COVID-19 ကပ်ရောဂါကာလအတွင်း ရေရှည်တည်တံ့မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရ ပင်လယ်စာများ (Sustainable Seafood) ဝယ်လိုအားတိုးတက်လာခဲ့ကြောင်း၊ ပင်လယ်စာများအား ရေရှည်တည်တံ့သည့်နည်းဖြင့် ထုတ်လုပ်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (sustainability certification) သည် လက်ရှိတွင် ဥရောပဈေးကွက်ဝယ်လက်များ၏ အခြေခံလိုအပ်ချက်တစ်ရပ် မဟုတ်သေးသော်လည်း လာမည့် (၁၀) နှစ်အတွင်း ဥရောပသို့ ပင်လယ်စာတင်ပို့သူ (Exporters) များအတွက် Standard Requirement တစ်ရပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။
Sustainable Seafood ဆိုသည်မှာ ဖမ်းဆီး/မွေးမြူသည့် ရေထွက်ကုန်မျိုးစိတ်များ၏ ရေရှည်ရှင်သန်မှု၊ ပင်လယ်သမုဒ္ဒရာ/မြစ်ချောင်းများ ထိန်းသိမ်းမှု၊ ငါးလုပ်ငန်းကို အမှီအခိုပြု နေသည့်အသိုက်အဝန်း စသည်တို့ကို ထည့်သွင်းစဉ်းစားလျက် ထုတ်လုပ်ရရှိသည့် ငါးနှင့် ပင်လယ်စာထုတ်ကုန်များဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုထားပါသည်။
၂၀၂၀ ခုနှစ်တွင် ဥရောပဈေးကွက်၌ အဏ္ဏဝါကြီးကြပ်ရေးကောင်စီ (Marine Stewardship Council –MSC) ၏ အသိအမှတ်ပြုလက်မှတ်ရ ပင်လယ်စာ တန်ချိန် (၈၈၇,၀၀၀) ရောင်းချခဲ့ရကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၉ ခုနှစ်ကထက် (၁၃) ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ အလားတူ ဥရောပဈေးကွက်တွင် မွေးမြူရေးရေထွက်ကုန် ကြီးကြပ်ရေးကော်မတီ (Aquaculture Stewardship Council - ASC) ၏ အသိအမှတ်ပြုလက်မှတ်ရ ရေထွက်ကုန်များကိုလည်း ၂၀၁၉ ခုနှစ်ကထက် (၃၂) ရာခိုင်နှုန်း ပိုမိုရရှိနိုင်လာကြောင်း သိရပါသည်။ MSC နှင့် ASC တို့သည် ဥရောပ၌ ပင်လယ်စာ/ရေထွက်ကုန်တို့ အတွက် အဓိကအရေးပါသည့် Sustainability Certification Standards (၂) ခုဖြစ်ပါသည်။
၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် အီးယူတစ်ဝန်း၌ စားသောက်ဆိုင်များ ပိတ်ထားရပြီး၊ လက်လီဆိုင်များ၏ ပင်လယ်စာ/ရေထွက် ကုန်များရောင်းချရမှု သိသာစွာတိုးတက်ခဲ့ပါသည်။ ယခင်ကစားသောက်ဆိုင်များ၌ ပင်လယ်စာအစားအစာများကို သွားရောက်စားသုံးကြသူများသည် COVID-19 ကန့်သတ် ချက်များကြောင့် လက်လီဆိုင်များမှဝယ်ယူ၍ မိမိနေအိမ်၌ ချက်ပြုတ်စားသောက်ကြသည့် အလေ့အထဖြစ်လာပါသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် ဥရောပ၌ ASC လက်မှတ်ရ ပစိဖိတ် ပုစွန်ဖြူ (pacific white shrimp) ရရှိနိုင်မှု (၂၇) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အလား တူ ASC လက်မှတ်ရ black tiger shrimp ရရှိနိုင်မှုသည်လည်း (၁၉) ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရပါသည်။
ယခုအခါ ဥရောပနိုင်ငံများ၌ စားသောက်ဆိုင်များ တဖြည်းဖြည်းချင်းပြန်လည် ဖွင့်လှစ်လာသည့်အတွက် ပင်လယ်စာ ကြိုက်နှစ်သက်သူများသည် ဆိုင်ထိုင်စားသုံးခြင်းကို ပြန်လည်ပြုလုပ်လာကြပြီဖြစ်ရာ အသိအမှတ်ပြု လက်မှတ်ရ ပင်လယ်စာထုတ်ကုန်များ ဝယ်လိုအားသည် ပုံမှန်(Standard) ဖြစ်လာနိုင်ခြင်း ရှိ/မရှိကိုမူ ရှင်းလင်းစွာ မသိရှိနိုင်သေး ကြောင်း၊ ဥရောပအနောက်မြောက်ပိုင်းနိုင်ငံများရှိ စားသောက်ဆိုင်များတွင်မူ sustainable seafood ကိုသာ ရောင်းချခြင်းဖြင့် ဈေးကွက်ရှာဖွေမှု ပိုမိုရေပန်းစားလာကြောင်း သိရပါ သည်။
အီးယူတွင် ရေရှည်တည်တံ့မှုနည်းဖြင့် ထုတ်လုပ်သည့် ပင်လယ်စာထုတ်ကုန်များကို စားသုံးမှုမြှင့်တင်ရေးအတွက် ထိပ်တန်းစားဖိုးမှူးများနှင့် ပူးပေါင်း၍ ကြိုးပမ်းလုပ်ဆောင်မှု များရှိနေကြောင်း၊ ပင်လယ်စာ/ရေထွက်ပစ္စည်း တင်သွင်းမှုတွင် sustainable seafood အား တဖြည်းဖြည်းချင်း ပြောင်းလဲတင်သွင်းလာသည်ကို တွေ့ရသည်ဟု အီးယူရှိ Importers အချို့က ပြောကြားကြောင်း၊ သို့ရာတွင် ဝယ်လိုအားသည် certified နှင့် non-certified ထုတ်ကုန်များအကြား ဈေးနှုန်းကွာဟချက်အပေါ်တွင်လည်း များစွာမူတည်နေသည်ဟု နယ်သာလန်နိုင်ငံရှိ ပင်လယ်စာတင်သွင်းသူများက ပြောကြားကြောင်း သိရပါသည်။
ဥရောပနိုင်ငံများတွင် စားသောက်ကုန်ပစ္စည်းများအတွက် ရေရှည်တည်တံ့မှုနည်းဖြင့် ထုတ်လုပ်မှုအသိအမှတ်ပြုခြင်း (sustainability certification) သည် ဒေသအလိုက် ကွဲပြားမှုရှိနိုင်သော်လည်း sustainable seafood ဈေးကွက်သည် ကျယ်ပြန့်လာပါသည်။ အနာဂတ်ကာလတွင် ဥရောပ၏ ပင်လယ်စာ/ရေထွက်ကုန် ဝယ်လက်များသည် အသိ အမှတ်ပြုလက်မှတ်ရရှိထားသည့် ထုတ်ကုန်များကို ပိုမိုတောင်းဆိုလာနိုင်သဖြင့် ပင်လယ်စာ တင်ပို့သူများအနေဖြင့် ဥရောပဈေးကွက်လိုအပ်ချက်အတွက် ကြိုတင်ပြင်ဆင်ထားသင့် ကြောင်း သိရပါသည်။
ရင်းမြစ် - (https://www.cbi.eu/news/demand-sustainable-seafood-increases-during-covid-19-pandemic)
ကျော်စိန်ဝင်း(စီးပွားရေးသံမှူး)