Main menu

Background

သစ်သီးဝလံပြည်ပပို့ကုန်အတွက်အလားအလာကောင်းများရှိနေဆဲဖြစ်

Wed, 05/19/2021 - 13:08 -- journal_editor

                 Covid-19 ဖြစ်ပွားမှုများရှိနေဆဲဖြစ်သော်လည်း ယခုနှစ်အတွက် သစ်သီးဝလံတင်ပို့မှု အလားအလာမှာ ကောင်းနေဆဲဖြစ်ကြောင်း၊ ကမ္ဘာတစ်လွှားတွင် ထိုင်းသစ်သီးဝလံများအပေါ် စားသုံးမှုသည် ခိုင်မာ အားကောင်း နေဆဲဖြစ်ကြောင်း၊ အထူးသဖြင့်တရုတ်၊ ဗီယက်နမ်နှင့် ဟောင်ကောင်နိုင်ငံများဖြစ်ကြောင်းသိရှိရပါသည်။အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Somdet Susomboon က ၎င်း၏ ဉီးစီးဌာနအနေဖြင့် ယခုနှစ် အတွက်လတ်ဆတ်သောသစ်သီးများတင်ပို့မှုအနေဖြင့်(၁၇%)ခန့် တိုးတက်နိုင်မည်ဟု မျှော်လင့် ထားကြောင်း၊ ဘတ်ငွေအားဖြင့် (၁၂၂)ဘီလီယံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ လတ်ဆတ်သော သစ်သီးဝလံများ၏ ပို့ကုန်ဈေးကွက် အဖြစ်  ထိပ်ဆုံးက ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့်(၇၀%)ဖြစ်ကြောင်း၊ ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံက (၁၂%)ဖြင့် လည်း ကောင်း၊ ဟောင်ကောင်က (၁၀%)ဖြင့်လည်းကောင်း အသီးသီးရှိနေကြောင်းသိရှိရပါသည်။ မစ္စတာဆွန်ဒတ်က အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဉီးစီးဌာန အနေဖြင့် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် စီးပွားရေး နှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့၏ဈေးကွက်မူဝါဒများနှင့်အညီလတ်ဆတ်သောသစ်သီးဝလံများတင်ပို့မှုကို မြှင့်တင်ဆောင်ရွက်လျှက်ရှိနေကြောင်း၊၎င်းမှာနိုင်ငံအတွင်းရှိကူးသန်းရောင်းဝယ်ရေးဆိုင်ရာအရာရှိ များ (Commercial Affairs Officials)နှင့် ပြည်ပနိုင်ငံများရှိ ထိုင်းကုန်သွယ်မှုစင်တာ (Thai Trade Center) များ မှတစ်ဆင့်ဆောင်ရွက်လျှက်ရှိသည့် ဈေးကွက်ဉီးဆောင်သော ထုတ်လုပ်မှု မဟာဗျူဟာ(Market-led Production Strategy) ဖြစ်ကြောင်း သိရှိရပါသည်။

          အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် သစ်သီးဝလံပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် လှုံ့ဆော်သည့်စီမံကိန်း(Stimulus Projects) များနှင့် လှုပ်ရှားမှု(Activities) များကိုလည်း တစ်နှစ်ပတ်လုံးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှု(Activities)များတွင်လတ်ဆတ်နှင့်ပြုပြင်ထုတ်လုပ်ထားသောသစ်သီးဝလံတင်ပို့သူများနှင့် ပြည်ပမှ တင်သွင်းသူများအတွက် စီးပွားရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲBusiness Matchings များနှင့် အလားတူ Thai Fruit Golden Months ၊ Thai Fruit Fairs စသည့် ကုန်စည်ပြပွဲများကိုလည်း တရုတ်နိုင်ငံရှိအဓိက ပြည်နယ်များတွင်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

          ထို့အပြင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ဒူရင်းသီးနှင့် သရက်သီးအသင်းအဖွဲ့များ၊ ခေတ်မီသစ်သီးဝလံကုန်သွယ်မှုအသင်း(Modern Age Fruit Association) ၊ ထိုင်းဒူရင်းသီးအသင်းနှင့် Covid-19 ကြောင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတစ်ရပ်လုံးအတွက် အတားအဆီးများဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် အဆိုပါ အတားအဆီးများကို ကျော်လွှားနိုင်မည့်အစီအမံများကို ဆောင်ရွက်နိုင်ရန်အတွက် သစ်သီးဝလံ ပြည်ပ တင်ပို့သူများ အသင်းတို့ ကိုလည်းဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါသည်။

          ဆက်စပ်သည့်လုပ်ငန်းဖွံ့ဖြိုးမှုတစ်ရပ်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏  အမြဲတမ်းအတွင်းဝန် Boonyarit Kalayanamit က (၁၄-၅-၂၀၂၁)  ရက်နေ့တွင် ထိုင်းသစ်သီးဝလံ ပြည်ပတင်ပို့သူများ အသင်းနှင့်ဟောင်ကောင် သွင်းကုန်တင်သွင်းသူများအကြားဘတ်ငွေသန်း(၁၀၀)တန်ဖိုးရှိသည့် သရက်သီးတန်ချိန်(၂,၂၀၀) ဝယ်ယူရေးအတွက်နားလည်မှု စာချွန်လွှာMemorandom of Purchasing(MoP) လက်မှတ်ရေး ပွဲအခမ်း အနားသို့ အသိသက်သေအဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

          အမြဲတမ်းအတွင်းဝန် Boonyarit Kalayanamit ကယခုMOP လက်မှတ်ရေထိုးမှုမှာ ယခုနှစ်အစောပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဉီးစီး   ကျင်းပခဲ့သော အွန်လိုင်းစီးပွားရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ၏နောက်ဆက်တွဲဖြစ်ကြောင်း၊ အွန်လိုင်းစီးပွားရေး ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများအနေဖြင့် ထိုင်းနိုင်ငံမှ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများ အတွက်ပို့ကုန်အခွင့်အလမ်းများကို တိုးမြှင့်နိုင်ရေးအတွက် အထောက်အကူ ပြုပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့၏ဖြန့်ဖြူးမှုနှင့် ပြည်ပပို့ကုန်လမ်းကြောင်းများပို ချဲ့ထွင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ၎င်းက အရည်အချင်းပြည့်ဝသော လယ်သမားများအနေဖြင့် ၎င်းတို့၏ထုတ်လုပ်မှု

များကိုအပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ဈေးကွက်၏လိုအပ်ချက်အတိုင်းအဆင့်မြှင့်တင်နိုင်ရေးအတွက်အခွင့်အလမ်းများရှိနေပြီး၎င်းတို့၏ ဝင်ငွေကိုပိုမိုရရှိစေနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

     Bangkok Post

      (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

       မြန်မာသံရုံး၊ဗန်ကောက်မြို့