Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၌ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်မှုများအား စတင်ဖြေလျော့မှု ပထမအဆင့်ကို (၁-၁၁-၂၀၂၁) ရက်နေ့မှ စတင်ဆောင်ရွက်မည်

Mon, 11/01/2021 - 12:26 -- journal_editor

        လူဉီးရေ (၅၁) သန်းကျော်ရှိသော ကိုရီးယားသမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား (၁)နှစ်နှင့်(၉) လကြာ ရင်ဆိုင်ခဲ့ပြီးသည့်နောက်၊ မူလလျာထားချက်အတိုင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်အရေအတွက် အပြည့်အဝထိုးပြီးမှု (၇၀) ရာခိုင်နှုန်း ကျော်ခဲ့ပြီးဖြစ်ရာ၊ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်မှုများအား အဆင့်(၃)ဆင့်ဖြင့် (၃)လအတွင်း ဖြေ လျော့၍ မူလပုံမှန်လူနေမှုဘဝအခြေအနေသို့ရောက်ရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့် (Phase I) အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း Korea Disease Control and Prevention Agency (KDCA) က (၂၅-၁၀-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

       ကာလအားဖြင့် ရက်သတ္တ (၁၂)ပတ်/ (၃)လတာ ကြာမြင့်မည့် အဆိုပါ “Return to Normal” Roadmap တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို အဆင့်(၃)ဆင့်ခွဲ၍ အဆင့်လိုက် ဖြေလျော့သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့် (Phase I) ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ တွင်စတင်မည်ဖြစ်ပြီး၊ ဒုတိယအဆင့် (Phase II) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်နေ့တွင် လည်းကောင်း၊ တတိယအဆင့် (Phase III) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် အသီးသီး စတင်သွားမည်ဖြစ်ကြောင်း၊ အဆင့်တစ်ဆင့်လျှင် ရက်သတ္တ(၄)ပတ်သတ်မှတ်၍ အကောင်အထည် ဖော်မည်ဖြစ်ရာ ဖြစ်ပေါ်လာသည့်အခြေအနေပေါ်မူတည်၍ Grace Period အား (၂) ပတ် သတ်မှတ် ထားကြောင်း၊ Phase III အား အကောင်အထည်ဖော်ပြီးချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက် အားလုံးပြီးဆုံး၍ ပုံမှန်လူနေမှုဘဝအခြေအနေသို့ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ထားကြောင်း လေ့လာသိရှိရပါသည်။

       လက်ရှိတွင် မြို့တော်ဆိုးလ်နှင့်ပတ်ဝန်းကျင်ဒေသအတွက် အမြင့်ဆုံး Social Distancing Level “4” ကိုသတ်မှတ်ထားပြီး၊ Bank of Korea (BOK) ၏ခန့်မှန်းချက်အရ ၎င်း Social Distancing ကန့်သတ်ချက်များကြောင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် တစ်လလျှင် ကိုရီးယားဝမ်(၁၃)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၁၂ ဘီလီယံခန့်) ဆုံးရှုံးရလျက်ရှိရာ၊ အဆိုပါပမာဏသည် နိုင်ငံ့ GDP ၏ (၈) ရာခိုင်နှုန်းခန့်ရှိသည့် များပြားသည့်ပမာဏ ဖြစ်ကြောင်း၊  (၁-၁၁-၂၀၂၁) ရက်နေ့မှစ၍ စီးပွားရေးဆိုင်ရာ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အောက်ပါအတိုင်း စနစ်တကျ အဆင့်ဆင့်ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်-

                 (က)    စားသောက်ဆိုင်၊ ကော်ဖီဆိုင်များကို လက်ရှိတွင် ည(၁၀) နာရီထိသာ ဖွင့်ခွင့်ရှိရာမှ အချိန်အကန့်အသတ်မရှိ (၂၄) နာရီ ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊

          (ခ)   ညသန်းခေါင်ယံအထိ ဖွင့်ခွင့်ပြုထားသည့် ရုပ်ရှင်ရုံများ၊ အားကစားခန်းမ (Gym) များ၊ လူစုလူဝေးများ၍ High Risk ရှိနိုင်သည့်နေရာများအား (၂၄) နာရီ ဖွင့်ခွင့် ပြုသွားမည်ဖြစ်ပြီး၊ လာရောက်မည့် ဧည့်သည်များအနေဖြင့် ကာကွယ်ဆေးထိုးပြီး ကြောင်း သက်သေခံလက်မှတ်/ QR Code/ PCR Negative Test တို့ စစ်ဆေး ပြသစေကာ အခြားသော ကန့်သတ်ထားသည့် Facilities များကိုလည်း အသုံးပြု ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ (၁၈) နှစ်အောက် ကလေးငယ်၊ လူငယ်များနှင့် အကြောင်းကြောင်းကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်မရှိသူများအတွက်မူ အဆိုပါ အထောက်အထားများပြသရန် မလိုကြောင်း၊

         (ဂ)  ဘေ့စ်ဘောအားကစားရုံများကို ယခင်က ထိုင်ခုံ(၃၀)ရာခိုင်နှုန်းသာ ခွင့်ပြုခဲ့ရာမှ၊ ယခု(၅၀)ရာခိုင်နှုန်းထိ တိုးမြှင့်ခွင့်ပြု၍ ကာကွယ်ဆေးထိုးပြီးမှုအထောက်အထားများပြသနိုင်ပါက အားကစားရုံအတွင်း အစားအသောက်စားခွင့်ပြုကြောင်း၊

            (ဃ)   ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားများ ပြသရန် မလိုဘဲ လူဉီးရေ (၁၀)ဉီးအထိ စုဝေးနိုင်ကြောင်း၊ သို့ရာတွင် စျေးကဲ့သို့ အစားအသောက်ရောင်းချ သောနေရာများတွင် လူများစွာစုဝေးမှုကိုမူ ခွင့်မပြုကြောင်း၊

              (င)    အခမ်းအနားပွဲများအတွက် ကာကွယ်ဆေးအထောက်အထားများမလိုဘဲ လူဉီးရေ (၁၀၀) ဉီးအထိ စုဝေးကျင်းပခွင့်ရှိပြီး၊ ကာကွယ်ဆေးအထောက်အထားများ ပြသ နိုင်ပါက လူဉီးရေ(၅၀၀)ဉီးထိ စုဝေးကျင်းပ ခွင့်ပြုကြောင်း၊

                (စ)     Mask တပ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများတွင် အပူချိန်တိုင်းတာမှု၊ ကာ ကွယ်ဆေးထိုးပြီးမှု အခြေအနေအား QR Code Scan ဖတ်၍ စစ်ဆေးခြင်း စသည့် စည်းကမ်းများကို ဆက်လက်ထားရှိဉီးမည်ဖြစ်ပြီး၊ Phase III အား အကောင် အထည်ဖော်ပြီးပါက Mask တပ်ရန်မလိုသည့်အခြေအနေကိုခွင့်ပြုနိုင်ရန်မျှော်လင့် ထားကြောင်း၊

              (ဆ)    ဆေးရုံများတွင် ကိုဗစ်-၁၉ အတွက် ဝန်ပိခြင်း၊ မလုံလောက်ခြင်းအား ဖြေရှင်းနိုင် ရန် ရောဂါလက္ခဏာပြင်းထန်သည့် လူနာများမှအပ အသက်(၇၀)နှစ်အောက် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပုံမှန်သာရှိသူများကို နေအိမ်တွင်ပင် စည်းကမ်းတကျ သီးခြားနေထိုင်ကုသစေသည့် နည်းစနစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ၊ ယခု အသက်အရွယ်အားလုံးအတွက် ထိုကဲ့သို့ပင် ဆောင်ရွက် သွား‌တော့မည်ဖြစ်ကြောင်း။

         ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းထိ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူသည် စုစုပေါင်းလူဉီးရေ၏ (၇၀) ရာခိုင်နှုန်းကျော် ရှိလာပြီးဖြစ်သည့်တိုင် လုံးဝမထိုးရသေးသူ (၁၀)သန်းမျှခန့် ရှိနိုင်သေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားအောင် ကြိုးစားဆောင်ရွက်နေကြသော်လည်း ဆက်လက်တည်ရှိဆဲ ဖြစ်သည့် အတွက် ယခုကာလသည် နည်းလမ်းသစ်ကြံဆ၍ မူလလူနေမှုဘဝအခြေအနေသို့  ပြန်လည် ရောက်ရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်၍ ဤ “Return to Normal” အစီအစဉ်ကို အဆင့်လိုက် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း KDCA ၏ Commissioner ဖြစ်သူ Ms. Jeong Eun-kyeong  က တောင်ကိုရီးယားပြည်သူများသို့ ထုတ်ဖော်ပြောကြားခဲ့မှုအရ လေ့လာသိရှိရပါသည်။

      သို့ပါ၍ ကိုရီးယားသမ္မတနိုင်ငံ၌ ကိုဗစ်-၁၉ အား အံတု၍ မူလလူနေမှုဘဝအခြေအနေသို့ ပြန်လည်ရောက်ရှိကာ ပုံမှန်လည်ပတ်နိုင်စေရန် ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်မှုများကို ဖြေလျော့မည့် “Return to Normal” အစီအစဉ်၏ပထမအဆင့်အား (၁-၁၁-၂၀၂၁) ရက်နေ့မှ စတင်သွားမည့် အခြေ အနေကိုသိရှိနိုင်ပါရန်တင်ပြလိုက်ရပါသည်။                                                                                                            

Ref: Korea Disease Control and Prevention Agency (KDCA), The Korea Herald (26-10-21)        

                                                                                                                                                                                                                                                       ဝင်းပပသူ၊ စီးပွားရေးသံမှူး

                                                                                                                                                                                                                                                          (မြန်မာသံရုံး၊ ဆိုးလ်မြို့)