Main menu

Background

အာဆီယံအင်တာနက်ကဏ္ဍကို တရုတ်နိုင်ငံက တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် ကူညီ ပေးလျက်ရှိ

Wed, 05/12/2021 - 13:20 -- journal_editor

       အရှေ့တောင်အာရှ၏ နာမည်ကြီး Lazada e-commerce platform ပေါ်တွင်  ထိုင်းဖောက်သည်များအတွက် (၈၅)ယွမ်တန် Stylus အား တိုက်ရိုက်ထုတ်လွှင့် (livestreaming)၍ အရောင်းမြှင့်တင်ရန်  နယ်စပ်ဖြတ်ကျော် e-commerce ကုမ္ပဏီဖြစ် သည့် Tus-Innovation က ထိုင်းစကားပြောနိုင်သည့် တရုတ်ဧည့်လမ်းညွှန်ဖြစ်သူ Zhou Xingxing အား ငှားရမ်းခဲ့စဉ်က ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ်သည့် အကျင့် ရှိ၊မရှိ မသေချာ သောကြောင့် လည်းကောင်း၊ လျှပ်စစ်ပစ္စည်းကို ရောင်းချရမည်ဖြစ်သောကြောင့် လည်းကောင်း သူမမှာ မိမိကိုယ်ကိုယုံကြည်မှုမရှိဖြစ်ခဲ့သည်ဟုဆိုသည်။

သို့သော်ငြားလည်း လျှပ်စစ်ပစ္စည်း(၈)မယ်အား တစ်နာရီအတွင်း Zhouက မိတ်ဆက်ပေးနိုင်ခဲ့ပြီး၊ လူပေါင်း (၁)ထောင်ကျော် ကြည့်ရှုခဲ့ကြောင်းသိရသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများတွင် ဒစ်ဂျစ်တယ် စီးပွားရေး ဈေးကွက်အလားအလာကို သူမ မြင်တွေ့ခဲ့သည်ဟု ဖြေကြားခဲ့ပါသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဟွာဝေးအပါအဝင် တရုတ်နိုင်ငံ၏ နာမည်ကြီး ကုန်ပစ္စည်းများက တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် အရောင်းမြှင့်တင်ခြင်းကို ဆောင်ရွက်လာ လျက်ရှိပါသည် ။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ (၁၁)ရက်နေ့၌ Lazada e-commerce platform ပေါ်မှ တစ်နေ့တာဈေးရောင်းပွဲတော်ကြီးကျင်းပခဲ့ရာ ကုန်ပစ္စည်းအမှတ် တံဆိပ်နှင့် အွန်လိုင်း အရောင်းဆိုင်ပေါင်း (၃)သိန်းခွဲကျော် ပါဝင်ခဲ့ပါသည်။

နှစ်နိုင်ငံ e-commerceလုပ်ငန်းကွင်းဆက် အားကောင်းခိုင်မာစေရန် Lazada ၏ နယ်စပ်ဖြတ်ကျော် စီးပွားရေးတီထွင်ဆန်းသစ်မှု ဝန်ဆောင်မှုစင်တာအား ကွမ်ရှီးကျွမ့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့တွင် (၂၀၁၉)ခုနှစ်မှစတင်တည်ထောင် ခဲ့ပါသည်။

              ၎င်းစင်တာမှ နာမည်ကြီးတရုတ်ကုမ္ပဏီပေါင်း (၃၀)ကျော်အား ဝန်ဆောင်မှု များပေးခဲ့ကာ၊ အသေးစားနှင့်အလတ်စား နယ်စပ်ဖြတ်ကျော်အွန်လိုင်းလက်လီအရောင်း ဆိုင်ပေါင်း (၄၀၀)ကျော်ကို ပြုစုပျိုးထောင်ပေးခဲ့ပါသည်။ ထို့ပြင် e-commerce  ဆောင်ရွက် ပေးသူပေါင်း တစ်ထောင်ကျော်အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံ များမှ တိုက်ရိုက်ထုတ်လွှင့်ပေးသူပေါင်း (၂၀၀)ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

       တိုက်ရိုက်ထုတ်လွှင့်မှုများမှာ မိမိနိုင်ငံမှ ကုန်စည်အမျိုးစုံကို ခင်းကျင်းပြသ နိုင်ကြောင်း၊ မိမိနိုင်ငံမှ ဝယ်ယူသူများထံသို့လည်း ဈေးသက်သာသည့် ကုန်ပစ္စည်းများကို မိတ်ဆက်ပေးနိုင်ကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံသားများအတွက် ကောင်းမွန်သော အရာများ အား ဆောင်ကြဉ်းပေးနိုင်ကြောင်း ဗီယက်နမ်နိုင်ငံမှ တိုက်ရိုက်ထုတ်လွှင့်ပေးသူတစ်ဉီးက မှတ်ချက်ပြုပြောကြားပါသည်။

        (၂၀၂၀) ပြည့်နှစ်မှစကာ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ သင်တန်းသားများအား နန်နင်းမြို့ရှိ Lazada စင်တာ၌ တိုက်ရိုက် ထုတ်လွှင့်သူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယခုအခါ အာဆီယံနိုင်ငံအချို့၌ တိုက်ရိုက်ထုတ်လွှင့်မှုများကို စောင့်ကြည့်လျက် အွန်လိုင်းပေါ်မှ ဈေးဝယ်ခြင်းမှာ နိစ္စဓူဝအလုပ်များ၏ တစ်စိတ်တစ်ဒေသဖြစ်လာကြောင်း သိရပါသည်။

         တရုတ်နိုင်ငံတွင် (၂၀၂၀)ပြည့်နှစ်အတွင်း နယ်စပ်ဖြတ်ကျော် e-commerce တန်ဖိုးမှာ ယွမ်ငွေ (၁.၆၉) ထရီလီယံရှိကာ (၃၁.၁) ရာခိုင်နှုန်းမြင့်တက်လာပါသည်။ တရုတ်နှင့် အာဆီယံတို့မှာ ပထမဆုံးအကြိမ်အဖြစ် အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်များ ဖြစ်လာခဲ့ပါသည်။

               အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ (၂၀၁၅)ခုနှစ်တွင် GDP ၏ (၁.၃) ရာခိုင်နှုန်းရှိခဲ့ရာမှ (၂၀၂၅)ခုနှစ်တွင် (၈.၅) ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi က ခန့်မှန်းထားပါသည်။

ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရာတွင် တရုတ်နိုင်ငံက ဉီးဆောင်နိုင်ငံအဖြစ် ပါဝင်နေပြီး၊ ဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးမှုတိုးမြှင့်ရာ၌ အာဆီယံ၏ အရေးပါသည့် မိတ်ဖက်အဖြစ် ရပ်တည်နေပါသည်။

ရင်းမြစ်၊ China Daily (၃-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)