Main menu

Background

တောင်ကိုရီးယားနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုနှုန်းအား နိုင်ငံ့လူဉီးရေ၏ (၇၀) ရာခိုင်နှုန်းသို့ရောက်ရှိ၍ နေ့စဉ်လူနေမှုဘဝတွင် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်သွားနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ

Mon, 08/30/2021 - 12:05 -- journal_editor

                တောင်ကိုရီးယားနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးအရာရှိများသည် နိုင်ငံ၏ရည်မှန်းထားသော ကာကွယ်ဆေးထိုးမှုနှုန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင်  နိုင်ငံ့လူဉီးရေ၏ (၇၀) ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းထားပြီး၊ ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်သွားနိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါသည်။

           လက်ရှိချမှတ်ထားသော Social Distancing စည်းမျဉ်းများကိုဖြေလျှော့၍ မူလအခြေ အနေသို့ပြန်လည်ရောက်ရှိနိုင်စေရေးအတွက် လာမည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလဝန်းကျင်ခန့် တွင် ပြည်တွင်း၌ ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှုနှုန်း (၇၀) ရာခိုင်နှုန်းသို့ ရောက်ရှိရေးသည် အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးသူများလာမှသာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ် နိုင်မည့်အပြင် ရောဂါစစ်ဆေးခြင်း၊ ဆေးရုံတက်ရခြင်း၊ သေဆုံးခြင်း နှုန်းများကိုလည်း လျော့ကျလာ နိုင်မည်ဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးအေဂျင်စီ (Korea Disease Control and Prevention Agency-KDCA) ၏ အထူးတာဝန်ပေးအပ်ခြင်းခံရသူ Ms. Jeong Eun-kyeong က ကျန်းမာရေးနှင့်လူမှုဖူလုံရေးကော်မတီ၏ (၂၃-၈-၂၀၂၁)ရက်နေ့တွင်ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့ပါသည်။

          သမ္မတမွန်ဂျေအင်း၏ရည်မှန်းချက်ဖြစ်သော တောင်ကိုရီးယားနိုင်ငံအတွင်းရှိ ပြည်သူ (၅၁)သန်းအနက် (၇၀) ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၈ မှ ၂၂) တွင်ကျရောက်မည့်  Chuseok အားလပ်ရက်မတိုင်မီ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးခြင်း ပြီးမြောက်နိုင်ရန်နှင့် ချူဆော့ပွဲတော်အပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူ (၇၀) ရာခိုင်နှုန်းကျော်ဖြစ်စေရေး စီမံချက်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ Social Distancing စည်းမျဉ်းများ ထားရှိရန်မလိုဘဲ လွတ်လပ်စွာနေထိုင်နိုင်မည်ဖြစ်ကြောင်း၊ မူလ နေ့စဉ်လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို သြဂုတ်လ၊ ဒုတိယပတ် အတွင်းက သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။

           ထိုသို့ ပုံမှန်လူနေမှုဘဝအခြေအနေသို့ပြန်လည်ရောက်ရှိရန် နိုင်ငံရေးသမားများကလည်း ထောက်ခံတွန်းအားပေးခဲ့ကြကြောင်း၊ ကိုဗစ်-၁၉ စတုတ္ထလှိုင်းကူးစက်မှုသည် ဆက်လက်မြင့်တက် နေဆဲဖြစ်သဖြင့် မြို့တော်ဆိုးလ်နှင့်ပတ်ဝန်းကျင်ဧရိယာအတွင်း အမြင့်ဆုံး Social Distancing Level (4) သတ်မှတ်ထားရှိကာ၊ ညနေ (၆) နာရီကျော်လျှင် လူနှစ်ဦးထက်ပို၍ စုဝေးခွင့်မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍ စားသောက်ဆိုင်များနှင့် အခြားသော ရောဂါကူးစက်နိုင်ခြေများသည့် အများသုံးနေရာများကို ညပိုင်းတွင် ပိတ်ထားစေခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ စစ်တမ်းအရ တောင်ကိုရီးယားပြည်သူ (၈၄) ရာခိုင်နှုန်းက Social Distancing  စည်းကမ်းများကို လိုက်နာကြ သော်လည်း လက်ရှိဆောင်ရွက်နေသော Social Distancing Level ကိုသာ ရက်သတ္တပတ်များ ဆက်လက်တိုးမြင့်နေသည့်အစီအမံများသည် ကိုဗစ်ကူးစက်မှုမြင့်တက်နေမှုကို ထိရောက်စွာ တားဆီးနိုင်မှု မရှိကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်၊ ကာကွယ်ဆေးဌာနမှ မကြာသေးမီက ထုတ်ဝေခဲ့သည့် အစီရင်ခံစာတစ်စောင်က ဝေဖန်အကြံပြု ရေးသားထားသည်ကို တွေ့ရှိရပါသည်။

           တောင်ကိုရီးယားနိုင်ငံ၏ ကူးစက်ရောဂါထိန်းချုပ်ရေးမဟာဗျူဟာသည် lockdown (သို့) ခရီးသွားလာခွင့်များကို ကန့်သတ်ချက်မထားဘဲ  Safety စည်းကမ်းများကိုသာ လိုက်နာစေသည့် စနစ်ကိုကျင့်သုံးလျက်ရှိပါကြောင်း၊ သို့သော် စည်းကမ်းလိုက်နာမှု လျော့ပါးလာသဖြင့် ပိုမိုတင်းကြပ် လာဖွယ်ရာရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အင်ဒီးယားနား ပြည်နယ်၏အရွယ်အစားလောက်သာရှိရာ နိုင်ငံအတွင်း၊ တစ်မြို့နှင့်တစ်မြို့ လွယ်ကူစွာ ခရီးသွားလာ နိုင်၍ စည်းကမ်းများမတင်းကြပ်ထားသည့် ဆိုးလ်မြို့တော်ပြင်ပတွင် ကိုဗစ်ရောဂါကူးစက်နိုင်ခြေ ပိုများသဖြင့် ဆိုးလ်မြို့တော်ပြင်ပတွင် တင်းကြပ်သည့် စည်းမျဉ်းများကို အကောင်အထည်ဖော်သင့် ကြောင်း  KCDA ၏အကြီးအကဲဟောင်းဖြစ်သူ Dr. Jung Ki-suck က ကျန်းမာရေးရာတာဝန်ရှိသူ များ၏အမြင်ဘက်မှ ဝေဖန်ပြောကြားခဲ့ပါသည်။  

           တောင်ကိုရီးယားပြည်သူများက ပိုမိုလွတ်လပ်ခွင့်ကို မျှော်လင့်နေစဉ် ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် အထူးကြပ်မတ်ကုသမှုကိုခံယူနေရသည့် လူနာဉီးရေသည် (၂၃-၈-၂၀၂၁) ရက်နေ့တွင် (၄၂၀) ဉီးအထိ ရောက်ရှိခဲ့ပြီး၊ (၂၅-၈-၂၀၂၁)  ရက်နေ့စာရင်းအရ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု လူဉီးရေသည် (၂,၁၅၂) ဉီးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

Source: The Korea Herald (25-8-2021)          

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)