ကိုရီးယားသမ္မတနိုင်ငံအစိုးရမှအသိအမှတ်ပြုထားသော COVID-19 ကာကွယ်ဆေးကို သတ်မှတ်အရေအတွက် ပြည့်မီစွာထိုးပြီးသူများအား ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့မှစတင်၍ (၁၄) ရက် Self-Quarantine နေထိုင် ရခြင်းကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း (၂၈-၄-၂၀၂၁) ရက် နေ့တွင်တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။
ပုံမှန်အားဖြင့် ကိုးရီးယားသမ္မတနိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ရေးစည်းကမ်းများအရ COVID-19 ရောဂါကူးစက်ခံရသူတစ်ဉီးဉီးနှင့်ထိတွေ့မိလျှင်သော်လည်းကောင်း၊ ပြည်ပမှ ကိုရီးယား သမ္မတနိုင်ငံသို့ ဝင်ရောက်ရာတွင် လည်းကောင်း Self-Quarantine (၁၄) ရက် နေထိုင်ရမည်ဖြစ်ရာ၊ ယခုထုတ်ပြန်ချက်အရ ကာကွယ်ဆေးထိုးပြီးလျက် ရောဂါပိုးမရှိကြောင်း စစ်ဆေးပြီးပါက (၁၄) ရက် နေထိုင်ခြင်းအား ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ကိုရီးယားသမ္မတနိုင်ငံမှ အသိအမှတ် မပြုထားသော ကာကွယ်ဆေးများထိုးထားသူများ၊ အဆိုပါဆေးများအားအသုံးပြုထားသည့် ပြည်ပ နိုင်ငံမှလူပုဂ္ဂိုလ်များအကျုံးမဝင်ကြောင်း၊ ထို့ပြင် COVID-19 မျိုးကွဲ ကူးစက်ရောဂါ ကူးစက်မှုအများဆုံး ဖြစ်ပေါ်လျက်ရှိသော တောင်အာဖရိကနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံများမှ ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်လာမည့်ခရီးသည်များအတွက် အကျုံးဝင်ခြင်းမရှိကြောင်း လေ့လာသိရှိရပါသည်။
ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် COVID-19 ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ (၂၆) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ဉီးစားပေးအဆင့်အလိုက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်သူ(၇၀) ရာခိုင်နှုန်းခန့်ကို COVID-19 ကာကွယ်ဆေးထိုးပြီးရေးလျာထား၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိပါသည်။ ကာကွယ်ဆေးများကိုလည်း နိုင်ငံ၏လူဉီးရေထက် (၂)ဆပိုမိုသော လူဉီးရေ(၁၀၀) သန်း အတွက် ကာကွယ်ဆေး (၁၉၂) သန်းခန့်ကို စာချုပ်ချုပ်ဆို၍ လုံလောက်စွာ ဝယ်ယူထားပြီးဖြစ် ပါသည်။
သို့ရာတွင် Astrazeneca ကာကွယ်ဆေးထိုးပြီးသည့်နောက် ဘေးထွက်ဆိုးကျိုးခံစားရခြင်း ဖြစ်စဉ်များနှင့် သွေးခဲသေဆုံးသည့်ဖြစ်စဉ်အချို့တို့ကြောင့် အချို့ပြည်သူများသည် COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်ကြကြောင်း၊ (၂၇-၄-၂၀၂၁)ရက်နေ့တွင် အသက်(၃၀)အထက်ရှိ ပြည်သူ့ရဲများ၊ မီးသတ်ဝန်ထမ်းများ၊ ကမ်းရိုးတန်းစောင့်ရှောက်ရေးဝန်ထမ်းများပါဝင်သော ဝန်ထမ်း (၁၇၅,၀၀၀) အနက် လူဉီးရေ၏(၅၈)ရာခိုင်နှုန်းသည်သာ ကာကွယ်ဆေး ထိုးရန် သဘောတူခဲ့ကြောင်း၊ တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များအနေဖြင့် ကာကွယ်ဆေးထိုးရေးလုပ်ငန်းစဉ်ကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နေသည့်အတွက် Self-Quarantine လုပ်ငန်းစဉ်ကို ဖြေလျှော့ပေးခြင်းဖြစ် ကြောင်း လေ့လာသိရှိရပါသည်။
ကိုရီးယားသမ္မတနိုင်ငံတွင် Astrazeneca၊ Pfizer နှင့် Johnson & Johnson တို့မှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများသည် သက်ဆိုင်ရာ Ministry of Food & Drug Saftey (MFDS) မှအသိအမှတ်ပြုကြောင်း အတည်ပြုချက်ရရှိပြီးဖြစ်ပြီး၊ Moderna နှင့် Novavax မှထုတ်လုပ်သော ကာကွယ်ဆေးများသည် အတည်ပြုချက် မရရှိသေးပါ။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံမှ အသိအမှတ် မပြုထားသော COVID-19 ကာကွယ်ဆေးများ ဥပမာအားဖြင့်- ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik V နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm ကဲ့သို့သော ကာကွယ်ဆေးများသည် အကျုံးမဝင်ကြောင်း၊ အခြားသောနိုင်ငံများမှကာကွယ်ဆေးထိုးပြီးသည့် လူပုဂ္ဂိုလ်များအတွက် Self-Quarantine ဆိုင်ရာ စည်းမျဉ်းများကို သက်ဆိုင်ရာနိုင်ငံများနှင့်ညှိနှိုင်း၍ တစ်ဖြည်းဖြည်းဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
လက်ရှိစည်းမျဉ်းအရ ကိုရီးယားသမ္မတနိုင်ငံသို့ ပြည်ပမှဝင်ရောက်လာသူအားလုံးသည် မိမိ ၏နေအိမ် (သို့မဟုတ်) အစိုးရမှသတ်မှတ်ထားသောနေရာများတွင် (၁၄) ရက်ကြာ သီးခြားနေရန် လိုအပ်ပါသည်။ မေလ (၅) ရက်နေ့မှ စ၍ COVID-19 ကာကွယ်ဆေးထိုးပြီးသူများသည် (၁၄) ရက် ကြာသီးခြားနေထိုင်ရန်မလိုအပ်တော့သော်လည်း ဆေးထိုးပြီးချိန်တွင် (၁၄) ရက်ကြာ စောင့်ကြည့်မှု ခံယူရန်၊ ကျန်းမာရေးအာဏာပိုင်များထံသို့ ကျန်းမာရေး အခြေအနေ ကို နေ့စဉ်သတင်းပို့ရန်နှင့် အဆိုပါကာလအတွင်း COVID-19 စစ်ဆေးမှုကို (၂)ကြိမ် ဆောင်ရွက်ရန် လိုအပ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ Korea Disease Control & Prevention Agency (KCDA) ၏ (၂၉-၄-၂၀၂၁)ရက်နေ့၊ (၀၀:၀၀)နာရီအချိန်အထိစာရင်းအရCOVID-19နေ့စဉ်ကူးစက်မှုဉီးရေ(၆၈၀)ဉီး၊ သေဆုံးသူ (၄) ဉီးဖြစ်ပြီး စုစုပေါင်း ရောဂါပိုးကူးစက်ပြီးသူ (၁၂,၁၃၅) ဉီးနှင့် စုစုပေါင်း သေဆုံးခဲ့သူ (၁,၈၂၅)ဉီး ရှိပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှစ၍ ယခုအချိန်အထိ ပြည်သူ (၂.၆) သန်းနီးပါး(သို့မဟုတ်) လူဉီးရေ (၅၂) သန်း၏ (၅) ရာခိုင်နှုန်း အား COVID-19 ကာကွယ်ဆေး၏ ပထမ Dose ကိုထိုးပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)
Source: The Korea Times၊ The Korea Herald (29-4-2021)