ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ မြင့်တက်နေမှုနှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ စူပါမား ကတ်များ၌ ၂၀၂၂ ခုနှစ်အစပိုင်းတွင် ကုန်ဈေးနှုန်းမြင့်တက်မှုဖြစ်လာနိုင်သည်ဟု ကျွမ်းကျင် သူများကပြောကြားကြောင်း၊ ၂၀၂၀ ခုနှစ်၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလအတွင်း ကုန်ဈေးနှုန်း သိသာစွာမြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူ ဈေးနှုန်း(consumer prices) မှာ ပြန်လည်ကျဆင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင်မူ ဘယ်လ်ဂျီယံရှိ ကုန်စုံဆိုင်များ၌ ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့ရမည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ဂျုံ၊ သကြား၊ အသား၊ နို့ထွက်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက် ဆီအပါအဝင် အခြေခံစားကုန်များစွာသည် သိသာသော ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ကုန်စည်များသည် (၁၇) ရာခိုင်နှုန်းအထိ ဈေးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလတွင် ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှုသည် (၄၀) ရာခိုင်နှုန်းခန့်ဖြင့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်းကို ကုလသမဂ္ဂစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ အစည်း (FAO) က သတင်းထုတ်ပြန်ထားခဲ့ကြောင်း သိရပါသည်။
စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာရသည့် အကြောင်းရင်းများစွာရှိနိုင်သည်ဟု Federation of the Belgian Food Industry (FEVIA) မှ Nicholas Courant က ပြောကြား ထားပြီး၊ ဥပမာအားဖြင့် ရာသီဉတုကြောင့် ဘရာဇီးလ်နိုင်ငံ၏ ကော်ဖီ စိုက်ပျိုးထွက်ရှိမှုနှင့် ကနေဒါနိုင်ငံ၌ ဂျုံစိုက်ပျိုးထွက်ရှိမှုတို့အပေါ် ထိခိုက်ခဲ့ကြောင်း၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် သက်ရောက်မှုများ (after-effects of the pandemic) သည် စားသုံးသူများ၏ အလေ့ အထကို သိသိသာသာ ပြောင်းလဲစေနိုင်ခြင်းမရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးစနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်စေကြောင်း၊ သင်္ဘောကွန်တိန်နာတစ်လုံးအတွက် သယ်ယူပို့ဆောင်ခသည် (၇)ဆမှ(၁၀)ဆ အထိ မြင့်တက်လာခဲ့ကြောင်း၊ အချို့နိုင်ငံများက ၎င်းတို့၏ ကုန်ကြမ်းပစ္စည်းများကို ထိန်းသိမ်းထားသဖြင့် ကုန်ကြမ်းရှားပါးမှုကို ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ယခုနှစ် နွေရာသီကာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ရာသီဉတုဆိုးရွားခဲ့သဖြင့် သီးနှံများ စိုက်ပျိုးထွက်ရှိမှုအားနည်းခဲ့ကြောင်း၊ ဥပမာအားဖြင့် ဂျုံအထွက်ကျဆင်းမှုကြောင့် ဂျုံမှုန့် ဈေးတက်လာပြီး၊ ပေါင်မုန့်တစ်လုံး၏ ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်တွင် ယူရို (၁၀ဆင့်) အထိ မြင့်တက်လာနိုင်သည်ဟုဆိုသည်။ ထိုသို့ကုန်ကြမ်းပစ္စည်းဈေးတက်လာခြင်းကြောင့် ယခုနှစ် လက်ရှိအချိန်ထိ ဘယ်လ်ဂျီယံရှိ စားသုံးသူများအတွက် သိသာသောကုန်ဈေးနှုန်းမြင့်တက်မှု မဖြစ်လာသေးသော်လည်း ကပ်ရောဂါအကျပ်အတည်း၏ တွန်းပို့မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမားကတ်များသည် ၂၀၂၀ ခုနှစ်ကတည်းက ဈေးနှုန်းမြင့်တက်သည့် အခြေအနေတွင်ရောက်ရှိနေပြီး ဖြစ်သည်ကို သတိပြုသင့် ကြောင်း သိရပါသည်။
ရင်းမြစ် - (The Brussels Times)
ကျော်စိန်ဝင်း(စီးပွားရေးသံမှူး)