Main menu

Background

ဂျပန်နိုင်ငံသည် စတော်ဘယ်ရီသီး အမြောက်အများတင်ပို့နိုင်ခဲ့

Tue, 04/27/2021 - 14:34 -- journal_editor

                 ဂျပန်နိုင်ငံသည် စတော်ဘယ်ရီသီး အမြောက်အများတင်ပို့နိုင်ခဲ့ရာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍  တန်ချိန် ၄၉၃ တန်၊ တန်ဖိုးအားဖြင့် ယန်း (၁) ဘီလီယံ ရှိခဲ့ပြီး အမြင့် မားဆုံးသော တင်ပို့မှုတန်ဖိုးအဖြစ် ရရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။

                 ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း၌လည်း တန်ချိန် ၄၀၀ ကျော်ဖြင့် ဆက်လက် တင်ပို့ နိုင်ခဲ့ပြီး နှစ်လဆက်တိုက် တင်ပို့မှုမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် စတော် ဘယ်ရီသီးများသည် အရည်အသွေးမြင့်မားပြီး အရသာလည်း ထူးခြားကောင်းမွန်၍ ပြည်ပနိုင်ငံ များမှ ဝယ်လိုအားမြင့်တက်ခြင်း၊ နိုင်ငံတကာတွင် COVID-19 ကူးစက်ရောဂါကြောင့် လူအများ အပြား နေအိမ်တွင်သာ ချက်ပြုတ်စားသောက် နေထိုင်ကြခြင်းတို့သည် စတော်ဘယ်ရီသီး တင်ပို့မှု ကို မြင့်မားစေသည့် အဓိကအချက်များ ဖြစ်ကြောင်း သိရပါသည်။

                ဂျပန်နိုင်ငံမှ စတော်ဘယ်ရီ အဓိက တင်ပို့နေသည့် နိုင်ငံများမှာ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း ၊ တရုတ် (တိုင်ပေ) နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြပါသည်။ ၂၀၁၄ ခုနှစ်မှ အစပြု ကာ ဂျပန်နိုင်ငံ၏ စတော်ဘယ်ရီ သီးတင်ပို့မှု မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း တန်ချိန် ၁,၂၃၇ ဖြင့် အမြင့်ဆုံးသော စံချိန်သစ် တင်ပို့ခဲ့ကြောင်းသိရပါသည်။

၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးထွက်ရှိမှု အားနည်းခဲ့သဖြင့် တန်ချိန် ၁၀၀၀ အောက် ကျဆင်း သွားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာကူးစက်ရောဂါနှင့် ရင်ဆိုင်နေရ၍ သယ်ယူပို့ဆောင် မှုအခက်အခဲများ ရှိခဲ့သော်ငြား တင်ပို့မှု တန်ချိန် ၁၁၉၇ အထိ ပြန်လည်ရောက်ရှိခဲ့ကာ ၂၀၁၈ ခုနှစ် ပြီးနောက် ဒုတိယမြောက် တင်ပို့မှုအများဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း သိရပါသည်။

                ၂၀၂၀ ပြည့်နှစ်မှ တင်ပို့ခဲ့မှုသည် ၂၀၁၀ ပြည့်နှစ်မှ တင်ပို့ခဲ့မှုထက် ၁၁.၅ ဆသာလွန်ခဲ့ ကြောင်း သိရပါသည်။ ယခု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနှင့်မတ်လ (၂) လတာကာလအတွင်း တင်ပို့ ခဲ့မှုမှာ ၉၁၃ တန် ရှိခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်က တင်ပို့မှု၏ ၈၀ % သို့ရောက်ရှိထားပြီးဖြစ်ပါသည်။

                 ဂျပန်နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် စတော်ဘယ်ရီသီးများသည် ပြည်ပနိုင်ငံများ၏ စျေးကွက် တွင် ပြည်တွင်း၌ ရောင်းချသည့် စျေးနှုန်းထက် ၃ ဆ မှ ၆ ဆအထိ မြင့်မားသည့် စျေးနှုန်းများ ရရှိ ကြောင်း၊ အထူးသဖြင့် အရွယ်အစားနှင့် အရသာကောင်းမွန်မှုကြောင့် ပြည်ပနိုင်ငံများမှ လူချမ်း သာများအကြား လူကြိုက်များခြင်း ဖြစ်ကြောင်း သိရပါသည်။

                  ကိုရိုနာကူးစက်ရောဂါကို ထိန်းချုပ်ရန် ကမ္ဘာတစ်လွှား လေကြောင်းလိုင်း ပြေးဆွဲမှုများ လျော့ချလိုက်ရာ ပြည်ပနိုင်ငံများမှ လူအများစုသည် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကာ စတော်ဘယ်ရီသီးများ စားသုံးမှုမပြုနိုင်ကြတော့သည့်အတွက် ၎င်းတို့ နေအိမ်များမှနေ၍ စားသုံး လိုကြသဖြင့် ဝယ်လိုအားများ အလွန်မြင့်တက်လာခြင်းဖြစ်သည်ဟု ဖူကူအိုကာစီရင်စု ဒေသရှိ JA Zen-Noh Fukuren အမည်ရသည့် စိုက်ပျိုးရေးလုပ်ငန်းအစုအဖွဲ့မှ အရာရှိက ပြောကြားခဲ့ပါ သည်။

                 ဂျပန်နိုင်ငံမှ ထွက်ရှိသည့် စတော်ဘယ်ရီသီးများ ပြည်ပတင်ပို့မှု မြင့်မားနိုင်သည့် အလား အလာများရှိသဖြင့် အနာဂတ်တွင် ပိုမိုစိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖူကူအိုကာစီရင်စု ဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းအစုအဖွဲ့မှ ပြည်ပပို့ကုန်ကဏ္ဍ ဆောင်ရွက်နေသည့် ZEN-NOH International Corporation ကှ  ပြောကြားခဲ့ပါသည်။

                ဂျပန်နိုင်ငံတွင် စတော်ဘယ်ရီသီး အများဆုံးစိုက်ပျိုးသည့် တိုးချိဂိ စီရင်စုဒေသတွင်လည်း cross-border online shopping sites များကို အသုံးပြု၍ ဟင်းချက်နည်းသင်တန်းများ ဆောင်ရွက်ကာ စင်ကာပူနှင့် မလေးရှား နိုင်ငံများသို့ ပို့ကုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းနေကြောင်း တွေ့ရပါသည်။ အဆိုပါစီရင်စုအနေဖြင့် အခြားသော ပြည်ပစျေးကွက်များသို့ပါ စတော်ဘယ်ရီသီး တင်ပို့မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဟု သိရပါသည်။ ဂျပန်နိုင်ငံ အစိုးရကလည်း ၂၀၂၅ ခုနှစ် အရောက်တွင် စတော်ဘယ်ရီသီးတင်ပို့မှုမှ ဝင်ငွေ ယန်း ၈.၆ ဘီလီယံထိ ရရှိနိုင်ရန် မျှော်မှန်း ဆောင်ရွက်နေပါသည်။

ရင်းမြစ်။ The Japan Agricultural News

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)