Main menu

Background

ကုန်ထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်အဟန့်အတားများကြောင့် ဒုတိယသုံးလပတ်ကာလအတွင်း ဂျပန်ပို့ကုန်ပမာဏ အနည်းငယ်လျော့ကျလာခဲ့

Mon, 10/11/2021 - 15:18 -- journal_editor

         လတ်တလောကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားမှုများ၏ သက်ရောက်မှုအဖြစ် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွင် ပြတ်လပ်မှုများကြုံတွေ့ရမှုကြောင့် ကုန်ထုတ်လုပ်သူများမှာ အကျပ်အတည်းရင်ဆိုင်ခဲ့ ရပြီး ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည် ဒုတိယသုံးလပတ်ကာလဖြစ်သည့် ပြီးခဲ့သည့် သြဂုတ်လအတွင်း ၂၆ % ခန့်သာမြင့်တက်လာခဲ့သည့်အတွက် မူလခန့်မှန်းထားမှုထက် လျော့နည်းခဲ့ကြောင်း စီးပွားရေးသုတေသီများကသုံးသပ်ခဲ့ ပါသည်။

        ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ယန်း ၆၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၈ သန်းခန့်)ရှိခဲ့ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ကျောက်မီးသွေး တင်သွင်းမှုများ မြင့်တက်ခဲ့သည့်အတွက် သွင်းကုန် တင်သွင်းမှု ၄၅ % မြင့်တက်ခဲ့ရာ တန်ဖိုးအားဖြင့် ယန်း ၇.၂၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ) ခန့်အထိရှိခဲ့ကြောင်း သိရပါသည်။

         ပြည်တွင်း၌ ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပြန့်ပွားနေသည့် အခြေအနေများကြောင့် မြို့တော်တိုကျိုအပါအဝင် အခြားစီရင်စုဒေသများကို စက်တင်ဘာလကုန်အထိ အရေးပေါ်အခြေအနေအား သက်တမ်းတိုးထား သော်လည်း စားသုံးသူများ၏ဝယ်လိုအားမှာ အားကောင်းလာသဖြင့် ဂျပန်သွင်းကုန်တင်သွင်းမှုမှာ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်ဟု စီးပွားရေးသုတေသနအဖွဲ့အစည်း Capital Economics မှ ပညာရှင် Marcel Thieliant က သုံးသပ်ခဲ့ပါသည်။ သို့သော် ပြင်ပမှကုန်သွယ်မှုစာရင်းဇယားများကို အခြေခံသုံးသပ်ချက်များအရ လာမည့်သုံးလပတ်ကာလများ၏ ဂျီဒီပီတိုးတက်မှုခန့်မှန်းချက်အနေအထားပေါ်မူတည်၍ ဂျပန်၏ ပို့ကုန်သည် ၀.၃ % ခန့် ကျဆင်း သွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

          ဂျပန်နိုင်ငံ၏ အမေရိကန်ပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှုသည် ၂၃% မြင့်တက်ခဲ့ကြောင်း၊ အာရှဒေသများသို့ ပို့ကုန်တင်ပို့မှုမှာ ၂၆% မြင့်တက်ခဲ့ကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ အနည်းငယ်ကျဆင်းခဲ့ပြီး ၁၃% ခန့်သာ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်ပစ္စည်းများအဖြစ် စက်ပစ္စည်းများနှင့် အခြားသောစက်မှုလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ တင်ပို့မှုမှာ အားကောင်းဆဲဖြစ်သည်ကို တွေ့ရပြီး ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးများပြန်လည်နာလန်ထူလာမှုများသည် အဓိကအချက်ဖြစ်သည်ဟု စီးပွားရေးသုတေသီများက မှတ်ချက်ပြုကြပါသည်။

       သို့သော် ဂျပန်၏မော်တော်ကားထုတ်လုပ်သူများသည် လတ်တလောရင်ဆိုင်နေရသည့် စက်မှုလုပ်ငန်းသုံး computer chip များနှင့် အခြားနည်းပညာဆိုင်ရာအပိုပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်ပိုင်း၌ ပြတ်လပ်မှုများကြောင့် ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်ဆိုင်နေရပါသည်။ အကျိုးသက်ရောက်မှုအဖြစ် သြဂုတ်လအတွင်း ရေနံနှင့်အခြားသော လောင်စာဆီများ တင်သွင်းမှု ၂၁% ခန့် မြင့်တက်လာသော်လည်း မော်တော်ကား တင်ပို့မှုမှာ ၁.၅ % ခန့် ကျဆင်းခဲ့ သည်ကို တွေ့ရပါသည်။

ရင်းမြစ်။ The Japan Times, Kyodo News.

 

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

 မြန်မာသံရုံး၊ တိုကျိုမြို့