ပစိဖိတ်ရပ်ဝန်းဒေသဆိုင်ရာ စီးပွားရေးအကျိုးအမြတ်အပေါ် သံခင်းတမန်ခင်းအရ ညှိနှိုင်းမှု သည် လတ်တလော၌ အရှိန်အဟုန်ပိုမိုမြင့်မားလာသည်ဟု သုံးသပ်နိုင်ပါသည်။ သို့ဖြစ်ရာ လာမည့် အထွေထွေရွေးကောက်ပွဲအတွက် လုံးပမ်းနေရသည့် ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကိစ္စအပေါ် မှန်ကန်သောဦးတည်ချက်ဖြင့်သာ ရပ်တည်ဆောင်ရွက်သင့်သည်ဟု သုတေသီများက အကြံပြုသုံး သပ်ကြပါသည်။
အမေရိကန်သမ္မတဟောင်း Donald Trump ၏ လက်ထက်တွင် ၎င်းပစိဖိတ်ရပ်ဝန်း သဘောတူညီချက် (TPP) မှနှုတ်ထွက်သွားပြီးနောက် မကြာသေးမီက ဂျပန်နိုင်ငံမှဦးဆောင်၍ အဖွဲ့ဝင် (၁၁) နိုင်ငံဖြင့် “ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော် သဘောတူညီချက် (Comprehensive and progressive Agreement for Trans-Pacific Partnership - CPTPP)” အဖြစ် ပြန်လည်ဖွဲ့ စည်းခဲ့ပါသည်။ အဆိုပါသဘောတူညီချက်ကို လက်ရှိ၌ အဖွဲ့ဝင် ၈ နိုင်ငံမှ အတည်ပြုပြီးဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အသက်ဝင်ခဲ့ပါသည်။
ဂျပန်နိုင်ငံသည် အဆိုပါ CPTPP သဘောတူညီချက်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းကြောင့် ပြည်တွင်းလယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အစိုးရ၏ ကန့်သတ်ထိန်းချုပ်မှုကို လျော့ပါးစေသည့် အကျိုးသက်ရောက်မှုသည် အဓိကရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ထိုကိစ္စရပ်နှင့် ပတ်သက်၍ မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ကို ဂျပန်နိုင်ငံအစိုးရအဖွဲ့အကြား ဆွေးနွေးလာခဲ့ ကြပါသည်။
CPTPP ဆိုင်ရာ လတ်တလောဖြစ်ပေါ်တိုးတက်မှုများသည် အဆိုပါပြဿနာရပ်၏ အနေ အထားကိုပြောင်းလဲလာစေခဲ့သည်ကို တွေ့ရပါသည်။ အကြောင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက တရုတ်နှင့် တရုတ်(တိုင်ပေ) တို့မှ CPTPP သဘောတူညီချက်တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်လိုကြောင်း အသီးသီးအဆိုပြုခဲ့ကြပြီး ၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်ချက်များသည် ဒေသ တွင်း၏ အနာဂတ်လုပ်ငန်းစဉ်အသစ်များအတွက် အကျိုးရှိစေနိုင်မည်ဟု အပြုသဘော ခန့်မှန်း သုံးသပ်နိုင်သည်ကိုတွေ့ရပါသည်။
တရုတ်နိုင်ငံ၏ CPTPP သဘောတူညီချက်တွင် ပါဝင်လိုမှုနှင့်ပတ်သက်၍ အမေရိကန်-တရုတ် အားပြိုင်နေမှုအကျပ်အတည်းနှင့် တရုတ်-တရုတ်(တိုင်ပေ)တို့၏နိုင်ငံရေးအကျပ်အတည်း များအကြားတွင် ဂျပန်နိုင်ငံအတွက် နိုင်ငံရေးရှုဒေါင့်မှ အထူးသတိပြုရမည့် အချက်တစ်ခုအဖြစ် သုတေသီအချို့ကသုံးသပ်နေကြသော်လည်း အခြားသုတေသီအချို့ကမူ တရုတ်၏ CPTPP အဖွဲ့ ဝင်ဖြစ်ရေးကြိုးပမ်းမှုခြေလှမ်းသည် ဒေသတွင်းစီးပွားရေးလှုပ်ရှားမှုများကို ချောမွေ့လာစေမည်ဟု လက်ခံယူဆနေကြပါသည်။ ထို့အပြင် လက်ရှိအခြေအနေသည် ဂျပန်နိုင်ငံအတွက် ပစိဖိတ်ရပ်ဝန်း ဒေသအတွင်း နိုင်ငံရေးနှင့်စီးပွားရေးကို အဓိကကြိုးကိုင်လှုပ်ရှားနိုင်သည့် မဟာအခွင့်အရေးတစ်ခု အဖြစ်ဟု ယူဆနိုင်ကြောင်း ၎င်းတို့က သုံးသပ်ကြပါသည်။
ဂျပန်နိုင်ငံသည် လုံခြုံရေးဆိုင်ရာအကြောင်းပြချက်အရ အမေရိကန်ပြည်ထောင်စုအပေါ် မှီတည်နေရသကဲ့သို့ တရုတ်နိုင်ငံသည်လည်း ဂျပန်နိုင်ငံ၏ အဓိကစီးပွားမိတ်ဖက်နိုင်ငံဖြစ်သဖြင့် ဤအချက်သည် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မည်ဟု သုတေသီအချို့က ယုံကြည်ထားပါသည်။ သို့သော် တရုတ်သမ္မတရှီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ရှင်းကျန်းဝီဂါမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေးဖိနှိပ်မှုများ၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ပတ်သက်၍ နိုင်ငံရေး တင်းမာမှုများ ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးဖိနှိပ်မှုများကို ဖြစ်ပေါ်စေသော ပြည်တွင်းမူဝါဒများသည် ၎င်း၏ နိုင်ငံတကာဆက်ဆံရေးအပေါ် သက်ရောက်စေ ပြီး အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် နယ်ပယ်ချဲ့ထွင်ရေးကိစ္စရပ်များတွင် သက်ရောက်မှုများရှိသည်ဟု လေ့လာသူအချို့က သုံးသပ်ကြပါသည်။
ဂျပန်နိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန် ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသည် စုစုပေါင်းကုန်သွယ်မှု ပမာဏ၏ ၂၀% ကျော်ရှိသဖြင့် ဂျပန်နိုင်ငံ၏အားထားရာ ပင်မစျေးကွက်နိုင်ငံတစ်ခုဖြစ်သည့်အ တွက် ဂျပန်အနေဖြင့် လျစ်လျူ မရှုသင့်ကြောင်း သုံးသပ်ကြပါသည်။ သို့သော် တရုတ်နိုင်ငံသည် ကမ္ဘာ့လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အများစုတွင်ပါဝင်၍ အကျိုးရလဒ်များကို ရယူခံစားနေလင့်ကစား စီးပွားရေးအပိုင်းတွင် ခုခံကာကွယ်မှုများစွာကို ဆောင်ရွက်လေ့ရှိသည်ကို တွေ့ရပါသည်။
ဥပမာအားဖြင့် တရုတ်နိုင်ငံသည် ၎င်းနှင့်နိုင်ငံရေးရပ်တည်ချက်မတူညီမှုကြောင့် သြစတြေး လျနိုင်ငံမှ ထုတ်ကုန်များဖြစ်ကြသည့် ကျောက်မီးသွေးနှင့် ဝိုင်များ၊ အလားတူ တရုတ် (တိုင်ပေ) မှ နာနတ်သီးများ တရုတ်စျေးကွက်သို့ ဝင်ရောက်နိုင်ရေးအပေါ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား သည်ကို တွေ့ရပါသည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံမှ rare earths ဟူသည့် အဆင့်မြင့်နည်းပညာထုတ်ကုန်များ ထုတ်လုပ်ရာတွင် အဓိကကျသည့် ရှားပါးသတ္တုတင်သွင်းမှုကို ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံမှ “coercive economic diplomacy” ကို ကျင့်သုံးကာ ၎င်းကုန် ပစ္စည်း တင်သွင်းမှုအပေါ် ကန့်သတ်ရပ်ဆိုင်းထားမှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။
ပထမအချက်အနေဖြင့် ယနေ့ခေတ်ကာလတွင် တည်ငြိမ်မှုရှိသည့် လွတ်လပ်သောကုန် သွယ်မှုဒေသများဖော်ဆောင်ရေးသည် အဓိကကျသော အကြောင်းအရာတစ်ခုဖြစ်ပါသည်။ တရုတ် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကို ရောထွေးလေ့ရှိသည့်သမိုင်းကြောင်းကို အသေအချာထည့်သွင်း စဉ်းစားပြီး ၎င်းအမြဲလက်ကိုင်ထားလေ့ရှိသည့် “coercive economic diplomacy” ကို စွန့်လွှတ် စေရန်မှာ ခက်ခဲမည့်ကိစ္စဖြစ်ပါသည်။ သို့သော် CPTPP သဘောတူညီချက်တွင် တရုတ်အနေဖြင့် ပါဝင်လိုပါက အဆိုပါ “coercive economic diplomacy” ကျင့်သုံးမှုသည် အဖွဲ့ဝင်အားလုံး အတွက် ပြဿနာတစ်ရပ်သဖွယ်ဖြစ်သည်ကို ၎င်းအနေဖြင့် သဘောပေါက်နားလည်သင့်ပြီး အတတ်နိုင်ဆုံး အနိမ့်ဆုံးကျင့်သုံးမှုအဖြစ် လျှော့ချရမည်ဖြစ်ပါသည်။
ဒုတိယအချက်မှာ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ “coercive economic diplomacy” ကျင့် သုံးမှုကိုလျှော့ချခြင်းသည် တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား အင်အားပြိုင်ဆိုင်မှုကို လျော့ပါး စေမည်ဖြစ်ပါသည်။ လက်ရှိအမေရိကန်သမ္မတ Joe Biden လက်ထက်တွင် တရုတ်နိုင်ငံနှင့် ပဋိပက္ခများကို ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေနေပြီး သဘာဝပတ်ဝန်းကျင်အရေးကိစ္စ များတွင် စတင်ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့နိုင်ပါသည်။
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို CPTPP သဘောတူညီချက်တွင် တပြိုင်နက်တည်း ပါဝင်လာရန်ကြိုးပမ်းလာကြခြင်းသည် စိတ်ကူးယဉ်သက်သက်မဟုတ်သည်မှာ အသေအချာဖြစ်ပါ သည်။ တရုတ်နိုင်ငံမှ CPTPP သဘောတူညီချက်တွင်ပါဝင်နိုင်ရေး တင်းမာမှုများပြေလျော့စေရန် လိုလားနေချိန် အမေရိကန်မှလည်း အဆိုပါ CPTPP သဘောတူညီချက်အား တရုတ်နိုင်ငံ၏ ချယ် လှယ်မှုအောက်သို့ ကျရောက်မည်ကို စိုးရိမ်လာသည့်အတွက် CPTPP တွင် ဦးဆောင်ပါဝင်ရန် စိတ် အားထက်သန်မှုရှိနေသည်ကို တွေ့ရပါသည်။
တတိယအချက်မှာ ဂျပန်နိုင်ငံအနေဖြင့် ထိုကဲ့သို့သောအခြေအနေမျိုးတွင် အမေရိကန်နိုင်ငံ အား နိုင်ငံရေးမိတ်ဖက်အဖြစ်ရပ်တည်ချက်အရ CPTPP တွင် ပြန်လည်ပါဝင်လာစေရန် ပညာသား ပါပါ တွန်းအားပေးဆောင်ရွက်သင့်ကြောင်း သုတေသီများကအကြံပြုသုံးသပ်ထားခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံသည် CPTPP သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် ဦးဆောင်နေသည့် အတွက် နိုင်ငံရေးအရလည်း ဦးဆောင်နိုင်သည့်အားသာချက်ရှိသော အနေအထားဟု ဆိုနိုင်ပါ သည်။ ဂျပန်နိုင်ငံအပါအဝင် အခြား အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီမှုမရရှိပါက CPTPP သဘော တူညီချက်တွင် တရုတ်နိုင်ငံအနေဖြင့် ပါဝင်လာနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ ဂျပန်နိုင်ငံသည် ၎င်း၏ နိုင်ငံရေးအရအားသာချက်ရှိသည့် အနေအထားကို ကောင်းမွန်စွာ အသုံးချသင့်ပါသည်။
တစ်ဖက်မှ သုံးသပ်ကြည့်ပါကလည်း ဂျပန်အနေဖြင့် သိသိသာသာဆုံးရှုံးနိုင်ခြေမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဂျပန်နှင့်တရုတ်နိုင်ငံအကြားတွင် အခြားလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် “ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) တွင် နှစ်နိုင်ငံစလုံးမှ ပါဝင်လက် မှတ်ရေးထိုးပြီးဖြစ်သဖြင့် ၎င်းတို့၏ စီးပွားရေးဆက်နွှယ်မှုတွင် မပြေလည်မှုတစ်စုံတစ်ရာရှိခဲ့သည် ဆိုစေကာမူ ထိခိုက်နစ်နာမှုကြီးမားနိုင်မည်မဟုတ်ဟု ဆိုနိုင်ပါသည်။
CPTPP တွင် ပါဝင်လိုကြောင်း တရုတ်နိုင်ငံမှ အဆိုပြုထားချိန်တွင် ဂျပန်နိုင်ငံသည် အမေရိ ကန်နိုင်ငံအား CPTPP တွင် ပြန်လည်ပါဝင်လာစေရေးကိုလည်း တွန်းအားပေးသင့်ပါသည်။ ထို့အပြင် ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အလို့ငှာ တရုတ် (တိုင်ပေ)၏ CPTPP အဖွဲ့ဝင်အဖြစ်ပါဝင်လာရန် အဆိုပြုထားသည့်ကိစ္စကို အမေရိကန်နိုင်ငံနှင့် ပူးပေါင်းကာ တွန်းအားပေးဆောင်ရွက်သင့်ကြောင်းနှင့် ထိုကဲ့သို့သော CPTPP သဘောတူညီချက် နှင့်ပတ်သက်၍ သံခင်းတမန်ခင်းဆောင်ရွက်ချက်များကို ဂျပန်၏ အထွေထွေရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် ဂျပန်အနေဖြင့် စတင်အကောင်အထည်ဖော်လာနိုင်မည်ဖြစ်ကြောင်း စီးပွားရေး သုတေသီများက သုံးသပ်ကြပါသည်။
ရင်းမြစ်။ (၂၆-၁၀-၂၀၂၁) ရက်နေ့ KYODO NEWS တွင် ဖော်ပြထားသည့် Hokkaido University ၊ Graduate School of Public Policy မှ ပါမောက္ခ Ken Endo ၏ဆောင်းပါး
နန္ဒာဝင်း
(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ တိုကျိုမြို့