Main menu

Background

ဂျပန်နိုင်ငံ၏ စားသောက်ကုန်ဈေးကွက်ကိုအောင်မြင်စွာ ထိုးဖောက်နိုင်ရန် လိုအပ်ချက်များ

Mon, 03/04/2024 - 10:10 -- journal_editor

ဂျပန်နိုင်ငံသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင် မှုတန်ဖိုး (GDP) အားဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ့ပဉ္စမမြောက် ပို့ကုန်အများ ဆုံးတင်ပို့သူနှင့် ကမ္ဘာ့စတုတ္ထမြောက် သွင်းကုန်အများဆုံး တင်သွင်း သူလည်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့ ၁၁ နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၂၆ ဒသမ ၁၅ သန်းရှိသည်။  ဂျပန်နိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေဧရိယာမှာ စုစုပေါင်း မြေဧရိယာ ၏ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံ့လူဦးရေအတွက် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိဘဲ အခြားသောနိုင်ငံများမှ တင်သွင်းရလျက်ရှိသည်။ 
လက်ရှိ ဂျပန်နိုင်ငံအနေနှင့် စားနပ်ရိက္ခာလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရပြီး ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းသာရှိသည့်အတွက်  စားနပ်ရိက္ခာဖူလုံ စေရန် စိန်ခေါ်မှုများ ကြုံတွေ့လျက်ရှိသည်။  ၂၀၂၁ ခုနှစ်တွင် ဂျပန် နိုင်ငံ၏ ဆန်ဖူလုံမှုအချိုးမှာ ၉၈ ရာခိုင်နှုန်း၊ ဂျုံဖူလုံမှုအချိုးမှာ ၁၇ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုး ဖူလုံမှုအချိုးမှာ ၈ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက် ဖူလုံမှုအချိုးမှာ ၇၉ ရာခိုင်နှုန်းနှင့် သစ်သီးဖူလုံမှုအချိုးမှာ ၃၉ ရာခိုင် နှုန်းရှိခဲ့သည်။  
ဂျပန်နိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာ  ဖူလုံမှုနှုန်းသည် စက်မှု ထွန်းကားသည့် နိုင်ငံများတွင် အနိမ့်ဆုံးနှုန်းလည်းဖြစ်သည်။ ဂျပန် နိုင်ငံအနေဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်ပ မှ စားသောက်ကုန်များ တင်သွင်းနိုင်မှုအပေါ် အလွန်အမင်း မူတည် အားထားနေရသည်။ စားနပ်ရိက္ခာဖူလုံရေးကို အမျိုးသားလုံခြုံရေး အတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိသည်။      
ဂျပန်နိုင်ငံ၏ စားသောက်ကုန်နှင့် အဖျော်ယမကာ ဈေးကွက် သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃၅ ဘီလီယံရှိခဲ့ပြီး ကမ္ဘာ့အဆင့်(၃)နေရာတွင်ရှိခဲ့သည်။ ထုပ်ပိုးပြီး အသင့်စား စား သောက်ကုန်ဈေးကွက် တန်ဖိုးမှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၁၆ ဘီလီယံနီးပါးရှိခဲ့သည်။ စားသောက်ကုန် တင်သွင်းမှု အနေဖြင့်၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံရှိခဲ့ပြီး  လယ်ယာထုတ်ကုန်များကို အမေရိကန်၊ တရုတ်၊  သြစတြေးလျ၊ ကနေဒါ၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံတို့မှ အဓိကတင် သွင်းလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၂၁၉ဒသမ၂၇၄ သန်းတန်ဖိုးရှိ ကုန်စည်များ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁ဒသမ၉၈၅ သန်းမှာ လယ်ယာ ထွက် ကုန်ပစ္စည်းများဖြစ်သည်။  ထို့ကြောင့် လယ်ယာထွက်ကုန် ပစ္စည်း တင်ပို့မှုမှာ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ စုစုပေါင်း တင်ပို့မှု၏ ၂ဒသမ၆၂ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၆၃ ဒသမ ဝ၀၆ သန်းတန်ဖိုးရှိ ကုန်စည်များတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၂ဒသမ၃၄၃ သန်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည်။ ထို့ကြောင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ မြန်မာ နိုင်ငံမှ ဂျပန်နိုင်ငံသို့ စုစုပေါင်းတင်ပို့မှု၏ ၂ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့သည်။ 
ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ မှ ဒီဇင်ဘာအထိ စားသောက်ကုန်များကို အာရှ ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ အာဆီယံ  ၁၄ ဒသမ ၈၇ ရာခိုင်နှုန်း၊ အီးယူ  ၁၄ဒသမ၂ ရာခိုင်နှုန်း၊ တရုတ်  ၁၂ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် အမေရိကန်  ၅ ဒသမ ၆ ရာခိုင်နှုန်းတို့မှ အများဆုံးတင်သွင်းခဲ့သည်။ အဓိက တင်သွင်းခဲ့သည့် စားသောက် ကုန်များမှာ ပြောင်း၊ ဝက်သား၊ အမဲသား၊ ဂျုံ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲပိစပ်နှင့် အေးခဲအသီးအနှံများ ဖြစ်သည်။ တင်သွင်း သည့် ကုန်စည်များကို အဓိကအားဖြင့် ဈေးဝယ်စင်တာများ၊ Convenience Stores များတွင် ရောင်းချလျက်ရှိပြီး တင်သွင်းကုန်စည် များ၏ လက်လီဈေးနှုန်းမှာ ဂျပန်ပြည်တွင်းထုတ် ကုန်စည်နှင့်နှိုင်း ယှဉ်ပါက ဈေးနှုန်းမှာ နှစ်ဆကျော် များပြားလျက်ရှိသည်ကို တွေ့ရှိရ သည်။ ဂျပန်နိုင်ငံတွင် လက်ရှိကုန်စည်ဖြန့်ဖြူးမှုပုံစံမှာ တင်သွင်းသူ အနေဖြင့် လက်ကားဆိုင်များနှင့် အများဆုံး ချိတ်ဆက်၍သာ ဖြန့်ဖြူး လျက်ရှိပြီး လက်ကားရောင်းချသူများမှ တစ်ဆင့်သာ လက်လီဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ 
နိုင်ငံတကာမှ စားသောက်ကုန် ကုမ္ပဏီများအနေဖြင့် ဂျပန် နိုင်ငံတွင် ကိုယ်ပိုင်ရုံးခွဲ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်ခန့် ထား ဆောင်ရွက်ခြင်းတို့ဖြင့်လည်း လက်လီလုပ်ငန်းများသို့ တိုက် ရိုက်ဖြန့်ဖြူးရောင်းချနိုင်သည်။ ဈေးကွက်လေ့လာဆန်းစစ်ချက်အရ လက်လီလုပ်ငန်းများသို့ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ဝယ်လိုအား ပိုမိုများပြားပြီး ကုန်စည်တင်ပို့နိုင်မှု မြင့်မားနိုင်သည်ကို တွေ့ရှိရ သည်။  လက်လီလုပ်ငန်းများသို့ တိုက်ရိုက်ချိတ်ဆက် ရောင်းချနိုင်ခြင်း ဖြင့် ကုန်စည်ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ သက်သာစေသည်ကို  တွေ့ရှိရသည်။  သို့သော် လက်လီလုပ်ငန်းများကို သာ တိုက်ရိုက်တင်ပို့ရောင်းချမည်ဆိုပါက ဈေးကွက်ဖြန့်ကျက်နိုင် မှုမှာTrading Company မှတစ်ဆင့် ဖြန့်ဖြူးခြင်းလောက် ကျယ်ပြန့် နိုင်မည် မဟုတ်သည့်အတွက် အဓိက လက်လီ ဝယ်လက်တစ်ဦး (သို့မဟုတ်)  နှစ်ဦးနှင့် တိုက်ရိုက်ချိတ်ဆက်ပြီးMajor Trading Company  တစ်ခု (သို့မဟုတ်)Importer တစ်ဦးနှင့် ချိတ်ဆက်ခြင်းဖြင့် Hybrid Modelကို အသုံးပြု ဆောင်ရွက်သင့်သည်။ 
ဂျပန်နိုင်ငံတွင် စားသောက်ကုန် အဓိကတင်သွင်းလျက်ရှိသည့် ကုမ္ပဏီများမှာ Itochu Corporation  Mitsubishi Shokuhin  Mitsui Shokuhin  Wismettac Suzusho Tomoe   Yutaka Sangyo Kataoka Bussan  Nichifutsu Boeki  နှင့်NIS တို့ ဖြစ်ပြီး စား သောက်ကုန် လက်ကားဖြန့်ဖြူးလျက်ရှိသည့်  လုပ်ငန်းများမှာ Mitsubishi Shokuhin  Nippon Access  Kokubu Group  Kato Sangyo Mitsui Foods  နှင့်Tomoshia Holdings တို့ ဖြစ်ကြသည်။
လက်ရှိတွင် ဂျပန်စားသောက်ကုန်ကဏ္ဍတွင် လူကြိုက်များ လျက်ရှိသည့် ကုန်စည်များမှာ ကျန်းမာရေးအထောက်အကူပြု စား သောက်ကုန်များ၊ အာရှဒေသထွက် အစားအစာများဖြစ်ပြီး အဆင် ပြေ လွယ်ကူစွာ ဝယ်ယူ၊ သယ်ဆောင်နိုင်သည့်Small Pack Sizes များကို ပိုမိုကြိုက်နှစ်သက်ကြသည်။
ဂျပန်နိုင်ငံသို့ စားသောက်ကုန်တင်ပို့သူများအနေဖြင့် အဓိက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ ဈေးကွက်ဝယ်လိုအားနှင့် ဈေး ကွက်အလားအလာ၊ ယှဉ်ပြိုင်နိုင်စွမ်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင် ခြင်း၊ ကုန်စည်အရည်အသွေး၊ ဂျပန်နိုင်ငံ၏ စားသောက်ကုန်ဆိုင်ရာ စံနှုန်းများ၊ ငွေလဲလှယ်နှုန်း၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်နှင့် ဂျပန်လူမျိုးများ၏ ရှေးရိုးဆန်ပြီး ပြောင်းလဲမှုကို မလိုလားသော အစွဲ အလမ်းကြီးသည့် ပုံစံတို့ဖြစ်သည်။
ဂျပန်ဈေးကွက်သို့ အောင်မြင်စွာ  တင်ပို့ရောင်းချလိုပါက တစ်မူထူးခြားသော ကုန်စည်ဖြစ်ရန် လိုအပ်ပြီး အရသာ၊ ထုပ်ပိုးမှုနှင့် ဒီဇိုင်းတို့မှာလည်း  ဂျပန်လူမျိုးများ ကြိုက်နှစ်သက်သည့် ပုံစံဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ ဂျပန်နိုင်ငံရှိ Top Trading Company Top Importer  နှင့်  ွှTop Retailer များကို ရွေးချယ်၍ တင်ပို့ခြင်း၊ ကုန်စည် ကို အရောင်းမြှင့်တင်မှုများ ဆောင်ရွက်ခြင်းတို့ဖြင့် ဈေးကွက်ထိုး ဖောက်နိုင်မည်ဖြစ်သည်။ 
ဂျပန်ဈေးကွက်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ရေးအတွက် စူးစိုက်ဆောင်ရွက်မှုနှင့် ရေရှည်တစိုက်မတ်မတ်  ဆောင်ရွက်ရန် လိုအပ်သည်။ ဂျပန်လူမှုအသိုက်အဝန်းအနေဖြင့် ကျွမ်းကျင်မှုနှင့် အရည်အသွေးကို တန်ဖိုးထားကြပြီး ထိုသို့ကျွမ်းကျင်မှုနှင့် အရည် အသွေးအတွက်လည်း သတ်မှတ်တန်ဖိုးကို လိုလားစွာ ဝယ်ယူသုံးစွဲ ကြသည်ကို တွေ့ရှိရသည်။ ဂျပန်နိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရန် အတွက် သုံးစွဲသူအုပ်စု Specific Consumer)ကို သတ်မှတ်၍ ရောင်းချခြင်း (သို့မဟုတ်) ကုန်စည် အမျိုးအစား သီးသန့်သတ်မှတ်၍ Specific Product) ရောင်းချခြင်းဖြင့် လုပ်ငန်းများ ရေရှည် အောင်မြင်နိုင်မည်ဖြစ်သည်။ 
ဂျပန်နိုင်ငံသည် အရည်အသွေးအပြင် ယုံကြည်မှုနှင့်ဝန်ဆောင် မှုကိုလည်း အထူးအလေးထားသော နိုင်ငံဖြစ်သည့်အားလျော်စွာ ဂျပန်ဈေးကွက်သို့ ကာလကြာရှည် အောင်မြင်စွာ ထိုးဖောက်ဝင် ရောက်လိုသူများအနေဖြင့် ဈေးကွက်အခြေအနေကို ကောင်းစွာနား လည်သိရှိရန် နှင့်ဝယ်ယူသူများ၏ အလေ့အထနှင့် ဓလေ့စရိုက်များ ကို နားလည်သိရှိစေရန်အတွက် On Ground Team  ဖွဲ့စည်းထားရှိ မည်ဆိုပါက ဈေးကွက်ကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်မည်ဖြစ်သည်။  လုပ်ငန်းများအနေဖြင့် On Ground Team  မထားရှိနိုင်ပါက On Ground Team ာ ရှိပြီးသား လုပ်ငန်းများနှင့် ချိတ်ဆက်၍ ကုန်စည်များ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ကို လျင်မြန်စွာ ထိုးဖောက်နိုင်မည်ဖြစ်သည်။
ဂျပန်ဈေးကွက်သည် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသလို ဆုံးရှုံးနိုင် ခြေလည်း မြင့်မားသည့်အတွက် အောင်မြင်စွာ ထိုးဖောက်နိုင်ရန် ကာလရှည်ကြာ ဆောင်ရွက်ရန် လိုအပ်သည့်အပြင် စိတ်ရှည်မှု၊ ဇွဲရှိ မှုတို့ လိုအပ်ကြောင်း လေ့လာရေးသားလိုက်ပါသည်။ 

 

မြန်မာသူဇာ