အိန္ဒိယနိုင်ငံတွင်လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌တောင်သူများ၏ ဝင်ငွေတိုး တက်ရေးနှင့် ၎င်းတို့၏ထုတ်ကုန်များအား အကာအကွယ်ပေးနိုင်ရေးအတွက်ခေတ်မီနည်းပညာရပ်များ အသုံး ပြုလျက် ကနဦးစီမံကိန်းများ ဆောင်ရွက်ရန် အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမား များ ဖူလုံရေးဝန်ကြီးဌာနသည်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကုမ္ပဏီ ၅ ခုနှင့် နားလည်မှု စာချွန်လွှာများကို ၁၄-၉-၂၀၂၁ နေ့တွင်လက်မှတ်ရေးထိုးခဲ့ပါသည်။
အိန္ဒိယအစိုးရသည် ဒီဂျစ်တယ်စိုက်ပျိုးရေးစနစ်ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ နည်းပညာ သစ်များ ဖြစ်သည့် အသိဉာဏ်တု (artificial intelligence) ၊အချက် အလက်မှတ်တမ်းတင်စနစ် (block chain)၊ ဘူမိသတင်းအချက်အလက် နည်းပညာနှင့် အဝေးထိန်းအာရုံခံစနစ် (remote sensing and GIS technology)၊ ဒရုန်းနှင့်စက်ရုပ်များ (drones and robots) အစရှိသည် တို့ကို အခြေခံလျက်ကနဦး စီမံကိန်းများ ချမှတ်လုပ်ကိုင်မည် ဖြစ်ပါသည်။
အဆိုပါ ကနဦးစီမံကိန်းများ အပေါ်အခြေပြုလျက် တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်သည့်သီးနှံ၊ သုံးစွဲရမည့်သီးနှံမျိုးစေ့ အမျိုးအစား၊ အထွက်နှုန်းမြင့်မားစွာ ရရှိရေး အတွက်လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးကျင့်စဉ်စသည့် သတင်းအချက်အလက် များ ကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ လယ်ယာကုန်ထုတ်လုပ်မှုကွင်းဆက်၌ ပါဝင် ဆောင်ရွက် လျက် ရှိ သူများသည်အချိန်နှင့်တစ်ပြေးညီတိကျခိုင်မာသည့်သတင်းများရရှိလျက်သီးနှံဝယ်ယူမှု၊ ထောက်ပံ့ပို့ဆောင်မှု စသည့်လုပ်ငန်းများကိုစီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့်၎င်းတို့ထုတ်လုပ်သည့်သီးနှံအား မည်သည့်ဈေးနှုန်းဖြင့် မည်သည့်အချိန်၊ မည်သည့် နေရာတွင်ရောင်းချမည်သို့မဟုတ်လက်ဝယ်ထားရှိသိုလှောင်မည်စသည်တို့ကိုဆုံးဖြတ်လုပ်ကိုင်နိုင်ရန်သတင်းများရယူနိုင်မည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်နည်းပညာ၏ အရေးပါမှုကို အသိ အမှတ်ပြုလျက်အိန္ဒိယစိုက်ပျိုးရေးဌာနသည်တောင်သူလယ်သမားများ သတင်းအချက်အလက် စုစည်းမှုစနစ်တစ်ရပ် (federated Farmers Database) ကို ထူထောင်လျက်ရှိကြောင်း၊ ၎င်းစနစ်သည် နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ မြေယာအသုံးချမှု မှတ်တမ်းများနှင့် ချိတ်ဆက်ထားမည်ဖြစ်ပြီး တောင်သူတစ်ဦးချင်းစီအတွက် သီးသန့်ခွဲခြား မှတ်ပုံတင်မှုကို ဖန်တီးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၎င်းစနစ်၌ ဗဟိုနှင့် ပြည်နယ်အစိုးရများ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍသို့ ကူညီထောက်ပံ့မှု အစီအစဉ်အချက်အလက်များကိုလည်း ထည့်သွင်း ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် တောင်သူလယ်သမားဦးရေ ၅၅ သန်းခန့်၏ လယ်ယာလုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များမှာ အဆိုပါစနစ်သို့ ထည့်သွင်းရန် အသင့်ရှိနေပြီဖြစ်ကြောင်းဖြင့်အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။
အစိုးရ၏ ယခုကဲ့သို့ဒီဂျစ်တယ် စိုက်ပျိုးရေးအား ဖော်ဆောင်ရန်ကြိုးပမ်းမှု အပေါ် အိန္ဒိယတောင်သူလယ်သမားများ အသင်းချုပ် (FAIFA) ကကြိုဆိုခဲ့ပြီး တောင်သူများ အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးခြင်းမှ လယ်ယာ လုပ်ငန်းဆောင်ရွက်ရာ၌ မသေချာမရေရာမှုများနှင့် စွန့်စားရမှုများကို လျော့ချ နိုင် မည့် အပြင်သီးနှံအထွက်နှုန်း မြင့်မားစွာရရှိစေခြင်း ကလယ်ယာ ကဏ္ဍမှ အကျိုး ဖြစ်ထွန်း မှုကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့်အစိုးရအနေဖြင့်အဆိုပါ ဒီဂျစ်တယ် နည်းပညာ အသုံး ချမှုအစီအစဉ်အပေါ်အခါအားလျော်စွာ တောင်သူလယ်သမားများနှင့် ဆွေးနွေးတိုင်ပင်မှု ပြုလျက်သုံးသပ်ဆောင်ရွက်ရန်ကိုလည်း အဆိုပြုတိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာန၏နောက်ဆက်တွဲဖော်ပြချက်အရ JIOကုမ္ပဏီသည် မဟာရဋ္ဌပြည်နယ်ရှိခရိုင် ၂ ခုတွင်လည်းကောင်း၊ ITCလီမိတက်သည် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ခရိုင် ၂ ခု၌လည်းကောင်း၊CISCOကုမ္ပဏီသည်ဟာရီယာနာနှင့်မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တို့ရှိ ခရိုင်တစ်ခုစီတွင်လည်းကောင်း၊ NeMLလီမိတက်သည် အန္တရာပရာဒေ့ရှ်၊ ကာနာတကာနှင့် မဟာရဋ္ဌပြည်နယ်များရှိ ခရိုင်တစ်ခုစီ၌ လည်းကောင်း၊ Ninjacart ကုမ္ပဏီသည် မဒ္ဒရာ ပရာဒေ့ရှ်ပြည်နယ်ရှိ ခရိုင် ၂ ခုနှင့်ဂူဂျရတ်ပြည်နယ်ရှိခရိုင် ၁ ခုတို့တွင်လည်းကောင်း ဒီဂျစ်တယ် စိုက်ပျိုးရေးကနဦးစီမံကိန်းများကိုဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: 1. Ministry of Agriculture and Farmers welfare signs 5 MOUs with private companies for taking forward Digital Agriculture, 14-9-2021, Press Information Bureau of India
2. Farmers body FAIFA lauds Centre's promotion of digital technologies for agriculture, 16-9-2021, EconomicTimes
နေအေးလွင်
(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊နယူးဒေလီမြို့