Main menu

Background

Omicron ဗိုင်းရပ်စ်မျိုးကွဲအန္တရာယ်မှ ကာကွယ်ရန် ပြည်ဝင်ခွင့်တင်းကျပ်မှုအစီအမံများဂျပန်စတင်ဆောင်ရွက်

Wed, 12/01/2021 - 12:45 -- journal_editor

 

        ဂျပန်နိုင်ငံသည် ဖြစ်လာနိုင်ချေရှိသည့် Omicron ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုမှ ကာကွယ်ရန် နိုင်ငံအတွင်းနိုင်ငံခြားသားများဝင်ရောက်မှုအပေါ် ပြန်လည် တင်းကျပ်ဆောင်ရွက်မှု အစီအမံများ အား နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ခဲ့သည်။

  သို့ဖြစ်ရာသီတင်းပတ် ၃ပတ်ခန့် လတ်တလောပြန်လည်ဖြေလျှော့ဖွင့်လှစ်ပေးခဲ့သည့် နိုင်ငံခြားသားကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပညာအလုပ်အကိုင် သင်တန်းသားများ၏ ပြည်ဝင်ခွင့်ကို တစ်ဖန်ပြန်လည်ရပ်ဆိုင်းမည်ဖြစ်ပါသည်။

       ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အဆိုပါအရေးပေါ် ဆောင်ရွက်ချက် အစီအမံများကို နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှ ထိုကဲ့သို့ အရေးပေါ်အစီအမံများ ချမှတ်ခြင်းကိုတမ္ဘာလုံးမှ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအားလုံးအပေါ် နိုဝင်ဘာလ ၃၀ ရက် (အင်္ဂါနေ့) မှ အစပြုကာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ကူးစက်မှုအခြေအနေများ ရှောင်ရှားနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိထွက်ပေါ် လာသည့် ဗိုင်းရပ်စ်မျိုးကွဲသစ်သည် မည်မျှထိဆိုးရွားသည့်အခြေအနေရှိသည်ကိုပညာရှင်များ ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်လာသည့် အချိန်အထိ အရေးပေါ်အစီအမံများကို ယာယီ ကျင့်သုံး သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

       ဂျပန်နိုင်ငံအနေဖြင့် Omicronဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပြန့်ပွားမှုရှိသည်ဟု အတည်ပြု ထားသည့် ကမ္ဘာ့နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသော ဂျပန်နိုင်ငံသားများအပေါ် သီးခြားခွဲ နေထိုင်ကာ စောင့်ကြည့်ခြင်းကို တင်းကျပ်စွာ ဆောင်ရွက်နေပြီဖြစ်ပါသည်။

     ထို့အပြင် ဂျပန်နိုင်ငံ၊ အမျိုးသားကူးစက်ရောဂါဆိုင်ရာသုတေသနဌာန (National Institute of Infectious Diseases) မှ Omicronဗိုင်းရပ်စ်မျိုးကွဲသစ်ကိုစိုးရိမ်ဖွယ်ရာဗိုင်းရပ်စ်မျိုးကွဲအဖြစ် သတ်မှတ်လိုက်ပြီးOmicron ဗိုင်းရပ်စ်မျိုးကွဲကူးစက်ပြန့်ပွားမှုရှိသည်ဟု အတည်ပြုထား​​သောနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် ဂျပန်နိုင်ငံသားများအပေါ် တင်းကျပ်သည့် အစီအမံများဖြင့် ထိန်းချုပ်ဆောင်ရွက်နေပြီဖြစ်သည်။

       အဆိုပါသုတေသနဌာန၏ သုံးသပ်ချက်အရOmicronဗိုင်းရပ်စ်မျိုးကွဲသစ်သည် အခြားသောဗိုင်းရပ်စ်မျိုးကွဲသစ်များထက် ပိုမိုကူးစက်နိုင်စွမ်းရှိပြီး ကာကွယ်ဆေး၏ အာနိသင် ထိရောက်မှုကိုလည်း လျော့ပါးနိုင်ချေရှိသဖြင့် ကူးစက်မှုနှုန်းပြန်လည်မြင့်တက် လာနိုင်သည့် စိုးရိမ်ရသောဗိုင်းရပ်စ်အမျိုးအစားဖြစ်ကြောင်း၊ Omicronဗိုင်းရပ်စ်မျိုးကွဲသစ်နှင့်ပတ်သက်၍ စစ်ဆေးစမ်းသပ်မှုအချက်အလက်များအတိအကျမရှိသေးကြောင်းသိရသည်။

နန္ဒာဝင်း           

    (စီးပွားရေးသံမှူး)    

မြန်မာသံရုံး၊ တိုကျိုမြို့