Main menu

Background

ဂျပန်ကုမ္ပဏီများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကာလအတွင်း ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ ဦးတည်ချက်အပေါ် ပြန်လည်သုံးသပ်သင့်

Wed, 05/12/2021 - 14:43 -- journal_editor

ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားနေသည့် အခြေအနေများကြောင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၏ စီးပွားရေး လုပ်ဆောင်မှုပုံသဏ္ဍာန်များ ကွဲပြားလာကြသည်ကိုတွေ့ရပါသည်။ အချို့သောကုမ္ပဏီ များသည် နေအိမ်မှနေ၍ အင်တာနက်အသုံးပြုကာ လုပ်ငန်းဆောင်ရွက်ခြင်းကို ပိုမိုလိုလားလာကြ ပြီး ဝန်ထမ်းအားလုံး၏ ၇၀ % ခန့်သည် နေအိမ်မှသာ အလုပ်လုပ်ကိုင်နေကြပါသည်။ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများမှာ လုပ်ငန်းလည်ပတ်မှု သိသိသာသာ ထိုင်းမှိုင်းလာခြင်းနှင့် ရင်ဆိုင်နေရပါသည်။

အနာဂတ်တွင် ဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေ ကာမူ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းတို့တွင် အပြောင်းအလဲများစွာနှင့် ကြုံတွေ့ရမည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုပုံစံကို ကြိုတင်၍ ပြုပြင်ပြောင်းလဲ ရန် လိုအပ်ပါသည်။

ကုမ္ပဏီများ၏အခန်းကဏ္ဍကို ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် လူမှုအဖွဲ့အ စည်းထံ ဆက်နွှယ်ဆောင်ရွက်ခြင်း (တစ်နည်းအားဖြင့်) ရင်းနှီးမြှုပ်နှံသူများနှင့် အလုပ်သမားများ ထံ လုပ်ငန်း၏ အကျိုးအမြတ်ကို ခွဲဝေခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ အကယ်၍ လူမှုအဖွဲ့ အစည်းတွင် ပြောင်းလဲမှုများရှိလာပါက ထိုဆက်နွှယ်မှုများသည်လည်း လိုက်ပါပြောင်းလဲလာမည် ဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် အဆိုပါ ပြောင်းလဲမှုများနှင့် သက်ဆိုင်သည့် အကြောင်းအရင်း များကို ရှောင်လွှဲခြင်းမပြုဘဲ ကျိုးကြောင်းဆီလျော်မှုရှိစေရန် ဆင်ခြင်သုံးသပ်ရမည် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား၌ ဒစ်ဂျစ်တယ်နည်းပညာနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များသည် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင် အားများသဖွယ် ဖြစ်လာပါသည်။ တစ်ချိန်က ဂျပန်ကုမ္ပဏီများသည် ယင်းနယ်ပယ်များဖြစ်သည့် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုတို့တွင် ဦးဆောင်နိုင်ခဲ့ကြပါ သည်။ သို့သော် အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ အလားတူထုတ်ကုန်အပိုင်းတွင် သတင်းအချက်အလက်နှင့် နည်းပညာများတိုးတက်ထွန်းကားလာမှု၊ ဝန်ဆောင်မှုများတိုးမြှင့်လာမှု တို့ကြောင့်  ဂျပန်နိုင်ငံ၏ ယခင် ဦးဆောင်မှုအနေအထားသည် မကြာသေးမီကာလက ကျဆင်း လာခဲ့သည်ကိုတွေ့ရပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ၏ ကာဗွန်အသုံးပြုမှုလျှော့ချရေးတွင် နှေးကွေး သည့် ဆောင်ရွက်ချက်များသည်လည်း ထိုကျဆင်းမှုတွင် အကျိုးသက်ရောက်စေသည့် အကြောင်း အရင်းတစ်ရပ် ဖြစ်နေပါသည်။

ဂျပန်နိုင်ငံသည် ၎င်း၏ အတိတ်ကာလမှ အောင်မြင်မှုများကိုသာ မှီခိုနေရုံဖြင့် ဆက်လက် ရပ်တည်နိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ ဂျပန်အနေဖြင့် မျက်မှောက်ခေတ်၌ ပြောင်းလဲနေသည့် အခြေအနေများကို ချင့်တွက်ကာ နဂိုရပ်တည်ချက်အနေအထားကို ပြန်လည်ရရှိရန် စီးပွားရေးပုံစံ အသစ်များကို မဖြစ်မနေ ပြုပြင်ပြောင်းလဲပုံဖော်ရမည် ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဝင်ငွေကျဆင်းလာသည့် ဂျပန်ပြည်တွင်းရှိ မီးရထား ကုမ္ပဏီများသည် ကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း ဘူတာရုံများ၌ ခရီးသည်များ ပြည့်ကျပ်မှု မဖြစ်စေရန်နှင့် လူအများနီးကပ်စွာရှိခြင်းမှ ရှောင်ရှားနိုင်ရန် သတင်းအချက်အလက်များ ဖြန့်ဝေ ခြင်းတွင် အားထည့်ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ခရီးသည်များ အသုံးပြုမှု များပြားသည့် မီးရထားခရီးစဉ်လမ်းကြောင်းများ၊ အသုံးပြုစီးနင်းသည့် ခရီးသည်အရေအတွက် စသည့် သတင်းအချက်အလက်များကို ကောင်းစွာအသုံးချ၍ စီမံခန့်ခွဲနိုင်ခဲ့သည်ကို တွေ့ရပါသည်။

အလားတူပင် စီးပွားရေးလုပ်ငန်းများအနေဖြင့် customer များ၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှုရှိစွာ တုန့်ပြန်ခြင်း၊ မီးခဲပြာဖုံးဖြစ်နေသည့် စီမံခန့်ခွဲမှုဆိုင်ရာ ပင်ကိုယ် စွမ်းရည်များကိုဖော်ထုတ်၍ အကျိုးရှိစွာ အသုံးချဆောင်ရွက်ခြင်းအားဖြင့် ၎င်းတို့လုပ်ငန်းများ အတွက် ကောင်းမွန်သည့် အလှည့်အပြောင်းများကို ပုံဖော်လာနိုင်မည်ဖြစ်ပါသည်။  ကုမ္ပဏီများ သည် ၎င်းတို့၏ အမြတ်အစွန်းတစ်ခုတည်းကိုသာ အာရုံစိုက်၍ တရားမမျှတမှုများ၊ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာကိစ္စများတွင် အရင်းရှင်ဝါဒ ဆန်ဆန်တုန့်ပြန်မှုများ ဆောင်ရွက်မည်ဆိုပါက လူအများ၏ ယုံကြည်မှုကို မလွဲမသွေဆုံးရှုံးမည် ဖြစ်ပါသည်။

Uniqlo အမှတ်တံဆိပ်အဝတ်အထည်လုပ်ငန်းကို ဆောင်ရွက်နေသည့် ဂျပန်နိုင်ငံ၏ Fast Retailing Co. Ltd., သည် ပြန်လည်အသုံးပြုနိုင်သည့် ကုန်ကြမ်းများအသုံးပြုမှုအတွက် customer များ၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။ သို့သော် အဆိုပါကုန်ကြမ်းများ၏ ရင်းမြစ်သည် တရုတ်နိုင်ငံ၊ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှ ရရှိခြင်းဖြစ်ပြီး အဆိုပါဒေသမှ ဝီဂါမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သက်ဆိုင်နေသည်ဟူသည့် စွပ်စွဲချက်များကြောင့် Uniqlo ထိပ်တန်း အဝတ်အထည်လုပ်ငန်းသည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။

တစ်ချိန်တည်းမှာပင် Amazon.com Inc., သည်လည်း အလုပ်သမားပြဿနာများနှင့် ပုံမှန်ထက်အလုပ်စေခိုင်းသည့် စီမံခန့်ခွဲမှုအခြေအနေများဆိုင်ရာ အငြင်းပွားမှုပြဿနာများကြောင့် ယင်းကုမ္ပဏီကိုထူထောင်သည့် Jeff Bezos အနေဖြင့် ရှယ်ယာပိုင်ရှင်များထံ လုပ်သားစီမံခန့်ခွဲမှု အပိုင်းတွင် ပိုမိုတိုးတက်ရန် ဆောင်ရွက်ပါမည်ဟူသည့် တောင်းပန်စာတစ်စောင် ရေးသားခဲ့ရ ပါသည်။

အကယ်၍ ကုမ္ပဏီများအနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေများအပေါ် ချိန်ညှိကာ ဆောင်ရွက်ခြင်းမရှိပါက ၎င်းတို့၏ တည်ရှိမှုအနေအထားကို မလွဲမသွေ ဆုံးရှုံးရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဂျပန်နိုင်ငံသည် ၎င်း၏ စီးပွားရေးပြန်လည်နာလန်ထူလာစေရန်၊ ယခင်က ထက် ပိုမိုတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲသူများ အနေဖြင့် ဘက်စုံရှုဒေါင့်စုံမှ ကောင်းမွန်တိုးတက်အောင် ပြင်ဆင်ချိန်ညှိဆောင်ရွက်သင့်ပါသည်။

ရင်းမြစ်။  (၁၀-၅-၂၀၂၁) ရက်နေ့ထုတ် Mainichi Japanသတင်းစာမှ အယ်ဒီတာ၏အာဘော် ဆောင်းပါး

နန္ဒာဝင်း

 (စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ တိုကျိုမြို့