Main menu

Background

COVID ကိုကျော်လွှားနိုင်ခဲ့တဲ့ မြန်မာ့ပို့ကုန်များ

Mon, 03/22/2021 - 12:52 -- journal_editor

         မူဆယ်နယ်စပ်ဒေသမှနေ၍ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနိုင်ရန် ၁၉၈၄ ခုနှစ် ဝန်းကျင်မှစ၍ စတင်ညှိနှိုင်းဆွေး နွေးခဲ့ကြရာမှ ၁၉၈၈ ဝန်းကျင်တွင် မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်၊ ကြူကုတ်၊ နမ့်ခမ်း၊ ကွမ်လုံ၊ လားရှိုးတို့တွင် နယ်စပ်ကုန်သွယ်ရေးရုံးများ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါတယ်။ ထိုစဉ်ကတည်းက အစပြုခဲ့တဲ့ ကုန်သွယ်မှုများဟာ တစ်စထက်တစ်စ တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ ကူးသန်းရောင်းဝယ်မှုမှအစပြုခဲ့ရာ ယခုအချိန်မှာ နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များ ကုန်သွယ်မှုဆောင်ရွက်နိုင်တဲ့ ကုန်သွယ်လမ်းကြောင်းကြီးအဖြစ် ရပ်တည်ခဲ့သလို နိုင်ငံတော်ရဲ့ အကြီးဆုံးနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု တံခါးပေါက်ကြီးလည်း ဖြစ်ခဲ့ပါပြီ။

          ယခင် ၁၉၉၀ ဝန်းကျင်တွင် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ဆောင်ရွက်နိုင် ရန် မြန်မာ့ပို့ကုန်များအဖြစ် ဒေသနဲ့ကိုက်ညီမှုရှိသည့် ပြောင်းသီးနှံများကို ထိုစဉ်က တပ်ရင်းတပ်ဖွဲ့များမှ စတင်စိုက်ပျိုးခဲ့ကြပြီး နောက်ပိုင်းတွင် အထွက်တိုးသည့်ပြောင်းများအား အိမ်နီးချင်းနိုင်ငံများမှ မျိုးရယူ၍ ဒေသနေပြည်သူများမှ စတင်စိုက်ပျိုးခဲ့ရာ စိုက်ပျိုးခဲ့ပြီးအထွက်နှုန်းကောင်းလာသည့်နှင့်အမျှ အကျိုးအမြတ်ရရှိခဲ့ကြ၍ လားရှိုးမြို့အခြေပြုကာ ကျန်စိုက်ပျိုးနိုင်သည့် မြေဧရိယာအားလုံးနီးပါး ပြောင်းသီးနှံကို စိုက်ပျိုးခဲ့ကြပြီး တရုတ်နိုင်ငံသို့လည်း ပြောင်းသီးနှံတန်ချိန်များစွာ တင်ပို့နိုင်ခဲ့ပါတယ်။

          ယခင် မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်များ အထူးသဖြင့် မီးဖိုချောင်သုံးကုန်စည်များ ကို ပြည်တွင်းစားသုံး ပိုလျှံမှသာ ပြည်ပသို့ တင်ပို့ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေး နိုင်ငံ့ဝင်ငွေတိုးတက်ရရှိရေး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိ စေရေးနှင့် မြန်မာ့ပို့ကုန်များ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေးတို့အတွက် စိုက်ပျိုး ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုဆိုင်ရာ Supply Chain (၁)ခုလုံးကို အားကောင်းစေရေး နိုင်ငံတော်ပိုင်း မှ ဆောင်ရွက်ပေးခဲ့သလို တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုများ နည်းစနစ်မှန်ကန်စေရေးနှင့် အထွက်တိုးနိုင်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များဘက်မှလည်း ပူးပေါင်းကူညီမှုတို့ကြောင့် မြန်မာ့ပို့ကုန်များ ပြည်ပနိုင်ငံများသို့ သိသာစွာပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ပါ တယ်။

          မြန်မာ-တရုတ်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများတွင် အဓိကကုန်သွယ်မှုပြုသည့် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ကျန်ခဲ့သော (၁၀)နှစ်တာ ကာလအတွင်းမှစ၍ မြန်မာ့ပို့ကုန်များကို နှစ်စဉ် (၂)ဘီလီယံနီးပါးခန့် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ (၄)ဘီလီယံနီးပါးခန့် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ကုန်စည်တင်ပို့မှုများတွင် မြန်မာနိုင်ငံရဲ့အဓိကအားထားရတဲ့ ဆန်၊ ဆန်ကွဲနှင့် ပဲမျိုးစုံ၊ နှမ်း၊ ပြောင်းတို့ အဓိကတင်ပို့ခဲ့ကြပါတယ်။ ယခင်နှစ်များတွင် မြန်မာ့ပို့ကုန်များအား တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်စွာ ဝယ်ယူခဲ့ပြီး ၂၀၁၇ နှစ်ဦးပိုင်းမှစ၍ မြန်မာ့ပို့ကုန်များအား တရုတ်နိုင်ငံ၏ General Administration of Quality Supervision, Inspection and Quarantine – AQSIQ ၊ ယခု General Administration of Customs People’s Republic of China - GACC ဌာနတို့မှ သီးနှံတစ်မျိုးချင်းစီ၏ အရည်အသွေးများနှင့် Sanitray and Phytosanitary – SPS ဆိုင်ရာကိစ္စရပ်များကို အသေးစိတ်စိစစ် ခဲ့ကြပြီး ၎င်းတို့နိုင်ငံ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် သတ်မှတ်အရည်အသွေးရှိမှသာ ဝယ်ယူ သည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့မှုများကြောင့် မြန်မာ့ပို့ကုန်အချို့ဈေးကွက်ပြောင်းလဲ တင်ပို့ခဲ့ခြင်း များရှိခဲ့ပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသို့ ၂၀၁၇ ခုနှစ်မတိုင်မီနှစ်စဉ် ပြောင်းတန်ချိန် (၃) သန်း ကျော် တင်ပို့နိုင်ခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ပြောင်း သီးနှံအနည်းငယ်သာ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဝန်းကျင်မှစ၍ ထိုင်းနိုင်ငံဘက်သို့ ဈေးကွက်ပြောင်းလဲသွားကြောင်း တွေ့ရှိရပါတယ်။

          နေ့စဉ်ကမ္ဘာနှင့်အဝှမ်း ပြောင်းလဲနေသည့် စားသုံးမှု၊ နေထိုင်မှု၊သွားလာမှုများဟာ အချိန်နှင့်အမျှ ပြောင်းလဲနေသလို တိုးတက်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော ရောဂါဖြစ်ပေါ်မှုတို့သည်လည်း အချိန်နှင့်အမျှ ဆန်းပြားသောရောဂါ များ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ခါနီးတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပေါ်လာသည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝှမ်း COVID-19 ရောဂါကြောင့် ထိခိုက်မှု များခံစားရပြီး ယနေ့အချိန်အထိ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိမှုမရှိကြောင်း တွေ့ရှိရပါတယ်။

          မြန်မာနိုင်ငံအနေဖြင့် COVID-19 ရောဂါဖြစ်ပွားခြင်းများကို ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေသလို တစ်ဖက်တွင်လည်း ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှုများ ရပ်တန့်မှုမရှိစေရေး ဆောင်ရွက်နေသကဲ့သို့ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်တန့်မှုမရှိစေရေးအတွက်လည်း နှစ်နိုင်ငံဒေသအဆင့် အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီး ဦးစီးဌာန၊ ဝန်ကြီးဌာနတို့မှလည်း သံတမာန်ရေးရာနည်းလမ်း များဖြင့် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ COVID-19 ကာကွယ်ထိန်းသိမ်းရေးစည်းကမ်းချက်များနှင့် အညီ ကုန်သွယ်မှုလုပ်ငန်းများကို ရပ်တန့်မှုမရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှု ကြောင့် COVID-19 ရောဂါဖြစ်ပေါ်နေသော ကာလဖြစ်သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန် တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ (၃)ဘီလီယံကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့သည့် ကုန်စည်များ မှာ ကျောက်စိမ်း၊ ပဲတီစိမ်း၊ နွား(အရှင်)၊ ဆန်၊ နှမ်းနက်၊ ငါးမျိုးစုံ၊ ရာဘာ၊ ဖရဲသီး၊ မြေပဲဆံတို့ ဖြစ်ပါတယ်။

          COVID-19 ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းမှစ၍ တရုတ် နိုင်ငံအတွင်းသို့ ကုန်စည်များတင်ပို့ရာတွင် မြန်မာ့ပို့ကုန်ယာဉ်များအနေဖြင့် မြန်မာယာဉ်မောင်းများဖြင့် တိုက်ရိုက်ဝင်ရောက်မှုကို တရုတ်နိုင်ငံဘက်မှ ရပ်နားခဲ့ပြီး တရုတ်နိုင်ငံအတွင်းသို့ တရုတ်ရှန်တိန်ယာဉ် မောင်းများဖြင့် မောင်းနှင်သည့်စနစ်ဖြင့် လက်ရှိကာလအထိ ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။ ဒီကိစ္စကို လည်း တစ်ဖက်ရွှေလီ၊ ဝမ်တိန်တို့ရှိ ပြည်ပရေးရာဌာနများနှင့် အကြိမ်ကြိမ်ညှိနှိုင်းပြီး မြန်မာ့ပို့ကုန်ယာဉ် မောင်းများကို (၅)ရက်အတွင်း COVID စစ်ဆေးထားသည့် ထောက်ခံချက်များဖြင့် ဝင်ရောက်ခွင့်ရရှိရေး ညှိနှိုင်းထားပေမယ့်လည်း ယနေ့အချိန်အထိ ညှိနှိုင်းဆဲဖြစ်ပါတယ်။ မြန်မာ့ပို့ကုန်ယာဉ်များ တရုတ်နိုင်ငံ သို့ ဝင်ရောက်ရာတွင်လည်း ပို့ကုန်ယာဉ် (၁)စီးချင်းအလိုက် ဆေးဖြန်းခြင်း၊ စစ်ဆေးခြင်း၊ ယာဉ်မောင်း ချိန်းခြင်း စသည်တို့ ဆောင်ရွက်ရတာကြောင့် မြန်မာ့ပို့ကုန်(၁)စီးဝင်ရောက်ရန်မှာ အနည်းဆုံးအချိန်(၁၀) မိနစ်ခန့်ကြာမြင့်ကြောင်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှုများ အားကောင်းလာခြင်းကြောင့် မြန်မာ့ပို့ကုန် ယာဉ်များနေ့စဉ်အစီး (၆၀၀)ခန့်ဝင်ရောက်နေပြီး တရုတ်နိုင်ငံဘက်သို့ နေ့စဉ်ဝင်ရောက်နိုင်မှုမှာ အစီး (၄၀၀)ခန့်သာရှိ၍ မန္တလေးမှ မူဆယ်သို့ လာရောက်မည့်ယာဉ်စီးရေနှင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက် နိုင်မှုယာဉ်စီးရေတို့မှာ ကိုက်ညီမှုမရှိ၍ မြန်မာနိုင်ငံဘက်၌ ယာဉ်တန်း အချို့တန်းစီမှုများဖြစ်ပေါ်နေခြင်း များလည်းတွေ့ရှိရပါတယ်။ ဒီကိစ္စအရပ်ရပ်ကိုလည်း ဒေသအုပ်ချုပ်ရေးအဖွဲ့အပါအဝင်ကုန်သွယ်မှုဆိုင်ရာ တာဝန်ရှိ သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဓိကကတော့ မြန်မာ့ပို့ကုန်ယာဉ်များ ကို ယခင်ကဲ့သို့တရုတ်နိုင်ငံအတွင်းသို့ တိုက်ရိုက်မောင်းနှင်ခွင့်ရမည်ဆိုပါက အားလုံးအဆင်ပြေသွားမှာ ဖြစ်ပါတယ်။

          COVID ကာလပြီးဆုံးခြင်းမရှိသေးသော်လည်း မြန်မာ့အဓိကပို့ကုန်များဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ နှမ်းမျိုးစုံ၊ ပဲမျိုးစုံ၊ ငရုတ်သီး(အစို)၊ နနွင်းတို့အပြင် ဖရဲ၊ သခွားတို့မှာ တရုတ်ဈေးကွက်သို့ အပြိုင်အဆိုင် တင်ပို့လျက်ရှိပြီး တစ်ဖက်နိုင်ငံမှလည်း COVID စည်းကမ်းချက်များနှင့်အညီ ဝယ်ယူလျက်ရှိပါတယ်။ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ အဓိကပို့ကုန်များဖြစ်တဲ့ နှမ်းအမျိုးမျိုး၊ ရာဘာစိမ်း၊ မြေပဲဆံ၊ ဆန်၊ ပဲတီစိမ်း၊ ဆန်ကွဲ၊ ဝါ၊ နှမ်း(အခွံချွတ်)၊ ဖရဲသီး၊ သခွားမွှေး၊ သကာရည် တို့တင်ပို့ထားရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး(၇၁.၉၇၃)ဒေါ်လာသန်း ရရှိပြီး ဖြစ်ပါတယ်။ ထို့ပြင်ယခု ကာလသည် အသီးအဓိက တင်ပို့သည့်ကာလဖြစ်သည့်အတွက်ကြောင့် အသီးပို့ကုန်ယာဉ်များ စဉ်ဆက်မပြတ် တရုတ် နိုင်ငံ အတွင်းသို့ဝင်ရောက်တင်ပို့နိုင်ရေးအတွက်ကိုလည်း တရုတ်နိုင်ငံရှိ ပြည်ပ ဆက်ဆံရေးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အချို့ရက်များတွင် အသီးပို့ကုန် ယာဉ်များအနေဖြင့် အစီး (၆၀၀)ခန့် ဝင်ရောက်နေသလို ဒေသထွက်ကြံများအနေဖြင့်လည်း နေ့စဉ်အစီး (၁၀၀)ဝန်းကျင် တင်ပို့ လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်းနှင့် နယ်စပ်ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် ဖရုံသီးများဟာလည်း တရုတ်ဈေးကွက်သို့ တင်ပို့နေပြီး ဈေးကောင်းများရရှိနေကြောင်းလည်း သိရှိရပါ တယ်။

          ထို့ကြောင့် COVID-19 ရောဂါပိုး မည်သို့ပင်ဖြစ်စေကာမူ မြန်မာ-တရုတ်နှစ်နိုင်ငံအနေဖြင့် COVID-19 စည်းကမ်းချက်များနှင့်အညီ ကုန်သွယ်မှုများဆောင်ရွက်နေခြင်းကြောင့် မြန်မာ့ပို့ကုန်များ ဟာလည်း COVID ကိုကျော်လွှား၍ စံချိန်မီတင်ပို့လျက်ရှိပါကြောင်းနှင့် မြန်မာ့လယ်ယာထွက်ကုန် သီးနှံများအား စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်ကြပါရန်နှင့် COVID ကိုကျော်လွှား၍ တရုတ်ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသော မြန်မာ့ပို့ကုန်များ တင်ပို့မှုအခြေအနေကို သိရှိနိုင်ရေး ရေးသား တင်ပြအပ်ပါတယ်။

 

 

          ဇွန်ဇွန်

         (ခေတ္တမူဆယ်)