Main menu

Background

ဥရောပ၌ အသိအမှတ်ပြုလက်မှတ်ရကော်ဖီ (certified coffee) သုံးစွဲမှု မြင့်တက်လာခြင်း

Mon, 08/30/2021 - 14:49 -- journal_editor

           ဥရောပသည် အသိအမှတ်ပြုလက်မှတ်ရကော်ဖီ (certified coffee) အတွက် ကမ္ဘာ့ အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်ပါသည်။ အသိအမှတ်ပြုလက်မှတ်ရကော်ဖီ (Certified coffee) သည် ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်မှုရှိခြင်း၊ စိုက်ပျိုးသူ များအတွက် စီးပွားရေးအရ အလားအလာကောင်းမွန်ခြင်း၊ ကော်ဖီစိုက်သူနှင့် အလုပ်သမား များအကြား မျှတမှုကို မြှင့်တင်ပေးနိုင်ခြင်း စသည့် ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်စေ၊ အားလုံးဖြစ်စေ ပါဝင်၍ စိုက်ပျိုးထုတ်လုပ်ထား သော ကော်ဖီဟု ယေဘုယျဖွင့်ဆိုထားပါသည်။

         မကြာသေးမီနှစ်များနှင့် လက်ရှိ ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း၌ ဥရောပ၏ Certified coffee ဈေးကွက်သည်ကြီးထွားလာခဲ့ကြောင်း၊ အဓိကအကြောင်းရင်းမှာ ဥရောပရှိ စားသုံးသူများက ကျင့်ဝတ်ညီစားသုံးမှု (ethical consumption) ကို ပိုမိုအလေးထားလာ၍ ဖြစ်ကြောင်း သိရသည်။ ကော်ဖီဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များသည် ဥရောပ၏ ကော်ဖီ လုပ်ငန်းကဏ္ဍတွင် လူမှုရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာမှု သေချာစေရေးကို အထောက်အကူပြုနေသည်ဟုဆိုသည်။

       ရေရှည်တည်တံ့သည့်နည်းဖြင့်ထုတ်လုပ်မှုနှင့်စားသုံးမှုသည် ဥရောပ၏ဈေးကွက်ရှိ ကုမ္ပဏီများနှင့် စားသုံးသူနှစ်ရပ်စလုံးအတွက် အရေးကြီးသောအချက် ဖြစ်လာနေပါသည်။ အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ စံချိန်စံညွှန်းများသည် ဥရောပ၏ ကော်ဖီ ကုန်သည်များ၊ ကော်ဖီလှော်သည့်လုပ်ငန်းများနှင့် လက်လီရောင်းချသူများအတွက် မဟာဗျူဟာ အစိတ် အပိုင်းတစ်ရပ်ဖြစ်လာခြင်းကြောင့် Certified coffee ၏ ဝယ်လိုအားကို တိုးတက်လာစေ ခြင်းဖြစ်ကြောင်း သိရသည်။

       ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား Rainforest Alliance အသိအမှတ်ပြုလက်မှတ်ရ အာရေဗီကာကော်ဖီ ရောင်းချရမှုသည် (၂၀) ရာခိုင်နှုန်း၊ ရိုဘတ်စတာကော်ဖီ ရောင်းချမှုသည် (၁၂) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ယင်းမှာ ဥရောပဈေးကွက်၌ ဝယ်လိုအားတိုးလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ အလားတူ Fairtrade နှင့် Organic အသိအမှတ်ပြုလက်မှတ်ရ ကော်ဖီများသည်လည်း ဥရောပဈေးကွက်၌ လူကြိုက်များရေပန်းစားလာသည်ဟု ဆိုသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား အဆိုပါ အသိအမှတ်ပြုလက်မှတ် (၂) မျိုးစလုံးဖြင့် Green Coffee ရောင်းချရမှုသည် နှစ်အလိုက်တိုးတက်မှုနှုန်း (၅) ရာခိုင်နှုန်း ရှိခဲ့ပါသည်။

       ဥရောပစားသုံးသူများ၏ ကျင့်ဝတ်ညီစားသုံးမှုတိုးတက်လာခြင်းကြောင့် Certified coffee ၏ ဝယ်လိုအားသည် COVID-19 ကပ်ရောဂါကာလတွင်လည်း ဆက်လက် တိုးတက် ခဲ့သည်ဟုသိရသည်။ ၂၀၂၀ ခုနှစ်အတွင်း ဥရောပရှိ စူပါမတ်ကတ်ကြီးများ၏ ကိုယ်ပိုင်အမှတ် တံဆိပ်ကော်ဖီ (private-label brands) များကို ရောင်းချရမှုသည်လည်း တိုးတက်ခဲ့ပါသည်။ ယင်းမှာ ကပ်ရောဂါဆိုင်ရာ lockdown များတွင် စားသောက်ကုန်များကို ပိုမိုဝယ်ယူကြရ ခြင်းကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်ဟုဆိုသည်။ ထို့ကြောင့် ဥရောပရှိ စူပါမတ်ကတ် ကြီးများသည် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ကော်ဖီများကို Fairtrade ၊ Rainforest Alliance၊ အော်ဂဲနစ် စသည့်် အသိအမှတ်ပြုလက်မှတ်ရကော်ဖီများ ဖြစ်လာစေရေး ပိုမို ဆောင်ရွက်လာကြသည်ဟု သိရပါသည်။

ရင်းမြစ် -   (https://www.cbi.eu/news/increased-certified-coffee-consumption-europe-despite-covid-19-pandemic)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)

(ဘရပ်ဆဲလ်မြို့)