Main menu

Background

အိန္ဒိယနိုင်ငံ၌ ပြည်ပကုန်သွယ်ရေးမူဝါဒအား တတိယအကြိမ် သက်တမ်းတိုးမြှင့်ခြင်း

Tue, 10/05/2021 - 09:49 -- journal_editor

အိန္ဒိယနိုင်ငံ၌ ချမှတ်ဆောင်ရွက်လျက်ရှိသော ပြည်ပကုန်သွယ်ရေးမူဝါဒ၂၀၁၅-၂၀၂၀ သည် ၃၁-၃-၂၀၂၀ နေ့၌ သတ်မှတ်ကာလကုန်ဆုံးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၃၁-၃-၂၀၂၁ နေ့အထိ သက်တမ်း ၁ နှစ်တိုးမြှင့်ခြင်းကို ၃၁-၃-၂၀၂၀ နေ့တွင်လည်းကောင်း၊  ၃၀-၉-၂၀၂၁ နေ့အထိ ဒုတိယအကြိမ် သက်တမ်း ၆ လ တိုးမြှင့်မှုကို  ၃၁-၃-၂၀၂၁ နေ့၌ လည်းကောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) က အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ပါသည်။

 ယခုအခါ DGFT ဌာနက အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၅-၂၀၂၀ ကို ၂၈-၉-၂၀၂၁ နေ့ တွင် ထုတ်ပြန်လျက် ၂၀၁၅-၂၀၂၀ ပြည်ပကုန်သွယ်ရေး မူဝါဒအား ၃၁-၃-၂၀၂၂ နေ့အထိ နောက် ထပ် သက်တမ်း ၆ လ တိုးမြှင့်လိုက်ပါသည်။ ၂၇-၉-၂၀၂၁ နေ့၌ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များ အသင်းချုပ်က စီစဉ်ကျင်းပသည့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး အင်တာနက်စင်္ကြန် (Trade facilitation portal) စတင်လွှင့်တင်ပွဲ အခမ်းအနားတွင် ပြည်ပကုန်သွယ်မှု လုပ်ငန်း များအား လက်ရှိမူဝါဒအတိုင်း  ၂၀၂၁-၂၂ ဘဏ္ဍာနှစ်ကုန်အထိ ဆောင်ရွက်မည်ဖြစ်ပြီး မူဝါဒအသစ်ကို ရှေ့ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကျမှသာ စတင်ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

  ထိုကဲ့သို့ပြည်ပကုန်သွယ်ရေးမူဝါဒအား သက်တမ်းဆက်လက်တိုးမြှင့်ခဲ့မှုမှာ လက်ရှိအခြေအနေနှင့်ဆီလျော်မှုရှိကြောင်း၊ ပြည်ပကုန်သွယ်ရေးမူဝါဒအသစ်သည်ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ၏ စည်းကမ်းချက်များနှင့် အညီ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရက လက်ရှိပေးအပ်ထားသော RoDTEP အစီအစဉ်အရ တင်ပို့သည့်ကုန်စည်များအပေါ် အခွန်အခများ ပြန်လည်ထုတ်ယူခွင့်ပြုမည့်နှုန်းထားများကို ဩဂုတ်လ ၁၇ ရက်နေ့ကျမှသာ ထုတ် ပြန်ခဲ့ရာမူဝါဒအသစ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုလျှင်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်းဖြင့်အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ်မှအမှုဆောင်အရာရှိချုပ် Mr. Ajay Sahaiက ပြောဆိုပါသည်။ အလားတူ            ပြည်တွင်း အထည်အလိပ်တင်ပို့သူများ သက်သာချောင်ချိရေး အသင်း (HEWA) မှ ညွှန်ကြားရေးမှူး Mr. Vikas Singh Chauhanကလည်း အစိုးရ၏ ယခု ဆုံးဖြတ်ချက်သည် ပို့ကုန်လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများအတွက် မကြာသေးမီက ချမှတ်ထားရှိခဲ့သော ကုန်သွယ်မှုတိုးတက်ရေးဆိုင်ရာ အစီအမံများ၏ ထိရောက်မှုကို လေ့လာ ဆန်းစစ်ရန် အချိန်လုံလောက်စွာရရှိစေကြောင်း ပြောကြားပါသည်။သို့ရာတွင် အချို့သော စီးပွားရေးလေ့လာ ဆန်းစစ်သူများကမူ ကုန်သွယ်ရေးမူဝါဒအသစ်ချမှတ်နိုင်ရန်နှောင့်နှေး ကြန့်ကြာနေခြင်းကအစိုးရကရည်မှန်းထားသည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ဘီလီယံ ၄၀၀ ပြည့်မီရေးအတွက် ပိုမိုရုန်းကန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြော ဆိုလျက်ရှိပါသည်။

  လက်ရှိ ပြည်ပကုန်သွယ်ရေးမူဝါဒအရ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ရပ်ဆိုင်းခဲ့ ပြီးဖြစ်သည့် သက်သာခွင့်အစီအစဉ်များမှအပ အိန္ဒိယနိုင်ငံမှ ကုန်စည်တင်ပို့မှု အစီအစဉ် (MEIS) နှင့် ဝန်ဆောင်မှုပို့ကုန် အစီအစဉ် (SEIS) တို့အောက်ရှိ အခွန်သက်သာခွင့်နှင့် အစိုးရအထောက် အပံ့များကို မူဝါဒသက်တမ်း တိုးမြှင့်ထားရှိသည့် ကာလအတွင်း ဆက်လက်ခံစားရရှိနိုင်ဖွယ် ရှိ ပါသည်။

Source:         Industry may find $400 billion exports target a struggle with the FTP extended till March 2022, 28-9-2021, Economic Times

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့