Main menu

Background

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီးရှီကျင့်ဖျင် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား

Thu, 12/03/2020 - 11:10 -- journal_editor

          သမ္မတကြီးရှီကျင့်ဖျင်က မိမိသည် ၂၀၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများအကြား ၂၁ ရာစု ရေလမ်းကြောင်း ပိုးလမ်းမကြီးကို တည်ဆောက်ရန်နှင့် အနာဂတ် ပိုမိုပေါင်းစည်းသောတရုတ်-အာဆီယံ အသိုက်အဝန်းကို အတူလက်တွဲ တည်ထောင်နိုင်ရန် အဆိုပြုခဲ့ပါကြောင်း၊ (၇) နှစ်တာကာလအတွင်း တရုတ်-အာဆီယံဆက်ဆံရေးသည် အာရှ-ပစိဖိတ်ဒေသ ပူးပေါင်း ဆောင်ရွက်မှုများအကြား အောင်မြင်မှုအရှိဆုံးနှင့် အရှိန်အဟုန်အမြင့်မားဆုံးသော စံပြတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး အနာဂတ်များမျှဝေမှုနှင့်အတူ လူ့အဖွဲ့အစည်းတည် ထောင်ခြင်း အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စံနမူနာအဖြစ်လည်း ရပ်တည်လျက်ရှိပါကြောင်း၊ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid-19 ရောဂါဖြစ်ပွားမှုများကို ရင်ဆိုင် တိုက်ခိုက်ရာတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန်ကူညီမှုဖြင့် အတူတကွ ရင်ဆိုင်တိုက်ခိုက်ကြ ရမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မတွေ့ကြုံခဲ့ဖူးသေးသည့် ကြီးမားသော ပြောင်းလဲမှုကြီးများဖြင့် တွေ့ကြုံနေကြရပြီး နိုင်ငံအသီးသီးမှ ပြည်သူများ၏ ဘဝသည်လည်း ယခုကဲ့သို့ ဘယ်သောအခါမျှ  နီးကပ်သော အပြန်အလှန်ဆက်နွယ်မှုများ မရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံကို အိမ်နီးချင်းနိုင်ငံများအကြား သံတမန် ဆက်ဆံရေး၏ ဦးစားပေးဦးတည်ချက်အဖြစ် သတ်မှတ်ထားရုံသာမက One Belt One Road ၏ အဓိကနယ်ပယ်များကို အရည်အသွေးမြှင့် တည်ဆောက်နိုင်မည်ဟုလည်း ရှုမြင်ပါကြောင်း၊ အာဆီယံနှင့်အတူ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒရှိပါကြောင်း၊ ဒေသတွင်းစည်ပင်သာယာဝပြောမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု၏ ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းလျက် မျှတသော အနာဂတ်ဖြင့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အသိုက်အဝန်းကို တည်ထောင်ကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ပထမအချက်အနေဖြင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်လျက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို နက်ရှိုင်းစွာ ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်းတွင်း-ပင်လယ်ရေကြောင်း လမ်းကြောင်း သစ်များတည်ဆောက်ခြင်းများကို အမှီသဟဲပြု၍ အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေပြီး ဆောင်ရွက်လျက်ရှိသောစီးပွားရေးစင်္ကြံများနှင့် အဓိက ကျသော စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်တွန်းအားပေးလျက် တရုတ်-အာဆီယံ ဘက်ပေါင်းစုံသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လာမည့်နှစ်သည် တရုတ်နှင့်အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုထူထောင်ခြင်း နှစ် (၃၀) ပြည့်အထိမ်းအမှတ်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ မဟာဗျူဟာမြောက်သော မိတ်ဖက်ဆက်ဆံမှုကို ပိုမိုမြှင့်တင် ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဒုတိယအချက်အနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ဒေသတွင်း စီးပွားရေး၏ ဘက်ပေါင်းစုံပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်-RCEP” အပေါ် အတက်နိုင်ဆုံး မြန်ဆန်စွာ ရလဒ်ကောင်းများရရှိနိုင်ရေး မျှော်လင့်ပါကြောင်း၊ ကုန်သွယ်မှုကို ပိတ်ဆို့မှုမရှိစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်ခြင်းနှင့် အပြန်အလှန်စျေးကွက်ဖွင့်ပေးခြင်းတို့အပြင် စက်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်နှင့် တန်ဖိုးကွင်းဆက်များတွင် နက်ရှိုင်းစွာပေါင်းစည်းမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါတားဆီးကာကွယ်ထိန်းချုပ်မှုများအတွက် တိကျ သေချာသည့် အကြောင်းအချက်များမရရှိမီ လူများ ကူးသန်းသွားလာခြင်းနှင့် ကုန်စည်စီးဆင်း မှုများ လွယ်ကူချောမွေ့စေရန် အစီအမံများကို ဦးစွာ စီမံဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်-အာဆီယံ အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          တတိယအချက်အနေဖြင့် နည်းပညာတီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကို ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Smart Cities များ၊ 5G၊ Artificial Intelligence၊ E-Commerce၊ Big Data၊ Blockchain၊ Telemedicine စသည့် နယ်ပယ်များတွင် သစ်လွင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးကြရမည်ဖြစ်ပြီး ဆိုက်ဘာဘေးကင်း လုံခြုံမှုရှိရေး ကာကွယ်မှုနှင့် မူဝါဒချိတ်ဆက်မှုသဘောတူညီချက်များ ပိုမိုတိုးမြှင့်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ တရုတ်-အာဆီယံ သတင်းအချက်အလက်ဌာနကို တည်ထောင်ပြီး ဒစ်ဂျစ်တယ်ပိုးလမ်းမကြီးကို ဖန်တီးကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          စတုတ္ထအချက်အနေဖြင့် Covid-19 ရောဂါထိန်းချုပ်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ကြ ရမည်ဖြစ်ပါကြောင်း၊ မူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု၊ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် Covid-19 ရောဂါ ကာကွယ်ဆေးအတွက်ပူးပေါင်းဆောင်ရွက်များကို တိုးမြှင့်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် Covid-19 ရောဂါကာကွယ်ဆေးကို အသုံးပြုပြီးနောက် အာဆီယံနိုင်ငံများ၏ လိုအပ်ချက်များကိုလည်း တက်ကြွစွာ ထည့်သွင်းစဉ်းစားသွား မည်ဖြစ်ကြောင်း၊ အာဆီယံရောဂါထိန်းချုပ်မှုဆိုင်ရာရန်ပုံငွေအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးပြီး အာဆီယံအတွက် ကျန်းမာရေးစီမံခန့်ခွဲမှုဝန်ထမ်းများနှင့် ကျွမ်းကျင်ပညာရှင် (၁၀၀၀) ဦးကို လေ့ကျင့်သင်ကြားပေးထားပြီး အရေးပေါ်ဆေးဝါထောက်ပံ့နိုင်ရေးဆေးသိုလှောင်ရုံနှင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ဆက်သွယ်မှုယန္တရားများကို ပူးတွဲတည်ဆောက်ထားပါ ကြောင်း ပြောကြားခဲ့ပါသည်။

          သမ္မတကြီး ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ခေတ်မီဆိုရှယ်လစ် နိုင်ငံတော်ကို အပြည့်အဝတည်ဆောက်နိုင်ရန် ခရီးစဉ်အသစ်တစ်ခုကို စတင်သွားမည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်ပဖွင့်လှစ်ပေးမှုကို မဆုတ်မနစ် ဆက်လက်ဖြန့်ကျက် သွားမည်ဖြစ်ပြီး တရုတ်နှင့်အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကိုလည်း ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် သမ္မတကြီးက တရုတ်-အာဆီယံ နှစ်ဖက်အသင်းအဖွဲ့များအနေဖြင့် ဂုဏ်သိက္ခာရှိသော ယခုအစည်းအဝေးပွဲမှ ပိုမိုများပြားသော စီးပွားရေးအခွင့်အလမ်း ကောင်း များကို ဖန်တီးကာ ပိုမိုများပြားသော ရလဒ်ကောင်းများကို ရယူကြပြီး ပိုမိုစည်ပင်သာယာဝ ပြော၍ ပိုမိုလှပသော အနာဂတ်ကို ဖန်တီးနိုင်ရန် အတူတကွလုပ်ဆောင်သွားကြရ မည်ဖြစ် ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ရင်းမြစ် - http://www.mofcom.gov.cn/article/news/202011/20201103018704.shtml

 ခိုင်ဖူးဝေ(ဒေသတွင်း)