Main menu

Background

မြန်မာ့ကြက်သွန်နီ စျေးကွက်အခြေအနေနှင့် တရုတ်နိုင်ငံသို့တင်ပို့နိုင်မှု

Mon, 03/22/2021 - 11:48 -- journal_editor

             မြန်မာ့ဟင်းလျာများချက်ပြုတ်ရာတွင် မပါမဖြစ်သည့် သီးနှံတစ်မျိုးမှာ ကြက်သွန်နီဖြစ်ပါသည်။ တစ်ချို့ကတော့ ကြက်သွန်နီက ထွက်လာတဲ့အနံ့က လူကိုမွှန်စေတာကြောင့် မကြိုက်တဲ့သူတစ်ချို့ရှိတာ ကိုတွေ့ရပါတယ်။ သို့သော် ကြက်သွန်နီမှာ လူကို အကျိုးပြုတဲ့အရာများစွာ ပါဝင်တာကိုတွေ့ရပါတယ်။ ကြက်သွန်နီကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်မှ ကယ်လိုရီဓာတ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဗီတာမင်နဲ့ အခြားဓာတ်တွေ ပြည့်ဝစွာပါဝင်တာကြောင့် လူကိုများစွာအထောက်အကူဖြစ်စေခြင်း၊ ကြက်သွန်နီကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးခြင်း၊ ကင်ဆာနှင့် ဆီးချို၊ သွေးချိုရောဂါ များကိုကာကွယ်ပေးခြင်း၊ သွေးတွင်သကြားဓာတ်ကို ထွန်းညှိပေးခြင်း၊ အရိုးအဆစ်များကို ကြံ့ခိုင်စေခြင်း၊ ရောဂါပိုးမွှားများကိုသေစေခြင်း၊ အစာချေစနစ်ကိုကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးများစွာရှိသည့် အတွက် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာနိုင်ငံများတွင်လည်း ကြက်သွန်နီစားသုံးသူများ များပြားလာသည် ကိုတွေ့ရှိရပါသည်။

          ထိုသို့လူကိုအကျိုးပြုသည့် ကြက်သွန်နီကို အများအပြားစားသုံးလာကြသည့်အတွက် ကြက်သွန်နီ စိုက်ပျိုးမှုများလဲ ပိုမိုလာကြောင်းတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံ၏ လစဉ် ကြက်သွန်နီစားသုံးမှုမှာလည်း ကြက်သွန်နီ ပိဿာချိန် သိန်း ၅၀ ဝန်းကျင်ဖြစ်၍ တစ်နှစ်ပတ်လုံးအတွက် ပိဿာချိန် သိန်း ၆၀၀ ခန့် လိုအပ်သည်ဟု ခန့်မှန်းရပါသည်။

      ကြက်သွန်နီ စိုက်ပျိုးမှုများ၏ တစ်ဧကအထွက်နှုန်းမှာ ပိဿာချိန် ၂၀၀၀ မှ ၃၀၀၀ ကြားရှိပါသည်။ ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံတွင် ကြက်သွန်နီ စားသုံးမှု ဖူလုံစေရန်အတွက် ဧကသိန်းချီ၍ စိုက်ပျိုးရန် လိုအပ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ထိ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

          မြန်မာနိုင်ငံတွင် ကြက်သွန်နီကို ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊ ကျောက်ဆည်စသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် အဓိက စိုက်ပျိုး သည့် မျိုးများအဖြစ် ရွှေဖလား၊ သပိတ်လုံး၊ မင်းတုန်းစုမွှာ စသည့်မျိုးများကို စိုက်ပျိုးပြီး ရွှေဖလားမျိုးကို အဓိက စိုက်ပျိုးကြောင်းသိရှိရပါသည်။

          ကြက်သွန်နီ စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကြက်သွန်နီမျိုးစေ့ နှစ်ပြည်မှ ငါးပြည်ခန့်ထိ ကုန်ကျပြီး တစ်ဧကလျှင် အပင်ရေ(၂)သိန်းခွဲမှ (၃) သိန်းအထိ စိုက်ပျိုးကြပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းပေးရပါတယ်။

ရေပြတ်လျှင် အရွက်များ နွမ်းခွေပြာမှိုင်းလာသည်ကိုကြည့်၍ ရေငတ်မှု ရှိ/မရှိ သိရှိနိုင်ကြောင်းသိရပြီး ကြက်သွန်အရွက်များ ခြောက်လာလျှင် နှုတ်သိမ်းနိုင်ကြောင်း သိရှိရပါသည်။

          ယခုအခါ ကြက်သွန်နီကို မြန်မာနိုင်ငံ၌ ပြည်တွင်းစားသုံးမှုသာမက ပြည်ပတင်ပို့မှုများကိုလည်း ခွင့်ပြုထားသည့်အတွက် စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးရန်နှင့် တစ်ဧကအထွက်နှုန်း တိုးတက်စေရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေးနှင့်နည်းစနစ်တကျစိုက်ပျိုးရန် လိုအပ်လျှက်ရှိပါသည်။

          မြန်မာနိုင်ငံမှ ကြက်သွန်နီကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဖေဖော်ဝါရီလ အတွင်း တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ USA ၊ သြစတြေးလျ၊ ဂျပန် စသည့် နိုင်ငံများသို့ တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ် နှစ်ဘက်စလုံးမှ တန်ချိန် တစ်သိန်းတစ်သောင်း လေးထောင်ကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇ဒသမ၆ သန်းကျော် ရှာဖွေပေးနိုင်ခဲ့ သော သီးနှံဖြစ်ကြောင်း တွေ့ရှိရပါသည်။

          နယ်စပ်ဖြတ်ကျော်တင်ပို့မှုများတွင် တရုတ်နိုင်ငံသို့ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဒေသများမှ အများဆုံးတင်ပို့လျှက်ရှိပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း တန်ချိန် ခုနစ်သောင်း တစ်ထောင်ကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ရရှိခဲ့ပါသည်။ နယ်စပ်မှတင်ပို့မှုများတွင် တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံသို့လည်း မြဝတီ၊ တာချီလိတ်၊ ထီးခီးနယ်စပ်တို့မှ တန်ချိန်နှစ် သောင်းကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ သန်းကျော် ဝင်ငွေရရှိခဲ့ ပါသည်။

          ပင်လယ်ရေကြောင်းမှတင်ပို့မှုများတွင် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်္ကာပူ၊ အိန္ဒိယ၊ ဗီယက်နမ် စသည့် နိုင်ငံများသို့ အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁သောင်း ၃ ထောင် ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၃  ထောင်ကျော်၊ စင်္ကာပူနိုင်ငံသို့ တန်ချိန် ၂၅၀၀ ကျော်နှင့် အိန္ဒိယ နိုင်ငံသို့ တန်ချိန် တစ်ထောင်ကျော်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

          မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ သို့ ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် ၂၇၉၀၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပါသည်။ ကာလတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ ကြက်သွန်နီ တင်ပို့မှုနှင့် နှိုင်းယှဉ် ကြည့်ရာတွင် တန်ချိန် ၂၇၀၀၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃ဒသမ၈ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ကြည့်ရာတွင် တန်ချိန် ၁၉၀၀၀ ကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၂ဒသမ၂ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

         တရုတ်နိုင်ငံသို့တင်ပို့မှုတွင် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ တင်ပို့မှုအနေဖြင့် တစ်လ လျှင် တန်ချိန် ရှစ်ထောင်မှ တစ်သောင်းကျော်အထိသာ တင်ပို့နိုင်ခဲ့သော်လည်း ဇန်နဝါရီလတစ်လတည်း တွင် တန်ချိန် သုံးသောင်းကျော်ထိ တင်ပို့နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံဘက်တွင် မြန်မာ့ ကြက်သွန်နီစျေးကွက် ကောင်းလျှက်ရှိကြောင်း သုံးသပ်ရပါသည်။

          မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေသော ကြက်သွန်နီဝယ်စျေးမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှုန်း၊ တစ်တန်လျှင် ၆၁၃၅၀၀  ကျပ်ဖြစ်ပြီး ပြန်လည်ရောင်းချစျေးမှာ တစ်ပိဿာလျှင် ၁၅၀၀ ကျပ် နှုန်းဖြင့် တစ်တန်လျှင် ၉၂၀၂၅၀ ကျပ် စျေးရရှိကြောင်း၊ ယခင်နှစ်တွင် တင်ပို့ခဲ့သည့် ကြက်သွန်နီ ဝယ်စျေးမှာ တစ်ပိဿာလျှင် ၇၀၀ ကျပ်နှုန်း တစ်တန်လျှင် ၄၂၈၄၀၀ စျေးရရှိခဲ့ပြီး ရောင်းစျေးမှာ တစ်ပိဿာ ၁၂၀၀ ကျပ်နှုန်း၊ တစ်တန်လျှင် ၇၃၄၄၀၀ ကျပ် စျေးရရှိခဲ့သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ် မူဆယ်မြို့တွင်းတွင် သိသာစွာ ကြက်သွန်နီ စျေးကောင်းနေကြောင်း သိရှိရပါသည်။

 

 

မူဆယ်(၁၀၅)ကုန်သွယ်ရေးဇုန်