Main menu

Background

ဖရဲသီး

Tue, 02/23/2010 - 09:05 -- Anonymous (not verified)

ဖရဲကားများညအိပ်စောင့်၍တင်ပို့နေ     ဒီတစ်ပတ် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဖရဲသီးတင်ပို့မှုဟာ တန် ချိန် ၁၄၀၆၉ တန် (ဒေါ်လာ ၁.၃၈၀)သန်း ဝင်ငွေရ ရှိခဲ့ပြီး ယခင်အပတ်တင်ပို့ မှုကတော တန်ချိန် ၁၂၉၀၃ (ဒေါ်လာ ၁.၂၆၆သန်း) ဖြစ်တာကြောင့် ယခင် အပတ်ထက် တင်ပို့မှု အနည်းငယ်ပိုမိုလာကြောင်း တွေ့ရပါတယ်၊ သို့သော်လည်း ဖရဲကားများဟာ တရုတ်ဝယ်လက်ရရှိရေးအတွက် ညအိပ်စောင့် ရောင်းချနေရ ကြောင်း သိရပါတယ်။တစ်ပတ်အတွင်း မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှာဖြစ် ပေါ်ခဲ့တဲ့ဈေးနှုန်း တွေရဲ့အခြေအနေကို ဖော်ပြလိုက်ပါတယ်-   ရေတွက်ပုံ -ကီလိုဂရမ်/ယွမ်     ယခုတစ်ပတ် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်ကို ဒေသအသီးသီးက ဝင်ရောက်လာတဲ့ အခြေအနေကိုလေ့ လာကြည့်မယ် ဆိုရင် အစေ့မဲ့ဖရဲသီးကို တံတားဦး မှ ၄၅၆ တန်၊ မိတ္ထီလာမှ ၁၆၂၇ တန်၊ ကျောက်ဆည်မှ ၈၂ တန်၊ မြစ်သားမှ ၂၀၃ တန်၊ စုစုပေါင်း ၂၃၆၈တန် ဝင်ရောက်လာပြီး ဖရဲအကြားသီး ဝင်ရောက်မှု အနေနှင့် ရန်ကုန်(ခရမ်း)မှ ၈၂၉ တန်၊ မင်းလှမှ ၅၂၆ တန်၊ မန္တလေးမှ ၁၉၂တန်၊ စုစုပေါင်း ၁၅၄၇ တန် ဝင်ရောက်လာပါတယ်၊ ဖရဲအဖြူသီးကို တံတားဦးမှ ၃၅၃ တန်၊ မန္တလေးမှ ၃၂၂ တန်၊ တပ်ကုန်းမှ ၈၉၉ တန်၊ စုစုပေါင်း ၁၅၇၄တန် အသီးသီး ဝင်ရောက်လာကြောင်းတွေ့ရပါတယ်။ပြည်တွင်းဈေးကွက်မှာ ပယ်သီးပဲရောင်းလို့ဈေးကျ     ပြည်တွင်းကျောက်ဆည်၊ တံတားဦး၊ ကူမဲ၊ မြစ်သားဒေသ တစ်ပတ်အတွင်း ဈေးနှုန်းတွေက အစေ့မဲ့ဖရဲမှာ ယခင် ၁၀၀၀ ကျပ်မှ ယခု ၆၀၀ကျပ်-၈၀၀ကျပ်၊ အကြားသီး ယခင် ၈၀၀ကျပ်မှ ယခု ၃၀၀ကျပ်- ၅၀၀ကျပ်ဈေးဖြင့် ဈေးနှုန်းများ ကျဆင်းလာတာကို တွေ့ရပါတယ်။ ရောင်းတန်းဝင်အသီးများ ထွက်ရှိမှုနည်းပါးပြီး ပယ်သီးများ ဈေးကွက်အတွင်းရောက်ရှိတဲ့အတွက် ဈေးနှုန်းများ ကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်၊      ဧရာဝတီတိုင်း ကျောင်းကုန်းဒေသတွင် ဖရဲစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး ဖေဖော်ဝါရီလဆန်းမှ စတင်ထွက်ရှိပါ တယ်။ တောင်သူကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ ၇ သိန်းခွဲလောက်  ကုန်ကျပါ တယ်။ အထွက်နှုန်း အနေနှင့် တစ်ဧကကို အလုံး၁၅၀၀ လောက်ရှိပြီး ရောင်းတန်းဝင် အသီးကတော့ ၁၀၀၀ ထွက်လို့ ကျပ် ၇၅၀ဈေး ရရှိပြီး ကျန်ပယ် သီးက တော့ ကျပ် ၄၀၀သာ ရရှိပါတယ်။ တောင်သူ တစ်ဧက ဝင်ငွေကတော့ ကိုးသိန်းခွဲလောက် ရရှိမှာ ဖြစ်ပါတယ်။ မူဆယ်သို့ ၁၂ ဘီးကားဖြင့် တင်ပို့ရာတွင် သယ်ယူခ ၂၆သိန်း၊ အထွေထွေကုန်ကျစရိတ် ၄သိန်း ပေါင်း ၃၀ သိန်းဝန်းကျင်ခန့် ကုန်ကျပါတယ်။ ဒါကြောင့် ၁၂ ဘီးတစ်စီး ဖရဲသီး အကျိုးအမြတ်အနေနှင့် သုံးသိန်းခွဲလောက် ရရှိကြောင်း၊ ဒီလို အကျိုးအမြတ်ရရှိတာကလည်း ထိုင်ဝမ်မျိုး ၁၆၄၊ ၈၅၅ အကြား သီးမျိုးဖြစ်ပြီး တစ်လုံးကို ၁၀ကီလိုဂရမ် အနည်းဆုံးရှိကြောင်း သိရပါတယ်။ တစ်နေ့ကို ကျောင်း ကုန်းမှ ကားနှစ်စီးလောက် ထွက်ရှိကြောင်းသိရပါတယ်။ NLsoeပြည်ပဝယ်လက်အဆွဲကောင်းလို့ ရှမ်းတောင်ချင်း ဈေးကောင်းရ     ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ရာသီဥတုကြောင့် သီးနှံတွေ အထွက်နှုန်းနည်းပေမဲ့ ဈေးကွက်ဝင် သီးနှံတစ်ခု ဖြစ်တဲ့ ချင်းက တော့ အထွက်နှုန်း ပုံမှန်သာရှိတယ်လို့ သိရပါ တယ်။ ပြည်ပမှ ဝယ်လိုအားကောင်းနေတဲ့အတွက် ချင်းဈေး ကလည်း ကောင်းနေပါ တယ်။ ဇန်နဝါရီလဆန်းမှ ချင်းခြောက် တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးသာရှိပြီး ဒုတိယပတ်မှာ ၁၄၀၀ ကျပ်ဖြစ်လာပါတယ်။ ပြည်ပ တင်ပို့မှုမရှိလို့ ဝယ်လက်တွေ ရပ် သွားတာကြောင့် ချင်းခြောက်ဈေးက တစ်ပိဿာ ၁၄၀၀ ကျပ် နဲ့ တစ်လလုံး  ငြိမ်နေခဲ့ပါတယ်။ တောင်ကုတ်လမ်းကနေ စစ်တွေဘက်ကို ပို့နေတာရယ်၊ ရန်ကုန်ဝယ်လက်တွေ ရှိနေ တာရယ်ကြောင့် ဖေဖော်ဝါရီလဆန်းမှာ ဈေးပြန်တက်လာပါ တယ်။ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ချင်းခြောက်တစ်ပိဿာကို ၁၅၅၀ ကျပ်ဈေး ရှိခဲ့ပြီး ဒီတစ်ပတ်မှာတော့ ချင်းခြောက် တစ်ပိဿာ ၁၆၀၀ ကျပ်၊ ၁၆၅၀ ကျပ် ဈေးရှိတယ်လို့ တောင်ကြီး ကုန်စည်ဒိုင်က သိရပါတယ်။                                                                                                                                ဧဧခိုင်