Main menu

Background

ဂျပန်ဗဟိုဘဏ်သည် စီးပွားရေးတိုးတက်မှုအတွက် မူဝါဒပိုင်းဖြေလျှော့မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်

Mon, 11/01/2021 - 12:56 -- journal_editor

          ဂျပန်ဗဟိုဘဏ်သည် COVID-19 ကူးစက်ပြန့်ပွားမှု၏ သက်ရောက်မှုကြောင့် ကျဆင်းခဲ့သည့်စီးပွားရေးတွင် သက်သာလျော့ပါးစေရန် ယခုဘဏ္ဍာနှစ်အကုန်ကာလ (၂၀၂၂ ခုနှစ်၊ မတ်လ အထိ) နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းနှင့် အခြားသောငွေကြေးမူဝါဒပိုင်းဖြေလျှော့မှုများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

          ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကကျင်းပခဲ့သည့် ဗဟိုဘဏ်၏ မူဝါဒရေးရာအစည်းအဝေးတွင် ခန့်မှန်းထားခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃.၈ % ထက် လျော့နည်း ကာ ၃.၄ % ခန့်သာ တိုးတက် နိုင်မည်ဟု ဂျပန်ဗဟိုဘဏ်က သုံးသပ်ပြောကြားခဲ့ပါသည်။

          စျေးနှုန်းအတက်အကျမြန်ဆန်သည့် လတ်ဆတ်သော စားသောက်ကုန်စျေးနှုန်းများ အပါအ ဝင် အဓိကစားသုံးသူစျေးနှုန်းများကို ၀.၆ % တိုးမြင့်လာရန် ယခင်ကာလများက ခန့်မှန်းထားခဲ့ သည့်နှုန်းထားထက် လျော့နည်းကာ ၀.၀ % တွင်သာရှိရန် ခန့်မှန်းထားပါသည်။

          ဂျပန်၏ စီးပွားရေးသည် ပြန်လည်ဦးမော့လာသယောင်ရှိသော်လည်း COVID-19 ကူးစက် ရောဂါ၏ သက်ရောက်မှုဒဏ်ကို ပြည်တွင်းရော ပြည်ပ၌ပါ ခံစားရဆဲဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ် ၏ အကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

        ကမ္ဘာ့ကုန်ထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် အကျပ်အတည်းများ ရင်ဆိုင်ခဲ့ရပြီး နယ်ပယ်အချို့၌ ပို့ကုန်များနှင့် စက်မှုထုတ်ကုန်များကျဆင်းခဲ့ရကြောင်း၊ လက်ရှိ၌ ၎င်းနယ်ပယ်များ ပြန်လည် တိုးတက်လာသည့် အနေအထားဖြစ်လာသော်လည်း အကျပ်အတည်း၏ သက်ရောက်မှုမှာ ရှိနေဆဲဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။ သို့သော်လည်း နောက်ဆုံးစီးပွားရေးဖြစ်ပေါ်တိုးတက်မှုခန့်မှန်းချက်အရ လာမည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မူလက ခန့်မှန်းထားသည့် ၂.၇ % ထက်ပို၍ ၂.၉ % ထိ တိုးတက်လာနိုင်သည်ဟု သိရပါသည်။

        အောက်တိုဘာလအစောပိုင်းက ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဝန်ကြီးချုပ်အသစ် Fumio Kishida သည် ဘဏ္ဍာရေးအကျပ်အတည်းမှ ရှောင်ရှားနိုင်ရေးအတွက် ငွေကြေးဖြစ်လွယ်မှုမူဝါဒကို ဆက်လက်ထိန်းသိမ်း ထားရန်နှင့် ဗဟိုဘဏ်အနေဖြင့်လည်း ငွေကြေးဖောင်းပွမှုနှုန်း  ၂ % သာရှိစေရေး ရည်မှန်းချက်ကို ဆက်လက်ထိန်းထားရန် အလေးပေးပြောကြားခဲ့ပါသည်။

          လတ်တလော ပြည်တွင်း၌ COVID-19 ကူးစက်မှုနှုန်းများ ကျဆင်းလာပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်းထားများလည်း မြင့်တက်လာသည့်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တိုးတက်လာမည်ဟု မျှော်မှန်းထား ပါသည်။ သို့သော် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် အပိုပစ္စည်းပြတ်လပ်မှုများ၊ စွမ်းအင်နှင့် အခြားကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာခြင်း၊ ဂျပန်ငွေ ကြေးယန်းတန်ဖိုး ကျဆင်းလာခြင်းတို့သည် ဂျပန်ဗဟိုဘဏ်အတွက် အကျပ်ရိုက် စေသည့် အဓိက အကြောင်းအရာများ ဖြစ်နေပါသည်။

         မိုဘိုင်းဖုန်းအခွန်အခများ သိသိသာသာလျှော့ချခြင်းဖြင့် Consumer price index (CPI) ကို ကျဆင်းစေရန်ကြိုးပမ်းခဲ့သော်လည်း စွမ်းအင်စျေးနှုန်းများမြင့်တက်လာခြင်းကြောင့် ယခုနှစ်ကုန်ပိုင်းတွင် (CPI) ပြန်လည် မြင့်တက်လာနိုင်ကြောင်း ဂျပန်ဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ ဂျပန် ယန်းငွေတန်ဖိုး ကျဆင်းလာသဖြင့်် ပြည်ပပို့ကုန်သမားများအတွက် အကျိုးအမြတ်ရရှိသော်လည်း သွင်းကုန်တင်သွင်းသူများအတွက် ကုန်ကျစရိတ်များပိုမို မြင့်တက်လာပါသည်။ လက်ရှိစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၁၄ ယန်းနှင့်အထက်အထိ ယန်းငွေတန်ဖိုးများ ကျဆင်းနေသည်ကို တွေ့ရပါသည်။

ရင်းမြစ်။ https://www.japantimes.co.jp/ , https://english.kyodonews.net/

နန္ဒာဝင်း(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့