ရေဘဝဲသည် သန္တာကျောက်တန်းများနှင့် ပင်လယ်ပြင်တို့တွင် တွေ့ရှိရသည့်အမျိုးအစားဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ မြိတ်ကမ်းရိုးတန်းရေပြင်တွင်လည်း တွေ့ရှိနိုင်သည်။ တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်သည် ငါး၊ ပုစွန်၊ ကင်းမွန်၊ ကဏန်းနှင့် ရေဘဝဲ စသည့်ပင်လယ်ရေထွက်ပစ္စည်းများ ပေါများစွာရရှိသည့်ဒေသလည်းဖြစ်သည်။ ရေဘဝဲသည် ကင်းမွန်နှင့် အလျားသဏ္ဌာန်တူသလို ရှိသည့်အတွက်အချို့မှာကင်းမွန်နှင့် ရေဘဝဲသည် တူညီကြသည်ဟု ထင်ကြသော်လည်း အမှန်မှာမတူညီကြပေ။
ကင်းမွန်သည် ပုံမှန်လက်တံအရေအတွက် ရှစ်ချောင်းအပြင် ပိုရှည်သော လက်တံနှစ်ချောင်းပါဝင်ပြီး ရေဘဝဲမှာမူ ပုံမှန်လက်တံအရေအတွက်ရှစ်ချောင်းသာရှိသည်။ ရေဘဝဲပုံစံနှင့်တူညီပြီး လက်ရှစ်ချောင်းမပြည့်သော အကောင်တွေကိုမူ အဆိပ်ရှိနိုင်သောကြောင့် စားသုံးရန်မသင့်ကြောင်းလည်းသိရသည်။
ကင်းမွန်များကို များသောအားဖြင့် လကွယ်ရက်နှင့် လပြည့်ကျော်ရက်များတွင် (မီးရောင်)အလင်းရောင်အသုံးပြု၍ပိုက်များဖြင့်ဖမ်းဆီးကြပြီး ရေဘဝဲများကိုမူ ကင်းမွန်ဖမ်းသကဲ့သို့ရောင်စုံမီးများဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ပင်လယ်အောက်ခြေရှိ ကျောက်ဆောင်ကမ်းပါးများ၊ သန္တာကျောက်တန်းများအနီးတွင် ကျက်စားကြသည့်အတွက် ကျောက်ဆောင်များနှင့် ပင်လယ်အောက်ခြေတို့တွင် ထောင်ချောက်များပြုလုပ်ဖမ်းဆီးခြင်းနှင့် အထူးပြုလုပ်ထားသော ပုံးနှင့်အိုးများကို ရေအောက်တွင်ချထားပြီး ရေဘဝဲဝင်ရောက်လာပါက ပြန်လည်ဆွဲတင်ခြင်းဖြင့်ဖမ်းဆီးလေ့ရှိကြသည်။ ကင်းမွန်နှင့်ရေဘဝဲကို မိုးအကုန်သီတင်းကျွတ်ကာလပွင့်လင်းရာသီများတွင် စတင်ဖမ်းဆီးကြပြီး သက်ဆိုင်ရာဌာနက ကန့်သတ်ထားသော ငါးမဖမ်းရရာသီများတွင် ဖမ်းဆီးခွင့်ပိတ်ထားလေ့ရှိသည်။
ကင်းမွန်နှင့်ရေဘဝဲများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အများဆုံးဖမ်းဆီတးရမိကြပြီး ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများသို့ပါ ဖြန့်ဖြူးရောင်းချလျက်ရှိကြသည်။ အချို့လုပ်ငန်းရှင်များမှာ အအေးခန်းများဖြင့် ထိုင်းနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး အချို့မှာရန်ကုန်နှင့် မန္တလေးမြို့များသို့တင်ပို့ကာ ၎င်းတို့မှတစ်ဆင့်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။ မြိတ်မြို့ဒေသတွင်း ဈေးကွက်တွင်မူ ရေဘဝဲထက်ကင်းမွန်ကိုပိုမိုစားသုံးကြကြောင်း သိ ရှိရသည်။ ရေဘဝဲနှင့် ကင်းမွန်ဈေးနှုန်းများသည် ဝယ်လိုအား၊ ဖမ်းဆီးရရှိမှု အနည်းအများနှင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း၊ ထုတ်လုပ်မှုစရိတ်အပေါ်မူတည်၍ပြောင်းလဲမှုရှိနိုင်သည်။
သြဂုတ်လနောက်ဆုံးပတ်တွင် ကင်းမွန်ဈေးနှုန်းအလတ်စားတစ်ပိဿာ ကျပ် ၄၅၀ဝ၀ ခန့်နှင့် ရေဘဝဲတစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ဝ ခန့်ဈေးရရှိလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲလျက်ရှိသည်။ တစ်ခါတစ်ရံ ကင်းမွန်ရှားပါးချိန်တွင် ကင်းမွန်ဈေးကောင်းရရှိပြီး ရေဘဝဲရှားပါးချိန်တွင် ရေဘဝဲဈေးကောင်း ရရှိလျက်ရှိကြောင်းသိရသည်။
ကျော်နိုင်(မြိတ်)
