Main menu

Background

ဥရောပကော်မရှင်၏ဆောင်းဦးရာသီစီးပွားရေးခန့်မှန်းချက်အရ၂၀၂၁ခုနှစ်တွင်အီးယူနှင့်ယူရိုဇုန်၏စီးပွားရေးပိုမိုတိုးတက်မည်

Mon, 11/22/2021 - 11:26 -- journal_editor

  ဥရောပကော်မရှင်က ၂၀၂၁ခုနှစ်ဆောင်းဦးရာသီစီးပွားရေးခန့်မှန်းချက်ကို ၁၁-၁၁-၂၀၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ၎င်းအရအီးယူနှင့် ယူရိုဇုန်၏စီးပွားရေးမှာ ကပ်ရောဂါကြောင့် ကျကပ်ဖြစ်ပေါ်ခဲ့ရာမှ ပြန်လည်နာလန်ထူလာမှု ကြောင့်ယခင်မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်စွာ တိုးတက်လာမည်ဖြစ်ကြောင်း၊၂၀၂၂ခုနှစ်တွင်လည်းစီးပွားရေးချဲ့ထွင်မှုအားကောင်းလာနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

     နှစ်အလိုက်သုံးလပတ်နှိုင်းယှဉ်မှုအရ၂၀၂၁ခုနှစ်၊ဒုတိယသုံးလပတ်၌အီးယူ၏စီးပွားရေးတိုးတက်မှု (၁၄) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ထို့ကြောင့် တတိယသုံးလပတ်တွင် အီးယူစီးပွားရေးသည် ကပ်ရောဂါကာလမတိုင်မီက အဆင့်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ၊စီးပွားရေးနာလန်ထူမှုမှ စီးပွားရေးချဲ့ထွင်နိုင်မှုဆီသို့ ကူးပြောင်းလာပြီဖြစ်ကြောင်း သိရပါသည်။

     ယူရိုဇုန် (၁၉)နိုင်ငံ၏ဂျီဒီပီမှာယခုနှစ်တွင် (၅) ရာခိုင်နှုန်းဖြင့်တိုးတက်မည်ဖြစ်ပြီး၊၂၀၂၂ခုနှစ်တွင် (၄.၃) ရာခိုင်နှုန်း၊၂၀၂၃ခုနှစ်တွင် (၂.၄) ရာခိုင်နှုန်းတို့ဖြင့် တိုးတက်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ခန့်မှန်းထားပါသည်။ ဥရောပကော်မရှင်၏ ၂၀၂၁ခုနှစ်၊မေလကထုတ်ပြန်ခဲ့သည့်ခန့်မှန်းချက်၌ယူရိုဇုန်အနေဖြင့်ယခုနှစ်တွင်စီးပွားရေးတိုးတက်မှု (၄.၃) ရာခိုင်နှုန်းသာရှိမည်ဟုခန့်မှန်းခဲ့ခြင်းဖြစ်ပါသည်။အလားတူအဖွဲ့ဝင် (၂၇) နိုင်ငံပါဝင်သည့် အီးယူ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ၂၀၂၁ ခုနှစ်တွင် (၅) ရာခိုင်နှုန်း၊၂၀၂၂ခုနှစ်တွင် (၄.၃) ရာခိုင်နှုန်းနှင့်၂၀၂၃ခုနှစ်တွင် (၂.၅) ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းထားပါသည်။

   ကပ်ရောဂါ၏ထိုးနှက်မှုကိုခုသာခံသာရှိစေရန်ဆောင်ရွက်ခဲ့သည့်အစီအမံများနှင့်အီးယူတစ်ဝန်းကာကွယ်ဆေးထိုးနှံမှုများမြှင့်တင်ဆောင်ရွက်ခြင်းတို့သည်ယခုကဲ့သို့စီးပွားရေးတိုးတက်မှုကိုအကျိုးပြုခဲ့သည်ဟုဥရောပကော်မရှင်၏ ဒုတိယဥက္ကဌနှင့် ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူMr. ValdisDombrovskisကပြောကြားပါသည်။

 စီးပွားရေးတိုးတက်မှုကြောင့်ဥရောပ၏လုပ်သားဈေးကွက်သည်လည်းအကျိုးကျေးဇူးရရှိခဲ့ကြောင်း၊၂၀၂၁ခုနှစ်၏ဒုတိယသုံးလပတ်တွင်အီးယူ၌အလုပ်အကိုင်ပေါင်း (၁.၅) သန်းတိုးချဲ့နိုင် ခဲ့ကြောင်း၊ အလုပ်အကိုင်ရရှိမှုသည် ၂၀၂၂ခုနှစ်တွင် ကိုဗစ်-၁၉အကျပ်အတည်းမတိုင်မီက အဆင့်ထက်ကျော်လွန်ဖွယ်ရှိပြီး ၊၂၀၂၃ခုနှစ်တွင်အလုပ်အကိုင်များ ထပ်မံချဲ့ထွင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဥရောပကော်မရှင်၏ ခန့်မှန်းချက်အရ အီးယူ၏ အလုပ်လက်မဲ့နှုန်းသည် ယခုနှစ်တွင် (၇.၁) ရာခိုင်နှုန်းမှ (၄.၇) ရာခိုင်နှုန်းသို့ကျဆင်းနိုင်ပြီး၊၂၀၂၂ခုနှစ်နှင့်၂၀၂၃ခုနှစ်တို့တွင် (၆.၅) ရာခိုင်နှုန်းရှိနိုင်ကြောင်းသိရပါသည်။

     အီးယူ၏ငွေကြေးဖောင်းပွမှုနှုန်းသည်၂၀၂၀ခုနှစ်တွင် (၀.၃) ရာခိုင်နှုန်းရှိခဲ့ရာမှ၂၀၂၁ခုနှစ်တွင် (၂.၄) ရာခိုင်နှုန်းသို့ရောက်ရှိနိုင်ပြီး၊၂၀၂၂ခုနှစ်တွင် (၂.၂) ရာခိုင်နှုန်းနှင့်၂၀၂၃ခုနှစ်တွင် (၁.၄) ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းမည်ဟု ဥရောပကော်မရှင်က ခန့်မှန်းထားပါသည်။ယခုနှစ်ကုန်ပိုင်းလများတွင်ကုန်ဈေးနှုန်းများမြင့်တက်မှုဖြစ်ပေါ်နိုင်ပြီး၊၂၀၂၂ခုနှစ်တစ်လျှောက်လုံး၌တဖြည်းဖြည်းချင်းပြန်လည်ကျဆင်းဖွယ်ရှိသည်ဟုခန့်မှန်းချက်ကဆိုသည်။

  ကပ်ရောဂါကြောင့်ဖြစ်ပေါ်သည့် နှောင့်နှေးမှုများ၏အကျိုးဆက်အဖြစ် ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်တွင် အဟန့်အတားများဖြစ်ပေါ်ခြင်း၊ စွမ်းအင်ဈေးနှုန်းများမြင့်တက်နေခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို  အဓိကဖြစ်စေကြောင်း ၊စီးပွားရေးမြန်ဆန်စွာပြန်လည်တိုးတက်လာခြင်းနှင့် အစိုးရပိုင်းမှအရေးပေါ်ထောက်ပံ့မှုအစီအမံများကို တဖြည်းဖြည်းချင်းပြန်လည်ရုတ်သိမ်းလျက်ရှိခြင်းတို့ကြောင့် ယူရိုဇုန်၏ ဘဏ္ဍာရေးလိုငွေပြမှုကို လည်း လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းခန့်မှန်းချက်တွင်ဖော်ပြထားပါသည်။

 ထိုသို့ဥရောပ၏စီးပွားရေးကောင်းမွန်မည့်အလားအလာအပေါ်အဓိကခြိမ်းခြောက်မှု (၃) ခုရှိကြောင်း၊ ယင်းတို့မှာကိုဗစ်ရောဂါကူးစက်မှုများပြန်လည်မြင့်တက်လာခြင်း၊ စွမ်းအင်ဈေးနှုန်းများကြီးမြင့်လာမှုကြောင့် ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေခြင်း၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် အဟန့်အတားများဖြစ်ပေါ်နေခြင်းတို့ပင်ဖြစ်ကြောင်း ဥရောပကော်မရှင်၏စီးပွားရေးဆိုင်ရာကော်မရှင်နာဖြစ်သူ Paolo Gentiloni ကပြောကြားခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်-https://www.euractiv.com/section/economy-jobs/news/eu-commission-raises-2021-growth-forecast-sees-strong-2022/, https://ec.europa.eu/commission/presscorner/detail/en/ip_21_5883

ကျော်စိန်ဝင်း၊  

စီးပွားရေးသံမှူး