တရုတ်နိုင်ငံ၏ ပြည်တွင်းပြည်ပဈေးကွက်(၂)ရပ်လုံးအတွက် လည်ပတ်ဆောင်ရွက်နေသည့် "dual circulation" စံပုံစံကို လွယ်ကူချောမွေ့စေရန်၊ ပြည်တွင်းကုန်စည်ထောက်ပံ့မှုကွင်းဆက်ကို အဆက်မပြတ်စေရန်၊ အပြည်ပြည်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်မှုကဏ္ဍကို တိုးမြှင့်ရန် တရုတ်လေကြောင်းအာဏာပိုင်များက နည်းလမ်းရှာဖွေဆောင်ရွက်လျက်ရှိကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဤကဏ္ဍလျင်မြန်စွာနှင့်ကောင်းမွန်စွာဖွံ့ဖြိုးလာစေရန် ခရီးသည်နှင့်ကုန်ပစ္စည်းများပို့ဆောင်ရေးအတွက် မူဝါဒအမျိုးမျိုးဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်မြို့ပြလေကြောင်းလိုင်းစီမံခန့်ခွဲရေးဌာန (Civil Aviation Administration of China - CAAC)က ကတိပြုထားပါသည်။
၎င်းမူဝါဒများဖြင့် လေကြောင်းကုန်တင်ခြင်းနှင့်ဆက်စပ်နေသည့် အခြေခံအဆောက်အအုံတည်ဆောက်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်ကာ၊ လေဆိပ်ပြေးလမ်းခွဲဝေနေရာချထားမှုများကိုအကောင်းဆုံးဖြစ်စေလျက်၊ လေကြောင်း ကုန်တင်ကဏ္ဍရှိ ဘက်စုံပံ့ပိုးပေးနိုင်မည့်စွမ်းရည်များကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်တွင် အရေးပေါ်ဆေးဝါးထောက်ပံ့မှုများကိုပို့ဆောင်ရာတွင်လည်းကောင်း၊ ပြည်တွင်းပြည်ပကုန်စည်ထောက်ပံ့မှုကွင်းဆက်များကိုအဆက်မပြတ်စေရန်လည်းကောင်း လေကြောင်းဖြင့်သယ်ယူ ပို့ဆောင်မှုများမှာ အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပါသည်။
တရုတ်နိုင်ငံဘက်မှ လေယာဉ်အတည်ပြုသည့်လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေခြင်း၊ စင်းလုံးငှားလေယာဉ်များကို အစိမ်းရောင်လမ်းကြောင်းဖြင့် တံခါးဖွင့်ကြိုဆိုခြင်းနှင့်ခရီးသည်တင်လေယာဉ်များကိုကုန်တင်ဆောင်နိုင် ရန်အတွက်စီစဉ်ပေးခြင်းစသည့် စီမံဆောင်ရွက်မှုအမျိုးမျိုးဖြင့် စတင်မိတ်ဆက်၍ လေကြောင်းကုန်တင်ကဏ္ဍကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
CAAC ၏ စာရင်းများအရ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်လေကြောင်းကဏ္ဍမှ လေကြောင်းကုန်တင်မှုတန်ချိန်ပေါင်း (၃.၇၄)သန်းကျော်ကို ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ရကာ၊ ကပ်ရောဂါနှင့်မကြုံတွေ့မီ(၂၀၁၉)ခုနှစ်၏ အလားတူကာလကထက် (၆.၄) ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရပါသည်။
ရင်းမြစ်၊ Xinhua (၂၁-၉-၂၀၂၁)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး