Main menu

Background

Regional Comprehensive Economic Partnership (RCEP) ကို ဂျပန်လွှတ်တော် အတည်ပြုခဲ့

Mon, 05/03/2021 - 13:38 -- journal_editor

              ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်သည် အာရှ-ပစိတ်ဖိတ်နိုင်ငံ ၁၅ နိုင်ငံပါဝင်သော ကမ္ဘာ့ အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) တွင် ဂျပန်၏ ပါဝင်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် အတည်ပြုခဲ့ပါသည်။ ဂျပန်အောက်လွှတ်တော်က အဆိုပါ (RCEP) သဘောတူညီချက်ကို ယခု ဧပြီလဆန်းပိုင်းကတည်းကပင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။

          (RCEP) သည် ကမ္ဘာ့လူဦးရေ၊ ကုန်သွယ်မှုနှင့် GDP စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြု လွှမ်းခြုံထားသည့် လွတ်လပ်သော ကုန်သွယ်မှုဒေသကြီးဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ တတိယမြောက် ကုန်သွယ်မှုအများဆုံးနိုင်ငံများဖြစ်ကြသော တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးနှင့် ပါဝင်နေသည့် ပထမဆုံးသော လွတ်လပ်သည့် ကုန်သွယ်မှုသဘောတူညီချက် တစ်ခုဖြစ်ပါသည်။

              အဆိုပါ (RCEP) သဘောတူညီချက်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ရက်ပေါင်း (၆၀) အကြာတွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်) တို့ အနက်  ၆ နိုင်ငံနှင့် အခြားနိုင်ငံ ၅ နိုင်ငံ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်) တို့အနက်  ၃ နိုင်ငံတို့မှ အတည်ပြုပြီးဖြစ်ပါက သဘောတူညီချက် စတင် အသက်ဝင်မည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) အထိ သတင်းများအရ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် (RCEP) သဘောတူညီချက် အတည်ပြုရေးဆိုင်ရာ ၎င်းတို့၏ လုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါသည်။

             (RCEP) သဘောတူညီချက်အရ စားသောက်ကုန်အပေါ် ကောက်ခံသည့် အကောက်ခွန် နှုန်းများ တဖြည်းဖြည်းဖြေလျော့ရမည်ဖြစ်ရာ ခုံးကောင် အပေါ် ကောက်ခံသည့် တရုတ်နိုင်ငံ၏ အခွန်နှုန်းများနှင့် အမဲသား အပေါ် ကောက်ခံသည့် အင်ဒိုနီးရှားနိုင်ငံ၏ အခွန်နှုန်းများကို လျော့ချရ မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံမှ Shaoxing  Rice Wine အပေါ် ကောက်ခံသည့် အခွန်နှုန်းနှင့် တောင်ကိုရီးယားနိုင်ငံမှ Makgeolli Alcoholic Drinks အပေါ် ကောက်ခံသည့် အခွန် နှုန်းများကို လျော့ချရမည်ဖြစ်ပါသည်။

       တရုတ်နှင့် တောင်ကိုရီးယားတို့သည် မော်တော်ကားအစိတ်အပိုင်းများအပေါ် ကောက်ခံ သည့် ၎င်းတို့၏ အခွန်နှုန်းများကို အဆင့်လိုက် လျော့ချရမည်ဖြစ်ပြီး လာမည့် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ပါက စက်မှုထုတ်ကုန်များ အပေါ် အခွန်နှုန်းထားများလျော့ချမှုသည် တရုတ်နိုင်ငံအတွက် ၈ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းအထိလည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၁၉ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိလည်းကောင်း အသီးသီး ကင်းလွတ် လျော့ချ လာရမည် ဖြစ်ပါသည်။

            ဂျပန်နိုင်ငံသည် ၎င်း၏ စိုက်ပျိုးရေးထုတ်ကုန် ၅ မျိုးဖြစ်သည့် (ဆန်၊ ဂျုံ၊ အမဲသားနှင့် ဝက်သား၊ နို့ထွက်ပစ္စည်းများနှင့်သကြား) တို့ကို (Sensitive Items) အဖြစ် သတ်မှတ်ရန် ဆုံးဖြတ် ခဲ့ပြီး အကောက်ခွန်လျော့ချမှုတွင် မပါဝင်မည့်စာရင်းတွင် ထည့်သွင်းထားပါသည်။

        အဆိုပါသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများ၏ ကုန်စည်စုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းခန့် (အထူးသဖြင့် မော်တော်ယာဉ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များအပါအဝင် စက်မှုထုတ်ကုန်များ)  အပေါ် အကောက်ခွန် ကင်းလွတ် ခွင့်များ ရရှိနိုင်မည်ဖြစ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ e-commerce နှင့် ဉာဏမူပိုင်ခွင့်ဆိုင်ရာ ဘုံအခွင့်အလမ်းများ ပွင့်လန်းလာမည်ဖြစ်ခြင်း၊ လွတ်လပ်သော ကုန်သွယ်မှု ဒေသအဖြစ် တိုးမြှင့်ဖော်ဆောင်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် ဂျပန်အစိုးရ အနေဖြင့်  နိုင်ငံ၏ GDP ကို ၂.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ပေါင်း ၅၇၀,၀၀၀ ခန့်ကို လည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းထားသည့်အတွက် (RCEP) သဘောတူညီချက်ကို တတ်နိုင်သမျှ မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။

ရင်းမြစ်။ The Japan Times, The Nikkei Asia နှင့် The Cabinet Office of Japan

(နန္ဒာဝင်း ၊စီးပွားရေးသံမှူး)