Main menu

Background

အဆင့်မြင့်ပေါင်းဆန် ထုတ်လုပ်ကြရအောင်

Fri, 02/05/2010 - 13:11 -- Anonymous (not verified)

    ဆန်ကြိတ်ခွဲခြင်းရဲ့ အဓိကလုပ် ငန်းကတော့ ဆန်စေ့တစ်ခုလုံးရရှိဖို့နဲ့ မူလအနီးစပ်ဆုံးပုံစံမပျက် ဆန်စေ့ များရအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ အချို့စပါးအမျိုးအစားတွေဟာ ဆန်သား (Head Rice) အမြင့် ဆုံး မရရှိကြပါဘူး။ အကြောင်းကတော့ ပင်ကိုယ်ဗီဇအားဖြင့် စက်ကြိတ်မခံနိုင်ခြင်း (သို့) ဆိုးရွားတဲ့ ရာသီ ဥတု (သို့) မတူညီတဲ့ ထုတ်လုပ်မှုအခြေအနေတွေ ကြောင့်ပဲဖြစ်ပါတယ်။ ရိတ်သိမ်းချိန် မတိုင်မီနှင့် ရိတ်သိမ်း ချိန်လွန် (၂) ခု စလုံးရဲ့ သက်ရောက်မှုအခြေအနေတွေကြောင့် ကြိတ်ခွဲစဉ် ကျိုးကြေခြင်းများ ဖြစ်ပေါ်ပါ တယ်။ ရိတ်သိမ်းချိန်မတိုင်မီ အခြေအနေမှာတော့ အမျိုးမျိုးသော ရုပ်သွင်လက္ခဏာတွေ၊ စိုက်ပျိုးရေးဆိုင် ရာ အလေ့အထတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေပါဝင်ပြီးတော့ ရိတ်သိမ်း ချိန်လွန်မှာတော့ စက်ဖြင့် သယ်ယူရွှေ့ပြောင်းခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်းတွေနဲ့အတူ အသုံးပြုရတဲ့ စက်ယူနစ်အမျိုးအစား တွေ၊ ချိန်ညှိမှုတွေပါဝင်တဲ့ ထုတ်လုပ်မှုအခြေအနေများရဲ့ အားနည်းချက်တွေဖြစ်ပါတယ်။ ဒီအခြေအနေတွေ ကြောင့် ကြိတ်ခွဲခြင်းမပြုမီ ပြုပြင်ခြင်းလုပ်ငန်းတွေကို အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စ တန်၊ မြန်မာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ တိုးတက်လာကြောင်းကို မှတ်တမ်းများအရ လေ့လာ တွေ့ရှိရ ပါတယ်။    ကြိတ်ခွဲခြင်းအဆင့်မှာ သီးနှံမှာ ပါဝင်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓါတ် များစွာ ဖယ်ရှားပစ်ခြင်းလို့ ရှေးကပင် သိရှိခဲ့ကြတာကြောင့် ကြိတ်ခွဲခြင်း၊ အာဟာရရှိစေခြင်း၊ ချက်ပြုတ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း တွေ ပိုမိုကောင်းမွန်လာအောင် အမျိုးမျိုးသော မကြိတ်ခွဲမီ  ပြုပြင်ခြင်းတွေကို တိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါ တယ်။ ဒီဆောင်ရွက်တဲ့နည်းတွေက တော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာ စလုပ်ခဲ့တဲ့ စပါးကို ရေ ၂၄ နာရီစိမ်ပြီး နေလှန်းအခြောက်ခံ ကြိတ်ခွဲတဲ့ Atapa နည်းစနစ်၊ ဒီနိုင်ငံတွေမှာပဲ စပါးကို ရေပူဖြန်းပြီး နေလှန်း အခြောက်ခံတဲ့ Balam စနစ်၊ ပါကစ္စတန်မှာ စလုပ်ခဲ့တဲ့ စပါးကိုမြေအိုးထဲထည့်ရေစိမ်၊ အပူပေး နှပ်ထားပြီး နောက်တစ်နေ့မှာ ဖေါက်ချ၊ မီးနဲ့တစ်နာရီ ဒုတိယအကြိမ် အပူပေးပြီး နေလှန်းအခြောက်ခံ၊ ကြိတ်ခွဲတဲ့ Josh့ စနစ်၊ အိန္ဒိယနိုင်ငံမှာ စပါးကို ၂၄ နာရီ မှ ၄၈ နာရီ ရေစိမ်ပြီး ၈၀ ံC  ရှိတဲ့ သဲနဲ့လှော်၊ လှော်ပြီးစပါး နေ ရောင် အခြောက်ခံကြိတ်ခွဲတဲ့ Sela စနစ်၊ အိန္ဒိယနိုင်ငံမှာပဲ စလုပ်ခဲ့တဲ့ စပါးကို ရေမှာပြုတ်၊ အခြောက်ခံ ကြိတ်ခွဲတဲ့ Siddha စနစ် စတဲ့ စနစ်အမျိုးမျိုးတွေနဲ့ ပြုပြင်ခဲ့ကြပြီး၊ နောက်ဆုံးစနစ်ကတော့ ပေါင်းခြင်း (Parboiling) ဟာ နောက်ဆုံးပေါ် ဆန်အရည်အသွေးအကောင်းဆုံး စနစ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အမျိုးမျိုးသောစနစ်တွေဟာ မမျှော်မှန်းနိုင်သော ပျက်စီးမှုတွေကိုကာကွယ်ဖို့ သာဖြစ်ပြီးတော့ ပေါင်းနည်း စနစ်ကတော့ ကြာရှည်ရပ်တည်တဲ့ စနစ်ဖြစ်ရုံမက စီးပွားရေးတွက်ခြေကိုက်မှုနှင့် အာဟာရဆိုင်ရာ အားသာ ချက်များကြောင့် တစ်ကမ္ဘာလုံးပျံ့နှံခဲ့ပါတယ်။ ပေါင်းစနစ်ကို ဘယ်သူစတင်တွေ့ရှိခဲ့ တယ်ဆိုတာ မှတ်တမ်းမရှိ သော်လည်း အိန္ဒိယနိုင်ငံမှာ ရှေးကပင် ပြုလုပ်ခဲ့တဲ့ အလေ့အထရှိခဲ့ကြောင်း ကမ္ဘာ့နိုင်ငံများ က သိရှိခဲ့ကြပါတယ်။    အမေရိကန်၊ အီတလီ၊ အင်္ဂလန် တို့မှာ ပေါင်းစပါးပြုလုပ်ခြင်း အတွေ့ အကြုံရှိခဲ့ပြီး စီးပွားဖြစ် ထုတ်လုပ် ခြင်း ကို ၁၉၄၀ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၂၀ ခုနှစ်မှာ စတင်စမ်းသပ် ခဲ့ကြောင်းနဲ့ ၁၉၃၅ ခုနှစ်မှာ ဟင်္သာတခရိုင်အတွင်း ဆန်စက်အများအပြားမှာ ပေါင်းဆန်ကို တွင်ကျယ်စွာ ကြိတ်ခွဲထုတ်လုပ်ခဲ့ကြကြောင်း လေ့လာသိရှိရပါတယ်။ အဲဒီအချိန်က အကျက်ပေါင်းဆန်၊ ပြုတ်လုံး ကြီး အမှတ် (၁)၊ အမှတ် (၂) တို့ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် ကြိတ်ခွဲ ထုတ်လုပ်ပေးနိုင်ခဲ့ကြပါတယ်။ အဲဒီ အချိန်က နှစ်စဉ်ပြည်ပတင်ပို့နိုင်မှုဟာ တန်ချိန် ၇ ဒဿမ ၆ သိန်းလောက်ရှိခဲ့ပြီး အဲဒီအချိန်မှာ စုစုပေါင်းဆန် တင်ပို့မှု တန်ချိန် ၂ ဒဿမ၈ သန်း အပေါ်မှာ ၂၇ရာခိုင်နှုန်းအထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်ပြီးကာလမှာ စစ်မဖြစ် မီကာလထက် ထက်ဝက်လျော့နည်းခဲ့ပြီး၊ ၁၉၆၅ မှ ၁၉၇၄ ခုနှစ်အတွင်းမှာ တော့ နှစ်စဉ် ပျမ်းမျှ ၂ ဒဿမ ၁ သိန်း သာ တင်ပို့နိုင်ခဲ့ပြီး ၁၉၉၁ မှ ၁၉၉၉ ခုနှစ်အတွင်းမှာတော့ နှစ်စဉ်တန်ချိန် ပျမ်းမျှ ၆၇၇၈ တန်သာ တင်ပို့နိုင်မှုရှိပါ တယ်။     ကမ္ဘာ့ပေါင်းဆန်ဈေးကွက်မှာ အိန္ဒိယ၊ အမေရိကန်နဲ့ ထိုင်းတို့က ဈေးကွက်ဝေစုအများဆုံးရယူထားတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာ စစ်မတိုင်မီက မြန်မာနိုင်ငံဟာ ပေါင်း ဆန်နှစ်စဉ် ပျမ်းမျှတန်ချိန် ၇ သိန်း ကျော် တင်ပို့နိုင်ခဲ့တုန်းက ထိုင်းနဲ့ အိန္ဒိယက ပေါင်းဆန်လုံးဝတင်ပို့နိုင် ခဲ့ခြင်းမရှိသေးပါဘူး။ ထိုင်းနိုင်ငံဟာ ၁၉၅၀ မှစတင်ပြီး တဖြည်းဖြည်း တိုးမြှင့်တင်ပို့လာပြီး အိန္ဒိယနိုင်ငံကတော့ ၁၉၉၀ မှစတင် ပြီး တဖြည်းဖြည်း တိုးမြှင့် တင်ပို့လာနိုင်တာပါ။                                                   (ဆက်လက်ဖေါ်ပြပါမည်။)