖြစ်ကြောင်းသုံးသပ်ထားပါသည်။၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်၏ ထုတ်လုပ်မှုလုပ်ငန်းအားလုံး၏ ရောင်းအားမြင့်တက်မှုသည် ယခင်နှစ်နှင့်ယှဉ်နှိုင်းလျှင် ၇.၁% ၊ သာမန်ဝင်ငွေသည် ၂၀.၃% ၊ အဆောက်အဦရင်းနှီးမှုသည် ၉.၂ % စသည်ဖြင့် အသီးသီးကျဆင်းလာနိုင်မည်ဟုခန့်မှန်းထားပါသည်။

          စီးပွားရေးအခြေအနေပြအညွှန်းကိန်းသည် ကုမ္မဏီများ၏ လက်ရှိစီးပွားရေးအခြေအနေအပေါ် ယခင်နှစ်အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပြီးတိုးတက်မှုရှိကြောင်းဖြေကြားသည့် ကုမ္ပဏီများ၏ အချိုးမှ စီးပွားရေး အခြေအနေကျဆင်းမှုရှိကြောင်းဖြေကြားသည့် ကုမ္မဏီများ၏အချိုးကိုခြားနားခြင်းဖြင့် ရရှိသောကိန်းတန်ဖိုးဖြစ်ပါသည်။ 

ရင်းမြစ်။            JIJI Press News

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ တိုကျိုမြို့