Main menu

Background

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ငါးတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်ကာလ ငါးတင်ပို့မှုထက်၁၀ ရာခိုင်နှုန်းပိုမိုတိုးတက်နိုင်

Wed, 10/27/2021 - 11:29 -- journal_editor

            ၂၀၂၁ ခုနှစ် တတိယ ၃ လပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံသည် ငါးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅.၇ သန်းဝင်ငွေရရှိခဲ့ပြီး ယခင်နှစ်ကာလတူတင်ပို့မှုထက် ၇၁ ရာခိုင်နှုန်း ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ဘရာဇီးလ်နိုင်ငံ၏ငါးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၂.၈ သန်း တန်ဖိုးရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကာလတူတွင်တင်ပို့ခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁.၇ သန်းနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းပိုမို တိုးတက်ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံစိုက်ပျိုးရေးသုတေသနကုမ္ပဏီ(Embrapa Fisheries and Aquaculture)နှင့် ဘရာဇီးလ်ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း(Brazilian Fish Farming Association - PeixeBR)တို့ပူးတွဲ ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

              ဘရာဇီးလ်နိုင်ငံသည် ပြည်ပနိုင်ငံများသို့ တီလားဗီးယားငါးများအဓိကတင်ပို့လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ တတိယ ၃ လပတ်ကာလအတွင်း တီလားဗီးယား ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၉ သန်းဝင်ငွေရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ တီလားဗီးယားငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀.၉ သန်း ဝင်ငွေရရှိခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ဘရာဇီးလ်နိုင်ငံ၏ တီလား ဗီယားငါးတင်ပို့မှုသည် ငါးမျိုးစုံတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ငါးတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်ငါးတင်ပို့မှုထက် ၁၀ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း Palmas (TO)ရှိ ရေလုပ်ငန်းကုမ္ပဏီ၏ သုတေသနပညာရှင် Manoel Pedroza က ပြောကြားခဲ့သည်။

             ဘရာဇီးလ်နိုင်ငံ၏ တတိယ ၃ လပတ်ကာလ ငါးတင်ပို့မှုစာရင်းတွင် အေးခဲငါးတင်ပို့မှုသည် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၅ သန်း ဝင်ငွေရရှိခဲ့သဖြင့် ဒုတိယ ၃ လပတ်ကာလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၁၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ငါးအသားလွှာနှင့်အေးခဲငါး အသားလွှာများအား ဒုတိယအများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၃ သန်း ဝင်ငွေရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              ဘရာဇီးလ်နိုင်ငံတွင် Mato Grosso do Sul ပြည်နယ်သည် တီလားဗီးယားငါးအများဆုံး တင်ပို့သည့်ပြည်နယ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ တတိယ ၃ လပတ်ကာလတွင် အမေရိကန်ဒေါ်လာ ၁.၉ သန်း တန်ဖိုးအား တင်ပို့ခဲ့ကြောင်း၊ Paraná ပြည်နယ်သည် ဒုတိယအများဆုံးတင်ပို့သည့်ပြည်နယ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၇ သန်း တန်ဖိုးအား တင်ပို့ခဲ့ကြောင်း၊ Bahia ပြည်နယ်မှ အမေရိကန်ဒေါ်လာ ၈၀၂,၀၀၀ တန်ဖိုးအား တင်ပို့ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှတင်ပို့သည့်ငါးပို့ကုန်၏ ၅၄ ရာခိုင်နှုန်းအား  အမေရိကန်နိုင်ငံကဝယ်ယူတင်သွင်းခဲ့ပြီး ယခုနှစ်ဘဏ္ဍာနှစ်အတွင်းငါးတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၇ သန်း တန်ဖိုးရှိကြောင်း၊ တရုတ်နိုင်ငံသည် ဒုတိယအများဆုံးဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံ ငါးတင်ပို့မှု၏ ၁၂ ရာခိုင်နှုန်း ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် ပီရူးနိုင်ငံ၊ ကိုလံဘီယာနိုင်ငံနှင့် ချီလီနိုင်ငံတို့သို့လည်း ငါးများတင်ပို့လျက်ရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း သုတေသနပညာရှင် Pedroza က ပြောကြား ခဲ့သည်။

              ဘရာဇီးလ်နိုင်ငံသည် ငါးတင်ပို့သကဲ့သို့ ငါးမျိုးစုံကိုလည်းတင်သွင်းလျက်ရှိရာ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်ကာလတွင်း ငါးမျိုးစုံတင်ပို့တင်သွင်းမှုတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၅၀ သန်း၊ ဒုတိယ ၃ လပတ် ကာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၆၉ သန်းနှင့် တတိယ ၃ လပတ်ကာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၉၃ သန်းတို့ အသီးသီဖြစ်ပေါ်ခဲ့ကြောင်း၊ တတိယ ၃ လပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံ၏ ငါးတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၉၉ သန်း ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              ၂၀၂၁ ခုနှစ်၊ တတိယ ၃ လပတ်ကာလ ဘရာဇီးလ်နိုင်ငံ၏ ငါးတင်သွင်းမှုတွင် ဆယ်လ်မွန်ငါး တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၈၄ သန်း တန်ဖိုးရှိပြီး စုစုပေါင်းငါးတင်သွင်းမှု၏ ၉၀.၃ ရာခိုင် နှုန်းရှိကြောင်း၊ ငါးခူအား ဒုတိယအများဆုံးတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃.၉ သန်းတန်ဖိုးရှိကြောင်း၊ ထရောက်ငါး(Trout)အား တတိယအများဆုံးတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉၁,၀၀၀ တန်ဖိုးရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br