Main menu

Background

အွန်လိုင်းကုန်ပစ္စည်းရှင်းလင်းရေးစနစ်နိုဝင်ဘာ ၁၂ ရက်တွင် စတင်မည်

Tue, 11/08/2016 - 15:23 -- journal_editor

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့ စွာ ဆောင်ရွက် နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသောစနစ်မှ အွန်လိုင်း စနစ်ဖြင့်ဆောင်ရွက် မည့် အလို အလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar AutomaticCargo Clearance System-MACCS)ကို နိုဝင်ဘာလလယ်မှစပြီး စတင် ကျင့် သုံးပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
''MACCS စနစ်ကို ကြိုတင်ကြေညာထားတဲ့အတိုင်း နိုဝင်ဘာ ၁၂ ရက်က စပြီး အမှန်တကယ်စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို စတင်ကျင့်သုံး ရာမှာ Customs Broker တွေအနေနဲ့ စနစ်တစ်ခုနဲ့တစ်ခု အကူး အပြောင်းမှာ တွေ့ကြုံလာ ရနိုင်တဲ့ အခက်အခဲတွေကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေဖို့အတွက် လိုအပ်ချက် တွေကို အသိပေးလိုတဲ့အတွက် အခုလိုရှင်းလင်းတင်ပြရတာ ဖြစ်ပါ တယ်''ဟု အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်ကUMFCCI၌ ကျင်းပသော ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ MACCSစနစ်သည် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လူ ကိုယ်တိုင် အကောက်ခွန်ရုံးများသို့ သွားရောက်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် အချိန်တို အတွင်း ဆောင်ရွက်နိုင်မည့်စနစ်ဖြစ်ကြောင်း၊ ယင်းစနစ်သည် ဂျပန်နိုင်ငံ၌ အောင်မြင်ခဲ့သည့်အကောက်ခွန်ရှင်းလင်းရေးစနစ်ဖြစ်ကြောင်း၊ ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ)၏အကူအညီဖြင့် ယင်းစနစ်ကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကိုစတင်ဆောင်ရွက်ရန်စမ်းသပ်ကာလ (Running Test)ကို အောက် တိုဘာ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်၍ Customs Broker များအနေဖြင့် ယင်းနေ့ ည ၁၂ နာရီတွင် စမ်းသပ်လေ့ကျင့်မှုများ ရပ်တန့်ပေးကြရ မည်ဖြစ်ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီမှစ၍ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီအထိManualမှ Systemသို့ ကူးပြောင်းကာလ(Transition Period )အဖြစ် သတ်မှတ်ကာRegistration လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်ကို လောလောဆယ် ရန်ကုန်မြို့ဆိပ်ကမ်းများနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော နယ်စပ်ဂိတ်တို့တွင်လည်း ဆောင်ရွက်သွားရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်းလည်း သိရသည်။ ယင်းစနစ်သည် ရုံးပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုစနစ်များအပါအဝင် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများကို လွယ်ကူချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

Source: MYANMAR CUSTOMS BROKERS ASSOCIATION