Main menu

Background

ကွန်တိန်နာဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်တွင်းရှိ Exporter များ၊ ကုန်သည်လုပ်ငန်းရှင်များ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင် အခက်အခဲများကြုံနေရ

Wed, 12/16/2020 - 13:55 -- journal_editor

မြန်မာနိုင်ငံ၏ ကောက်ပဲသီးနှံများထွက်ပေါ်သည့်ကာလတွင် ပြည်ပသို့တင်ပို့ရမည့်အချိန်၌ ပို့ကုန်လုပ်ငန်းတွင် အဓိကအရေးကြီးသည့် ကွန်တိန်နာဈေးကွက်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွန်တိန်နာဈေးနှုန်းကြီးမြင့်မှုများ၊ ကွန်တိန်နာရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့သို့ဈေးနှုန်းမြင့်တက်လာမှုအခြေအနေများ၊ ကုန်သည်အသင်းအဖွဲ့များအနေဖြင့် လက်တလော ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုန်သည်များ၊ အသင်းအဖွဲ့များနှင့် ဆက်သွယ်မေးမြန်းထားမှုအား တင်ပြပေးလိုက်ရပါသည်-

ဒေါက်တာကျော်ဝင်း (ပဲ exporter ၊ တွဲဖက်အတွင်းရေးမှူး၊ ဘုရင့်နောင်ကုန်စည်ဒိုင်)

ဘုရင့်နောင်ကုန်စည်ဒိုင်မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာကျော်ဝင်းက ကွန်တိန်နာဈေးနှုန်း မြင့်တက်လာမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် လက်ရှိနာဈေးနှုန်းမှာ ယခင်ကထက် ၃ ဆ၊ ၄ ဆခန့် မြင့်တက် သွားကြောင်း၊ မိမိတို့အနေဖြင့် စင်ကာပူ၊ ကွာလာလမ်ပူသို့သာသွားရပြီး ၎င်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ သင်္ဘောထပ်ချိတ်ရပါကြောင်း၊ ထိုသို့ထပ်ဆင့်သွားရသည့်အဆင့်တွင် အကြပ်အတည်း များစွာရှိပါကြောင်း၊ ပို့ချင်သည့် destination သို့အချိန်မီပို့နိုင်ဖို့ အခက်အခဲရှိသကဲ့သို့ ဈေးနှုန်းမြင့်တက်လာသောကြောင့် ပဲဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း ဒေါက်တာကျော်ဝင်းကပြောပါသည်။ ပဲများလှိုင်လှိုင်ထွက်ပေါ်သည့်အချိန်တွင် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက်လည်း သင်္ဘောလိုင်းများအနေဖြင့် မည်သို့ဖြေလျော့ပေးနိုင်မည်ဆိုသည်ကို ညှိနှိုင်းပေးစေလိုပါကြောင်း၊ ယခုကဲ့သို့အခက်အခဲများဖြစ်ပေါ်သည်မှာ နှစ်ပတ်၊ သုံးပတ်ရှိပြီဖြစ်ပြီး တဖြေးဖြေးပိုပိုဆိုးလာပါ ကြောင်း၊ ထို့ကြောင့် သင်္ဘောလိုင်းများ၊ ကုန်သည်၊ အသင်းအဖွဲ့များမှ မည်သို့ဆောင်ရွက်သွားမည်ဆိုသည်ကို နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးနိုင်ရေးအတွက် zoom meeting ပြုလုပ်ပေးစေလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ ပါသည်။

မိမိတို့အနေဖြင့် ပဲများ EU သို့ တင်ပို့ရာတွင်လည်း အလားတူ ကွန်တိန်နာဈေးနှုန်းမြင့်တက်မှုများရှိပြီး ယခင်က ဈေးနှုန်းမှာ US$ ၆၀၀၊ ၇၀၀ မှ ယခု ၂၀၀၀၊ ၂၅၀၀ သို့ တက်ခဲ့ပါကြောင်း၊ ဈေးနှုန်းမြင့်တက်မှုမှာ အခြားဒေသများကဲ့သို့ ၃ ဆ၊ ၄ ဆခန့်ဖြစ်ပါကြောင်း ပြောကြားပါသည်။ သင်္ဘောလိုင်းများအနေဖြင့် အမှန်တကယ်အကြပ်အတည်းဖြစ်၍ ပေးရသည်ကို လက်ခံသော်လည်း အခွင့်အရေးယူမည်ကို မလိုလားပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါ သည်။

ဦးမျိုးသူရအေး (ဆန် Exporter)

ထို့နောက် ဆန် Exporter ဖြစ်သူ ဦးမျိုးသူရအေးက ကွန်တိန်နာဈေးကွက်အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် ကွန်တိန်နာဈေးနှုန်းအနေဖြင့် သင်္ဘောလိုင်းတွေ အကုန် ဈေးတက်ပါကြောင်း၊ ပထမပိုင်းမှာ သင်္ဘောများ လာပြီး ခါလီပြန်သွားရခြင်း၊ သင်္ဘော၏ (၃၀ ရာခိုင်နှုန်း) လောက်သာ ကုန်တင်သွားရခြင်းစသည်တို့အတွက် သင်္ဘော schedule များ လျှော့လိုက်ကြောင်း၊ ထိုသို့ schedule များ လျော့လိုက်သည့်အတွက် ကုန်ပစ္စည်းတင်သည့် ရာသီချိန်ရောက်သည့်အခါ မနိုင်မနင်းဖြစ် ပေါ်ရပါကြောင်း၊ ၎င်းအတွက် ဈေးပိုတောင်းခြင်းဖြစ်ကြောင်း၊ သင်္ဘောလိုင်းများအနေဖြင့် အရှုံးခံလုပ်ရင်း အမြတ်ရှာခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်နှစ်ကဆန်တင်ပို့ရာတွင် ၅၀ ရာခိုင်နှုန်းမှာ အာဖရိကသို့ တင်ပို့ခဲ့ကြောင်း၊ inbulk ဖြင့် သွားသည့်အတွက် ကွန်တိန်နာ လိုအပ်ချက်မရှိကြောင်း၊ ယခုအခါ တရုတ်၊ ဉရောပသို့သွားရာတွင် container shipment များ ဖြစ်ပါကြောင်း၊ တရုတ်သို့သွားရာတွင် ယခင်က US$ ၁၅၀-၁၈၀ မှ ယခုအခါ ၃၅၀ - ၄၀၀ ထိတက်ခဲ့ပြီး ဉရောပသို့သွားရာတွင် ယခင်က US$ ၁၀၀၀ - ၁၁၀၀ မှ US$ ၁၆၀၀ - ၁၇၀၀ ထိဈေးတက်ပါကြောင်း၊ အထူးသဖြင့် transit များသည့် အရှေ့ဉရောပနိုင်ငံများသို့ သွားရာတွင် ဈေးနှုန်းပိုတက်ပါကြောင်း ပြောပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သင်္ဘောများပိုထွက်အောင်၊ schedule များ ပြန်လည်များပြားလာအောင် ဆွဲဆောင်ပေးစေလိုကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သင်္ဘောလိုင်းများကို credit ပေးခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ဦးအုန်းဆိုင်(ဒုတိယဥက္ကဋ္ဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင်)

ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းဆိုင်ကပြောကြားရာတွင် ကွန်တိန်နာဈေးနှုန်းများအနေဖြင့် စင်ကာပူသို့သွားရာတွင် ယခင်က ကွန်တိန်နာတစ်လုံးလျှင် US$ ၃၀-၄၀ မှ ယခုအခါ US$ ၃၀၀ ထိ မြင့်တက်လာကြောင်း၊ တရုတ်သို့သွားပါက ယခင်က US$ ၁၅၀-၂၅၀ မှ ယခုအခါ US$ ၅၀၀-၆၀၀ ထိလည်းကောင်း၊ EU သို့သွားပါက ယခင်က US$ ၇၀၀-၈၀၀၊ အများဆုံး US$ ၉၀၀ မှ ယခုအခါ US$ ၃၀၀၀-၃၅၀၀ ထိလည်းကောင်း၊ အမေရိကန်သို့သွားပါက ယခင်က US$ ၁၇၀၀၊ ၂၀၀၀၊၂၂၀၀ မှ ယခုအခါ US$ ၄၀၀၀၊ ၅၀၀၀ ထိ လည်းကောင်း၊ ဂျပန်သို့သွားပါက ယခင်က US$ ၂၅၀-၃၅၀ မှ ယခုအခါ US$ ၄၀၀-၄၅၀ ထိလည်းကောင်းအသီးသီး မြင့်တက် လာပါကြောင်း ပြောကြားပါသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကွန်တိန်နာရှားပါးရခြင်းဖြစ်ပြီး အာရှဒေသမှ ဉရောပ၊ အမေရိကသို့အသွားရှိသော်လည်း ယခုအခါ အဆိုပါဒေသများ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာသည့်အတွက် ကုန် ထုတ်လုပ်မှုနည်းပါးလာသဖြင့် အာရှဒေသဘက်သို့ သင်္ဘောလိုင်းများ အပြန်မရှိဘဲ ၎င်းဒေသတွင် ကွန် တိန်နာများ စုပုံနေသောကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း ပြောကြားပါ သည်။ ထိုသို့ သင်္ဘောခများ ဈေးတက်လာပါက မိမိတို့အနေဖြင့် ကုန်ပစ္စည်းများကို လျှော့ဝယ်ရမည့် အနေအထားရှိကြောင်း၊ ကုန်သွယ်မှုတွင်လည်း ယခင်ကသင်္ဘောတင်မည်ဆိုပါက ယခု booking လုပ်၊ ယခုချက်ချင်းတင်၍ရ ကြောင်း၊ ယခုအခါ ၂ပတ် - ၃ပတ် ကြိုတင် booking လုပ်ကြရပါကြောင်း၊ သင်္ဘောတင်ရသည်မှာ delay ဖြစ်သောကြောင့် ကုန်သည်အများစုမှာ အခက်အခဲများများစွာ ဖြစ်ပေါ်ရပါကြောင်း ပြောကြားပါသည်။ ယခုကဲ့သို့ ကွန်တိန်နာဈေးတက်သဖြင့် ဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း၊ အထူးသဖြင့်တောင်သူများနစ်နာမည်ဖြစ်ပါကြောင်း၊ မကြာမီတွင် မြန်မာနိုင်ငံ၌လယ်ယာကိုင်းကျွန်းသီးနှံများ ထွက်ပေါ်လာတော့မည်ဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကွန်တိန်နာအသင်း၊ ပုဂ္ဂလိကကုမ္ပဏီ များ၊ကုန်သည်အသင်းအဖွဲ့များ၊ သင်္ဘောလိုင်းများနှင့် တွေ့ဆုံဆွေးနွေး၍ ကြိုတင်စီမံဆောင်ရွက်ပေးစေ လိုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် ကွန်တိန်နာ မရှားအောင် မည်သို့ဆောင်ရွက်ကြမည်ဆိုသည်ကို စဉ်းစားဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိအမြင်ပြောရမည်ဆိုပါက ဝန်ကြီးဌာနများ၊ သင်္ဘောလိုင်းများ၊ ကွန်တိန်နာအသင်းနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ဒေါ်လှလှရီ (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ရှင်များအသင်း)

ထို့နောက် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဒေါ်လှလှရီက လက်ရှိဖြစ်ပေါ်နေသည့် ကွန်တိန်နာဈေးနှုန်း မြင့်တက်လာမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ကွန်တိန်နာဈေးနှုန်းများ မြင့်တက်လာမှုအနေဖြင့် အာရှနိုင်ငံများသို့ သွား ပါက ၄၀ ရာခိုင်နှုန်း မှ ၁၂၀ ရာခိုင်နှုန်းထိ မြင့် တက်လာပါကြောင်း၊ ဉရောပနှင့် အမေရိကသို့သွားပါက ပထမပိုင်းတွင် ၁ ဆ၊ ၂ ဆ ခန့် မြင့်တက်ခဲ့ပြီး ထပ်မံ၍ ၃ ဆ၊ ၄ ဆ ခန့်ထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းကြပါကြောင်း ပြောကြားပါသည်။ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းနှင့်ပတ်သက်၍ ဆက်လက် ပြောကြားရာတွင် လောလောဆယ်တွင် မိမိတို့ သင်္ဘောမျာားသည် စင်ကာပူထိသာ သွားကြရပြီး ၎င်းမှတစ်ဆင့်သက်ဆိုင်ရာ နိုင်ငံများသို့ ဆက်သွားကြရပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် စင်ကာပူဆိပ်ကမ်းမှထွက်သည့် သင်္ဘောများ လျော့နည်းသွားပါကြောင်း (ဥပမာ- ယခင်က ၁၀ စီးထွက်ရာမှ ၆ စီး လောက်သာ ထွက် တော့သည့် အနေအထားဖြစ်ပါကြောင်း)၊ မိမိတို့နိုင်ငံမှ သင်္ဘောများ ပုံမှန်ထွက်သော်လည်း စင်ကာပူဆိပ်ကမ်းမှတစ်ဆင့် ထိုသို့ သင်္ဘောအထွက်လျော့နည်းသည့်အတွက် စင်ကာပူဆိပ်ကမ်းတွင် မိမိတို့သင်္ဘော တိုင်းလိုလို ကုန်ပစ္စည်းများပုံနေသည့်အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် storage charges များ၊ အခြားသော charges များ တက်လာပါကြောင်း၊ ထိုသို့တက်လာသည့် charges များကို မိမိတို့ဆိပ်ကမ်းမှာကတည်းက ထည့်သွင်း တောင်းခံကြခြင်းဖြစ်ကြောင်း၊ အများအားဖြင့် သင်္ဘောတိုင်း ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းခန့် စင်ကာပူဆိပ်ကမ်းတွင် တင်ကျန်နေရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကွန်တိန်နာရှားပါးမှုကြောင့်လည်း ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ နိုင်ငံအားလုံးအနေဖြင့် ၂၀၂၁ ခုနှစ် တွင် ၃ ဆ၊ ၄ ဆ ခန့်ထိ မြင့်တက်လာနိုင်သည်ဟု ကြားသိရပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်နေသည့် အခြေအနေများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် UMFCCI သို့ တင်ပြထားပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့အောင် တက်နိုင်သမျှ လျှော့ပေါ့ဆောင်ရွက်ပေးပါကြောင်း၊ အထူးသဖြင့် logistics အပိုင်းတွင် Supply chain တစ်လျောက် ပြတ်တောက်သွားသည့် အခြေအနေဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဘက်မှလည်း ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် rule and regulation များအနေဖြင့်လည်း logistics point of view မှလည်း ကြည့်သင့်ပါကြောင်း၊ အဆိုပါ ညွှန်ကြားချက်များ ထုတ်ပြန်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းတိုင်ပင်ညှိနှိုင်းသင့်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ န်ကြီးဌာနများ၊ အသင်းအဖွဲ့များအကြား ပေါင်းစပ်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပါ သည်။

ပေါင်စပ်ညှိနှိုင်းဆောင်ရွက်သင့်

ထိုသို့ ကွန်တိန်နာဈေးနှုန်းများမြင့်တက်လာခြင်း၊ ကွန်တိန်နာရှားပါးလာခြင်းများကြောင့် ပြည်ပသို့တင်ပို့မှုလုပ်ငန်းများတွင် Exporter များ၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေကြရပြီး အကျိုး ဆက်အနေဖြင့် ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် သီးနှံဈေးကွက်အပေါ် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပါသည်။ မကြာမီ မြန်မာနိုင်ငံအတွင်း ပဲမျိုးစုံနှင့် အခြားသော ပြည်ပတင်ပို့သည့် သီးနှံအများအပြားထွက်ရှိလာ တော့မည်ဖြစ်ရာ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင် အခက်အခဲများမဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ကြရမည့်အချက်များကို ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

 DOCA(Domestic)