Main menu

Background

ကိုဗစ်-၁၉ ကိုအံတုကာ စီးပွားရေးတိုးတက်ရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် တောင်ကိုရီးယားနိုင်ငံ

Fri, 12/03/2021 - 10:35 -- journal_editor

         ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်မှု၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနတို့မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သော ကုန်သွယ်မှု စာရင်းများ အရ တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပို့ကုန် အမေရိကန်‌ဒေါ်လာ (၆၀ ဒသမ ၄၄၄) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ(၅၇ ဒသမ ၃၅၇)ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၇၇ ဒသမ ၈၀၁) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ရာ၊ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် (၃၂ ဒသမ ၁) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင်(၄၃ ဒသမ ၆)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃ ဒသမ ၀၈၇) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပါသည်။  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ နိုဝင်ဘာလ(၃၀) ရက်အထိတွင် ပို့ကုန် အမေရိကန်ဒေါ်လာ (၅၈၃ ဒသမ ၇၉၁) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၅၅၃ ဒသမ ၆၆၆) ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၁၁၃၇ ဒသမ ၄၅၇) ဘီလီယံ (သို့မဟုတ်) ၁ ထရီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်တွင် ယခင်နှစ်ကာလတူထက် (၂၆ ဒသမ ၆) ရာခိုင်နှုန်း၊ သွင်းကုန်တွင် (၃၀ ဒသမ ၉) ရာခိုင်နှုန်း၊ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၁၂၅) ဘီလီယံဖြင့်ကုန်သွယ်မှု တိုးတက်လျက် ရှိကြောင်း တွေ့ရှိရပါသည်။  

       တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းပြီးစီးမှုနှုန်း မြင့်မားလာသဖြင့် ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်မှုများကို အဆင့်လိုက်ဖြေလျှော့၍ (၃)လအတွင်း ပုံမှန်လူနေမှုဘဝသို့ ရောက်ရှိစေရေး “Living with Corona/ Return to Normal” စီမံကိန်း၏ ပထမအဆင့် (Phase I) ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်တွင်စတင်လျက် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာမှု စသည့်ကဏ္ဍစုံ ပြန်လည် ပွင့်လန်းတိုးတက်စေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။သို့ရာတွင် ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်းသည် ထိုသို့မဖြေလျှော့မီ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းတွင်(၂၀၀၀) ဉီးဝန်းကျင်ရှိခဲ့ရာမှ “Living with Corona” (Phase I) စီမံကိန်းကို စတင်ခဲ့ပြီးနောက်  နိုဝင်ဘာလ၊ တတိယပတ်အတွင်းတွင် နေ့စဉ်ကူးစက်မှုနှုန်း (၄၀၀၀)ဉီးကျော်ထိသို့ ရောက်ရှိ၍ အမြင့်ဆုံးစံချိန် တင်ခဲ့ပါသည်။

     ထို့နောက် ကမ္ဘာတစ်လွှား၌ လျင်မြန်စွာ ကူးစက်လျက်ရှိသော ကိုဗစ်-၁၉ဗီဇကွဲဗိုင်းရပ်စ် “Omicron” သည်လည်း တောင်ကိုရီးယားနိုင်ငံတွင် ကူးစက်မှုကို စတင်တွေ့ရှိနေပြီဖြစ်ကြောင်း၊ အာဖရိကရှိ နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးထွက်၍ ပြန်လည်ရောက်ရှိလာသော အင်ချွန်းပြည်နယ်တွင် နေထိုင်သည့် အသက်(၄၀)ခန့်ဝန်းကျင်ရှိ တောင်ကိုရီးယားလူမျိုး ဇနီးမောင်နှံ(၂)ဉီးထံတွင် စတင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂ ရက်အထိ အဆိုပါ “Omicron” ဗိုင်းရပ်စ်ကူးစက်ခံရသူ (၅)ဉီးထိရှိလာပြီဖြစ်ကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ အရ သိရှိရပါသည်။ ကိုဗစ်-၁၉နေ့စဉ်ကူးစက်မှုနှုန်းသည၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် (၅၁၂၃)ဉီး၊ သေဆုံးမှု (၃၄)ဉီး၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် (၅၂၆၆) ဉီး၊ သေဆုံးသူ (၄၇)ဉီးသို့ အသီးသီး ရောက်ရှိလျက်ရှိပြီး၊ ဆိုးလ်မြို့ရှိ ဆေးရုံများတွင် အထူးကြပ်မတ် ကုသဆောင်များ၌ (၉၀)ရာခိုင်နှုန်းကျော်သည် လူနာများပြည့်နေပြီဖြစ်ကြောင်း၊ အရေးပေါ် Quarantine Centre များကိုလည်း ဖွင့်လှစ်ရလျက်ရှိကြောင်း လေ့လာသိရှိရသည်။

      သို့ရာတွင် တောင်ကိုရီးယားနိုင်ငံ၊ သမ္မတမွန်ဂျေအင်းကလက်ရှိ“Living with Corona/ Return to Normal”စီမံကိန်းကို ရပ်တန့်မည်မဟုတ်ဘဲ အကောင်းဆုံးသောစီမံမှုများဖြင့်သာ ရှေ့ဆက်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲOmicron ကိုကာကွယ်နိုင်ရန် ကြိုတင်စီမံမှုများနှင့်အတူBooster Dose ကာကွယ်ဆေးထိုးခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် “အတိတ်ကို ပြန်လှည့်ခြင်းသည် ရွေးချယ်စရာနည်းလမ်းမဟုတ်” ဟု ထပ်လောင်း၍ အတည်ပြု ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား ကျန်းမာရေးကဏ္ဍ၏ သက်ဆိုင်ရာတာဝန်ရှိသူများကမူ Social Distancing စည်းမျဉ်းများချမှတ်သည့်နည်းလမ်းများကို ကျင့်သုံးလိုကြလျက်ရှိသည်ဟု ယူဆရပြီး၊ ကိုဗစ်-၁၉ စည်းမျဉ်းများဖြေလျော့မှုစီမံကိန်းအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သတင်းများတွင်ဖော်ပြမှုအရ တွေ့ရှိရသည်။

  “Omicron”ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနှင့်၎င်းတို့၏ဆက်စပ်Contactအချို့ကို၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်ဖော်ထုတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ဝင်ရောက်မှုတွင် တင်းကျပ်သော ထိန်းချုပ်မှုများ ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊တောင်ကိုရီးယားနိုင်ငံသို့ ပြည်ပမှ ဆိုက်ရောက်လာသူ အားလုံးသည် ၎င်းတို့၏ကာကွယ်ဆေးထိုးသည့်အခြေအနေ မည်သို့ပင်ရှိစေကာမူ (၁၀) ရက်ကြာ သီးသန့်ခွဲထားရန်လိုအပ်မည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ၎င်းတို့၏နမူနာများကို မျိုးရိုးဗီဇခွဲခြားမှု စစ်ဆေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ “Omicron” ဗိုင်းရပ်စ် ကူးစက်ခံရသော လူနာအချို့သည် ၎င်းတို့အားရောဂါပိုးရှိကြောင်းအတည်မပြုရသေးမီ စစ်ဆေးဆဲကာလတွင် Quarantine မှကင်းလွတ်ခွင့် ပြုထားသောကြောင့် “Omicron” ဗိုင်းရပ်စ်သည် လူမှုအသိုက်အဝန်း အတွင်းတွင် ပျံ့နှံ့နေပြီး ဖြစ်နိုင်သည် ဟုကျန်းမာရေးအာဏာပိုင်များကယူဆကြောင်း၊ လက်ရှိတွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ထားသည့် လူနာများနှင့် နီးကပ်စွာထိတွေ့ဖူးသူ လူပေါင်းများစွာကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လေ့လာသိရှိ ရသည်။

   လက်ရှိတွင် ကိုရီးယားသမ္မတနိုင်ငံသည် နေ့စဉ်လူနေမှုဘဝတွင်ကိုဗစ်-၁၉နှင့် အတူယှဉ်တွဲ နေထိုင်လျက် New Normal Lifeအဖြစ်ပုံမှန်လူမှုစီးပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးတက်ရေး ကုန်စည်ပြပွဲများနှင့် စီးပွားရေးရာအခမ်းအနားများကို ရောဂါမကူးစက်စေရန် ကြိုတင် စီမံမှုများဖြင့် စနစ်တကျပြန်လည်ကျင်းပလျက်ရှိပြီး၊ ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်မြင့်တက် နေသည့်ကြားမှပင် ယင်းကိုအံတု၍ မူလရည်မှန်းချက်အတိုင်း ကျန်းမာရေးနှင့် စီးပွားရေးကို ဟန်ချက်ညီစွာ တိုးတက်စေရေး အရှိန်အဟုန်မြှင့်ကာ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံရှိ စျေးကွက်စီးပွားရေးရာမူဝါဒများကို လေ့လာသုံးသပ်သောအဖွဲ့အစည်းဖြစ်သည့် The Korea Capital Market Institute (KCMI)က တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း (GDP Growth Rate) ကို ၂၀၂၁ ခုနှစ်အတွက်(၄)ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်အတွက် (၃ ဒသမ ၂) ရာခိုင်နှုန်းခန့် တိုးတက်နိုင်မည်ဟု အသီးသီး ခန့်မှန်းထားပါသည်။

    ထိုသို့ ပြန်လည်တိုးတက်မှု အရှိန်ရနေသည့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအတွက် ကိုဗစ်မျိုးကွဲဗိုင်းရပ်စ် “Omicron” ကူးစက်ခြင်းစတင်တွေ့ရှိမှုနှင့် နေ့စဉ်ကိုဗစ်-၁၉ကူးစက်မှုနှုန်း များစွာ မြင့်တက်လာခြင်းက လက်ရှိကာလအတွက် စိန်ခေါ်မှုတစ်ရပ်ပင်မဟုတ်ပါလား........

Reference Data : Ministry of Trade, Industry and Energy of Korea Korea၊ Customs Service၊ Ministry of Health & Wealthfare၊ The Korea Herald

 ဝင်းပပသူ၊        

စီးပွားရေးသံမှူး    

(မြန်မာသံရုံး၊ ဆိုးလ်မြို့)