ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံ တကာ ဖက်ရှင်အဝတ်အထည် လုပ်ငန်းကဏ္ဍအပေါ် များစွာသက်ရောက်မှုရှိခဲ့ပါသည်။ ယခုအခါ ဥရောပနိုင်ငံအများအပြားသည် Lockdown ကန့်သတ်ချက်များကို စတင် ဖြေလျှော့မှုများပြုလုပ်လာကြခြင်း၊ ဈေးဆိုင်/စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် စားသုံးသူများအနေဖြင့် အပြင်ထွက်၍ ဈေးဝယ်ခြင်းများကို ပြန်လည်ဆောင်ရွက်နိုင်လာခြင်း တို့ကြောင့် ဥရောပ၏ ဖက်ရှင်အဝတ်အထည် ဈေးကွက်သည် ပုံမှန်အခြေအနေသို့ ပြန်လည် ဉီးတည်လာနေကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ဖက်ရှင်လုပ်ငန်းကဏ္ဍသည် ၂၀၂၀ ခုနှစ်တွင် ယူရို (၅၂၅) ဘီလျံခန့် ဆုံးရှုံးခဲ့သည်ဟု Boston Consulting Group က ဖော်ပြထားပါသည်။ ဥရောပနိုင်ငံများရှိ စားသုံးသူများသည် ကပ်ရောဂါဆိုင်ရာ Lockdown ကန့်သတ်ချက်များကြောင့် နေအိမ်၌သာ နေထိုင်ခဲ့ကြရပြီး၊ non-essential ကုန်စည်များအတွက် သုံးစွဲမှုလျော့ကျခဲ့ပါသည်။ ဖက်ရှင် အမှတ်တံဆိပ်များနှင့် လက်လီအရောင်းဆိုင်များ ပိတ်ထားခဲ့ရပြီး၊ အွန်လိုင်းမှရောင်းချရမှု တွင် တိုးတက်ခဲ့သော်လည်း အဝတ်အထည်လုပ်ငန်းကဏ္ဍ တစ်ခုလုံး အရောင်းကျဆင်းမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ ခုသာခံသာရှိစေခဲ့ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် အဝတ်အထည်လုပ်ငန်းများသည် အပ်ထည်အမှာစာများ ရုပ်သိမ်းခြင်းနှင့် ကြန့်ကြာခြင်းများကို ကြုံတွေ့ခဲ့ကြရပါသည်။ ကပ်ရောဂါဖြစ်ပွားပြီး ပထမ (၃) လအတွင်း အမေရိကန်နှင့် ဥရောပဖက်ရှင်ဈေးကွက်များသို့ တင်ပို့သည့် အထည်ချုပ်လုပ်ငန်းများသည် ယူရို (၁၃.၅) ဘီလျံခန့်တန်ဖိုးရှိ အပ်ထည် အမှာစာရုပ်သိမ်းမှုများရှိခဲ့ကြောင်းသိရသည်။ အဝတ်အထည်ချုပ်လုပ်တင်ပို့သည့်နိုင်ငံများ ၌လည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထုတ်လုပ်မှုလျော့ကျခြင်း၊ အလုပ်သမားများ လျှော့ချရခြင်း၊ ဝင်ငွေရပ်ဆိုင်းသွားခြင်း စသည့်အခြေအနေများကို ကြုံတွေ့ခဲ့ကြရပါသည်။
ယခုအခါ ဥရော၏ ဖက်ရှင်အဝတ်အထည်ဈေးကွက် ပြန်လည်နာလန်ထူလာရန် အတွက် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများရှိလာသည်ဟု ဆိုသည်။ ဗြိတိန် နိုင်ငံသည် ပြီးခဲ့သည့်ဧပြီလတွင် non-essential shops များကို ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ ထိုသို့ပြန်လည်ဖွင့်လှစ်မှုကြောင့် အဝတ်အထည်လက်လီရောင်းချမှုတွင် (၁၀) ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံတို့ အပါအဝင် အခြား ဥရောပနိုင်ငံများသည်လည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကို စတင်ဖြေလျှော့ လာပြီဖြစ်ပါသည်။ ဥရောပ၏ လက်ရှိနွေရာသီကာလတွင် ကာကွယ်ဆေးများကို ပိုမိုထိုးနှံ နိုင်မည်ဖြစ်သဖြင့် အခြေအနေကောင်းများကို ပိုမိုရရှိလာရန် မျှော်မှန်းထားပါသည်။
အဆိုပါ အခြေအနေများကြောင့် ဖက်ရှင်အဝတ်အထည်ဈေးကွက်၏ အနာဂတ် အလားအလာမှာ ကောင်းမွန်လျက်ရှိသော်လည်း အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပုံမှန် အခြေအနေသို့ အလျင်အမြန် ပြန်လည်ရောက်ရှိမည်ဟု မယူဆသင့်ကြောင်း သိရသည်။ ဥရောပ၏ အဝတ်အထည်ဈေးကွက်တွင် လက်ကျန်ကုန်စည်များ (unsold stock) အများ အပြား ကျန်ရှိနေပါသည်။ ဖက်ရှင်အမှတ်တံဆိပ်ကုမ္ပဏီများနှင့် လက်လီအရောင်းဆိုင်များ၌ unsold stock များစွာရှိနေကြောင်း၊ အမှာစာများရုပ်သိမ်းခဲ့ခြင်းကြောင့် စက်ရုံများ၌လည်း အသုံးမပြုရသေးသည့် ပိတ်စများ လက်ကျန်များစွာရှိနေကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း အဝတ်အထည်လုပ်ငန်းကဏ္ဍ၌ unsold stock များသည် ယူရို (၁၄၀) ဘီလျံခန့်မှ (၁၆၀) ဘီလျံတန်ဘိုးခန့် ကျန်ရှိနေသည်ဟု McKinsey က ဖော်ပြထားသည်။ ယင်းပမာဏသည် ကပ်ရောဂါမတိုင်မီကာလကထက် (၂)ဆကျော်ရှိသည်ဟု ဆိုသည်။ ဥရောပရှိ ဖက်ရှင်ကုမ္ပဏီများသည် ၎င်းတို့၏ လက်ကျန်အဝတ်အထည်များကို ရောင်းချ ခြင်းဖြင့် ငွေဖြစ်လွယ်မှုအခြေအနေတိုးတက်လာစေရေးကို ပိုမိုအာရုံထားနေကြပါသည်။ ၂၀၂၁ ခုနှစ် ဖက်ရှင်ဈေးကွက်ရာသီ၌ ဥရောပ ဖက်ရှင်အမှတ်တံဆိပ်ကုမ္ပဏီများနှင့် လက်လီ အရောင်းဆိုင်များသည် အမှာစာများကို ပမာဏအနည်းငယ်သာ မှာယူထားကြောင်း သိရ သည်။
ထို့အပြင် အဝတ်အထည်ဝယ်ယူသည့် ကုမ္ပဏီများသည် ချုပ်လုပ်တင်ပို့သည့်နိုင်ငံ များရှိ ကိုရိုနာဗိုင်းရပ်စ်အခြေအနေများ မသေချာမရေရာမှုကြောင့်လည်း ကြီးမားသည့် အပ်ထည်ပမာဏကို မှာယူမှုမပြုလုပ်ကြခြင်းဖြစ်ပါသည်။ အဝတ်အထည်ချုပ်လုပ်တင်ပို့ သည့်နိုင်ငံများစွာ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေပါသည်။ အပ်ထည်အမှာစာ ရုပ်သိမ်းမှုနှင့် လုပ်သားပြတ်လပ်မှုတို့ကြောင့် အိန္ဒိယနိုင်ငံရှိ အသေးစား အထည်ချုပ်လုပ်ငန်း ထက်ဝက်ကျော်၏ ထုတ်လုပ်မှုမှာ (၇၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အိန္ဒိယနိုင်ငံ အထည် ချုပ်လုပ်ငန်းအသင်းက ဆိုသည်။
ကိုဗစ်-၁၉ ဆိုင်ရာ နိုင်ငံတကာခရီးသွားကန့်သတ်ချက်များကြောင့် အပ်ထည်မှာယူ သည့်ကုမ္ပဏီများသည် ကပ်ရောဂါပိုမိုထိန်းချုပ်နိုင်သော အခြေအနေရှိသည့် နိုင်ငံများကို ရွေးချယ်မှာယူလာကြသည်။ ယင်းအချက်သည် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွား ရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အထည်ချုပ် လုပ်ငန်းများအတွက် အခက်အခဲတစ်ခု ဖြစ်လာစေကြောင်း သိရသည်။
ရင်းမြစ် - (https://www.cbi.eu/news/european-apparel-market-after-coronavirus-pandemic)
(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)
(ဘရပ်ဆဲလ်မြို့)